“ရွှံ့ညွှန့်တွေ ခြေထောက်မှာ ပေနေတဲ့ ဒီလူဟာ
ညအခါမှာ လှည့်လည်ပြီး နေ့အခါမှာ လဲလျောင်းနေတဲ့လူ
ဖြစ်လိမ့်မယ်။"

အဲဒီစကားလေးတစ်ခွန်းကို ပြောလိုက်သူက
ကဿပဘုရားရှင် လက်ထက်က သုမင်္ဂလသူဌေး
ဖြစ်ပါတယ်။ အပြောခံရသူက သူခိုး တစ်ယောက်
ဖြစ်ပါတယ်။ သုမင်္ဂလသူဌေးက ရွှေအုဌ်တွေနဲ့
မြေကြီးကို ခင်းကာ ဥသဘ (၂၀) ကျယ်ဝန်းတဲ့အရပ်မှာ
အဲဒီဥသဘာ(၂၀) အတိုင်း အတာ ရှိတဲ့ ဥစ္စာနဲ့ပဲ
ကျောင်းကို ဆောက်လုပ်ခိုင်းပါတယ်။
အဲဒီလောက် အတိုင်းအတာ ရှိတဲ့ ဥစ္စာနဲ့ပဲ
ကျောင်းပူဇော်ပွဲကို ပြုလုပ်ပါတယ်။ သူဌေးဟာ
တစ်နေ့မှာ နံနက်စောစောပဲ ဘုရားရှင်ထံ သွားပါတယ်။
မြို့တံခါးနားက ဇရပ်တစ်ခုမှာ ဖန်ရည်ဆိုးအဝတ်နဲ့
ဦးခေါင်းပါခြုံထားပြီး ရွှံ့ညွန်တွေ ပေနေတဲ့
ခြေထောက်တွေနဲ့ လဲလျောင်းနေတဲ့
သူခိုးတစ်ယောက်ကို မြင်သွားပါတယ်။
မြင်လို့အထက်ပါစကားလေး တစ်ခွန်းကို
ပြောလိုက်ပါတယ်။

သူခိုးက မျက်နှာကို ဖွင့်ပြီး သူဌေးကို ကြည့်လိုက်ပါတယ်။
“ရှိပါစေ၊ သင့်အပေါ် ပြုလုပ်ထိုက်တာကို
ငါ သိမယ်” လို့ တွေးကာ ရန်ငြိုးဖွဲ့ပြီး
(၇)ကြိမ်တိုင်တိုင် လယ်ကို မီးရှိူ့ပါတယ်။
(၇)ကြိမ်တိုင်တိုင် နွားခြံက နွားတွေရဲ့
ခြေထောက်တွေကို ဖြတ်တောက်ပါတယ်။
(၇)ကြိမ်တိုင်တိုင် အိမ်ကို မီးရှိူ့ပါတယ်။
သူခိုးဟာ အဲဒီလောက်နဲ့လည်း ဒေါသ ငြိမ်းသွားအောင်
မတတ်နိုင်လို့ အဲဒီသူဌေးရဲ့ အလုပ်အကျွေးငယ်နဲ့အတူ
မိတ်ဆွေဖွဲ့ကာ ဒီလို မေးပါတယ်။

“သင့်ရဲ့ သူဌေးက ဘာကို ချစ်မြတ်နိုးသလဲ။”

“ဂန္ဓကုဋိကျောင်းတော်ထက် ပိုချစ်တဲ့အခြားအရာ
သူ့မှာမရှိပါ။”

အဲဒီစကားကို ကြားရပြီး သူခိုးက ဒီလို တွေးပါတယ်။
“ရှိပါစေ၊ ဂန္ဓကုဋိကျောင်းတော်ကို မီးရှို့ပြီး
ဒေါသကို ငြိမ်းအောင် လုပ်မယ်။”

အဲဒီလိုတွေးကာ ဘုရားရှင် ဆွမ်းခံဝင်တဲ့အခါ
သောက်ရေအိုး၊ သုံးရေအိုးတွေကို ရိုက်ခွဲပါတယ်။
ဂန္ဓကုဋိကျောင်းတော်ကို မီးရှို့ပါတယ်။ သူဌေးက
“ဂန္ဓကုဋိကျောင်းတော်ကို မီးရှို့ခံရသတဲ့”
လို့ ကြားရပြီး လာတဲ့အခါ မီးလောင်နေတဲ့အခါ
လာကာ ဂန္ဓကုဋိကျောင်း မီးလောင်နေတာကို
ကြည့်ရှုပါတယ်။ သူဌေးမှာ သားမြီးဖျားလောက်တောင်မှ
စိတ်မကောင်း မဖြစ်ပါ။ ဘယ်ဘက်လက်မောင်းကို
ကွေးပြီး ညာဘက်လက်နဲ့ အကြီးအကျယ်
လက်ခမောင်းခတ်လိုက်ပါတယ်။
အနီးမှာ ရပ်တည်နေတဲ့ လူတွေက သူ့ကို ဒီလို
မေးကြလို့ ဒီလို ဖြေလိုက်ပါတယ်။

“အို အရှင်၊ ဒီလောက်ဥစ္စာကို စွန့်လွှတ်ပြီး
ဆောက်လုပ်ထားတဲ့ ဂန္ဓကုဋိကျောင်းတော်ကို
မီးလောင်တဲ့အခါ ဘာလို့ သင်က လက်ခမောင်း
ခတ်ရတာလဲ။”

“မိတ်ဆွေတို့၊ ငါဟာ ဒီလောက်ဥစ္စာကို မီးစသည်တွေနဲ့
မဆက်ဆံတဲ့ ဘုရားသာသနာမှာ မြှူပ်နှံခွင့်ကို
ရခဲ့ပါတယ်။ တစ်ဖန်လည်း အဲဒီလောက် ဥစ္စာကို
စွန့်လွှတ်ပြီး ဘုရားရှင်အတွက် ဂန္ဓကုဋိကျောင်းတော်ကို
ဆောက်လုပ်ခွင့်ရတော့မယ်လို့ တွေးကာ ဝမ်းသာ
ကျေနပ်ပြီး လက်ခမောင်း ခတ်တာဖြစ်ပါတယ်။”

အဲဒီသူဌေးက တစ်ဖန် အဲဒီလောက်ဥစ္စာကို
စွန့်လွှတ်ပြီး ဂန္ဓကုဋိ ကျောင်းတော်ကို ဆောက်လုပ်ကာ
ရဟန်း (၂) သောင်း အခြံအရံရှိတဲ့ ဘုရားရှင်အား
အလှူကို လှူခဲ့ပါတယ်။ အဲဒီအလှူကို ကြည့်ပြီး
သူခိုး က ဒီလို ကြံစည်ပါတယ်။
“ငါဟာ ဒီသူဌေးကို မသတ်ဘဲ၊မျက်နှာမသာမယာ
ဖြစ်အောင် မလုပ်နိုင်အံ့။ ရှိပါစေ။
ဒီသူဌေးကို ငါဟာ သတ်မယ်။”

အဲဒီလို ကြံစည်ပြီး ဓားမြောင်ကို အဝတ်ကြားမှာ
နှောင်ဖွဲ့ကာ (၇)ရက်ပတ်လုံး ကျောင်းမှာ
လှည့်လည်ပေမယ့် အခွင့် မရပါ။
သူဌေး ကြီးကလည်း (၇)ရက်ပတ်လုံး ဘုရားအမှူးရှိတဲ့
ရဟန်းအပေါင်းအား အလှူလှူကာ ဘုရားရှင်ကို
ရှိခိုးပြီး ဒီလို လျှောက်ပါတယ်။

“မြတ်စွာဘုရား၊ ယောကျာ်းတစ်ယောက်က
တပည့်တော်ရဲ့ လယ်ကို (၇)ကြိမ်မီးရှို့ခဲ့ပါတယ်။
နွားခြံက နွားတွေရဲ့ ခြေထောက်တွေကို (၇)ကြိမ်
ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကို (၇)ကြိမ် မီးရှို့ပါတယ်။
အခု ဂန္ဓကုဋိကျောင်းတော်ကိုလည်း အဲဒီယောက်ျားကပဲ
မီးရှို့တာဖြစ်ပါလိမ့်မယ်။ တပည့်တော်ဟာ
ဒီအလှူပွဲမှာ အဲဒီယောက်ျားအား ရှေးဦးစွာ
အမျှပေးဝေပါတယ်။”

အဲဒီစကားကို ကြားရပြီး သူခိုးဟာ ဒီလို ကြံပါတယ်။

“ငါဟာ ဝန်လေးတဲ့ အမှုကို ပြုမိလေစွ။
ဒီလို အပြစ်ကျူးလွန်နေတဲ့ ငါ့အပေါ် ဒီသူဌေးမှာ
အမျက်ဒေါသလေးတောင် မရှိ။ ဒီအလှူပွဲမှာလည်း
ငါ့အားသာ ရှေးဦးစွာ အမျှပေးဝေတယ်။
ငါဟာ သူ့အပေါ် ပြစ်မှားမိတယ်။ ဒီလိုယောက်ျားကို
ငါဟာမတောင်းပန်ရင် ငါ့ရဲ့ဦးထိပ်ပေါ်မှာ
နတ်ဒဏ်ဟာလည်း ကျနိုင်ပေတယ်။”

အဲဒီလို ကြံစည်ပြီး သွားကာ သူဌေးရဲ့ ခြေရင်းမှာ
ပျပ်ဝပ်ပြီး “အို အရှင်၊ အကျွနု်ပ်အား သည်းခံပါ”
လို့ ပြောပါတယ်။ သူဌေးက “ဒါက ဘာလဲ”
လို့ မေးတဲ့အခါ သူခိုးက “အို အရှင်၊
အကျွနု်ပ်ဟာ ဒီလို မသင့်တော်တဲ့အမှုကို
ပြုလုပ်မိပါတယ်။
အကျွနု်ပ်အား သည်းခံပါ”
လို့ ပြောပါတယ်။ သူဌေးက သူခိုးကို
“သင်ဟာ ငါ့အပေါ် ဒီအမှု၊ ဒီအမှုတွေကို
ပြုလုပ်ပါသလား”လို့ အလုံးစုံကို မေးပါတယ်။

ဟုတ်ပါတယ်။ အကျွနု်ပ် လုပ်ပါတယ်”
လို့ ဖြေပါတယ်။ “သင့်ကို ငါဟာ အရင်က မတွေ့ဖူးပါ။
ဘာကြောင့် ငါ့ကို စိတ်ဆိုးပြီး ဒီလို လုပ်ပါသလဲ”
လို့ မေးပါတယ်။ သူဟာ တစ်နေ့မှာ မြို့မှ
ထွက်လာတဲ့အခါ သူဌေးက သူ့ကို ပြောလိုက်တဲ့
စကားကို သတိဖော်ပေးလိုက်ပါတယ်။

“အဲဒီ အကြောင်းကြောင့် သင့်အပေါ် ဒေါသထွက်ပါတယ်”
လို့ ပြောပါတယ်။ သူဌေးက မိမိ ပြောခဲ့တဲ့ စကားကို
အမှတ်ရပြီး“မိတ်ဆွေ၊ ဟုတ်ပါတယ်။ ငါဟာ
ပြောမိပါတယ်။ ငါ့ကို သည်းခံပါ”လို့ ပြောကာ
သူခိုးကို တောင်းပန်ပါတယ်။
“မိတ်ဆွေ၊ ထပါ။ ငါ့ကို သည်းခံပါ။
မိတ်ဆွေ၊ သွားပါ”လို့ ပြောပါတယ်။

သူခိုးက ဒီလို ပြောပါတယ်။
“အို အရှင်၊ အကျွနု်ပ်ကို သည်းခံရင် သား၊ သမီး၊
ဇနီးကိုရော အကျွနု်ပ်ကိုပါ သင့်အိမ်မှာ ကျွန်လုပ်ပါ။”

“မိတ်ဆွေ၊ ငါက ဒီလောက်ပြောတဲ့အခါ ဒီလို
ဖြတ်တောက်မှုကို သင်ဟာ ပြုလုပ်ခဲ့ပါတယ်။
အိမ်မှာ နေတဲ့ သင်နဲ့အတူ ဘာစကားကိုမှ ပြောဖို့
မစွမ်းနိုင်ပါ။ သင်ဟာ ငါ့အိမ်မှာ နေဖို့ ကိစ္စမရှိပါ။
ငါ့ကို သည်းခံပါ။ သင် သွားပါ မိတ်ဆွေ။”

❖သူခိုးဟာ အဲဒီကံကို ပြုလုပ်ပြီး သေသွားတဲ့အခါ
“အဝီစိငရဲ” မှာ ဖြစ်ရပါတယ်။ ကာလကြာရှည်စွာ
ငရဲမှာ ကျက်ရပါတယ်။ အကျိုးကြွင်းအရ
ဂိဇ္ဈကုဋ်တောင်မှာ စပါးကြီးမြွေပြိတ္တာ ဖြစ်နေရပါတယ်။
(ဓမ္မပဒ၊ဋ္ဌ၊ဒု၊၃၉)

❖ဇရပ်မှာ သူဌေးရဲ့ အမှုမဲ့ ၊ အမှတ်မဲ့ ပြောမိတဲ့
စကားလေးတစ်ခွန်းကြောင့် ဆိုးကျိုးမျိုးစုံကို
သူဌေးမှာ တွေ့ကြုံလိုက်ရပါတယ်။
အသတ်မခံရလို့ တော်ပါသေးတယ်။

❖သူခိုးအား အမျှပေးဝေတဲ့ စကားလေးကြောင့်
သူဌေးမှာ အသက် အသတ် မခံရတော့တဲ့အပြင်၊
သူခိုးက သူဌေးအား ဝန်ချတောင်းပန်မှုတောင်
ပြုလုပ်ပါသေးတယ်။ ကျွန်ခံမယ့် အကြောင်းကိုတောင်
ပြောနေပါသေးတယ်။ အမျှပေးဝေတဲ့ စကားလေး
တစ်ခွန်းက သူဌေးရဲ့ အသက်ကို
ကယ်ဆယ်လိုက်ပါတယ်။

❖စကားလေး တစ်ခွန်းဟာ အသက်ကို သေစေနိုင်သလို၊
အသက်ကို ကယ်လည်း ကယ်နိုင်ပါပေတယ်။
စကားလေးတစ်ခွန်းပင် ဖြစ်ပါစေ သတိလွတ်ကာ
မပြောသင့်ကြောင်းကို ဒီအဖြစ်အပျက်က
သတိပေးနေပါတယ်။ ။
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】