စေတနာ နှင့်တူသော အဆ

**********************

ဒါနပြုသည် ဆိုသည်မှာ မိမိပိုင် ပစ္စည်းဥစ္စာ ငွေကြေး စသည်ဖြင့် တစ်ခုခုကို သူတစ်ပါးအား ပေးခြင်းဖြစ်သည်။ မိမိပစ္စည်းအား သူတစ်ပါးပိုင်ဆိုစေလိုသည့် မေတ္တာစေတနာ အရင်းခံရသည်။

ဒါနတစ်ခု ပြုရာတွင် မေတ္တာအရင်းခံမှသာ ဒါန၏စွမ်းအားကြီးမားပါသည်။ ဥပမာ နေပူထဲမှ ရောက်လာသော ဧည့်သည်က ရေတခွက်လောက် သောက်ပါရစေ ဟု ခွင့်တောင်းကာ ရေတောင်းလာပါက မိမိမအားလပ်သည့်အချိန်ဖြစ်နေပါက သို့မဟုတ် စိတ်မကြည်လင်ဖြစ်နေချိန်ဖြစ်နေပါက ထိုရေတခွက်ကို ပေးရန် အတွက် အစဖြစ်သော စေတနာသည် အားမကောင်းပဲ ၊ ဒေါမနဿအရင်းခံသော စေတနာဖြင့် ရေတခွက်ကို ပေးကောင်းပေးမည်။

သို့မဟုတ် ယူသောက်ရန် ညွှန်ပြလျှင်ပြမည်၊ သို့မဟုတ် ရေရှိရာနေရာကို မေ့ငေါ့ပြလျှင်ပြမည်။
ဤတွင် မိမိ ၌ ရေတခွက် ကုန်သွားတာချင်းအတူတူ မိမိထံသို့ ပြန်လာမည့် ထိုရေလှူခြင်း၏ အကျိုးများကား မတူတော့ချေ။ မိမိစေတနာ အလှည့်ပေါ်မူတည်၍ ကွဲပြားပေလိမ့်မည်။

ရေလာတောင်းသူအား ချွေးသံရဲရဲဖြင့် ရေဆာလာသည်ကို မြင်ရသဖြင့် သနားသွားပြီး ရေတစ်ခွက်အား သောက်ပါစေ... သူအမောပြေပါစေ...။ သူ အားရပါးရရေသောက်နေတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေပါက ထိုဒါနသည် အားကြီးသော အလှူဖြစ်မည်မှာသေချာသည်။

ဤကား ပေးလှူသူဘက်မှ ထားရှိသင့် စေတနာနှင့်ဆိုင်သော အကျိုးများဖြစ်သည်။ အလှူခံပုဂ္ဂိုလ်၏ သီလ သမာဓိ ပညာဂုဏ်ပေါ်မူတည်၍လည်း အကျိုးပေးများ ကွဲပြားသေးသည်။

အနိမ့်ဆုံး တိရစ ္ဆာန်ကို ပေးကမ်းလျှင်ပင် တန်ပြန် အဆ တစ်ရာ ရှိသည်။
သီလ မရှိ ဆိုးသွမ်းသော လူမိုက်များကို ပေးကမ်းလျှင် အဆ တစ်ထောင်
သီလ ဖြည့်ကျင့်နေသော သူများကို လှူဒါန်းလျှင် အဆ တစ်သောင်း
ကိလေသာကင်းအောင် ကျင့်နေသူများကို လှူဒါန်းလျှင် အဆ တစ်သိန်း

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဘုရားရှင်တို့ကို လှူဒါန်းလျှင်ကား အဆ များစွာ မရည်မတွက်နိုင်အောင်ပင် အကျိုးများလှပေသည်။

မည်သည့်အလှူခံ အမျိုးအစားမဆို မိမိက စေတနာထက်သန်စွာ လှူဒါန်းမှသာလျှင် အားကြီးသော ဒါနမြောက်မည်ဖြစ်သည်။ ယ္ခု ခေတ်တွင် လှူကား လှူကြပါသည်။ မေတ္တာစေတနာအား နည်းသောကြောင့် ထင်၏ များများလှူသလောက် အကျိုးပေး နည်းနည်းသာရကြသည်။

မလှူခင်ဖြစ်ပေါ်သော လှူချင်သည့် စိတ်စေတနာ၊ လှူနေတုံးဖြစ်ပေါ်သောပီတိ၊ လှူပြီးနောက် မိမိအလှူကို တွေးတွေးပြီး ခံစားနေသောကြည်နူးမှု တို့နှင့် ပြည့်စုံပါမှ စေတနာသုံးတန် ပြတ်သားသော အလှူမည်ပေ၏။

မလှူခင် လှူချင်သည့် စေတနာကို ပုဗ္ဗစေတနာ(ရှေးဦးစေတနာ)
လှူနေတုံး မိမိအလှူကို အားရကြေနပ်ဖြစ်နေသော ပီတိ ကို မုဥ္စစေတနာ(အလယ်စေတနာ)
လှူပြီးနောက် မိမိအလှူအား တွေးတွေးပြီးခံစားသောကြည်နူးမှု ကို ပရစေတနာ(အဆုံးစေတနာ)

အဲလို စေတနာသုံးခု တွင် မေတ္တာဓာတ်ပြည့်ဝပြီး ကြည်လင်အေးမြနေပါက ထိုအလှူ၏ အကျိုးပေးပါက အားကြီးပေလိမ့်မည်။

သို့တည်းမဟုတ် မလှူခင်ကလည်း မကောင်းတတ်၍သာ ပေးရသည်ဆိုပါက ရှေးဦးစေနာပျက်၏။
ပေးဆဲ ကမ်းဆဲမှာလည်း မိမိဟာကို နှမြော...
ပေးပြီးတော့လည်း အင်း ခုချိန်ဆို မျိုဆို့နေကြရော့မယ်...

ဆိုလျှင်တော့ အဆိုပါ ပေးကမ်းမှုသည် ဒါနမမြောက်ပေ။ အချီးနှီးကုန်သွားခြင်းဖြစ်သည်။ ပြန်မရတော့။
လျော့တာချင်းတူတူ စေတနာလေးသာ ထည့်လိုက်ပါက ဆန့်ကျင်ဘက်ရလာဒ် ဖြစ်ပေမည်။

ပေးတတ်ကြပါစေ...လို့...။

(အတ္တ blog
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ)