ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ကုသိုလ်တရားတို့ကို
အလွန်ပင် နှစ်သက်ကြပေသည်။ အလွန်ပင်
ရလိုကြပေသည်။ အဘယ့်ကြောင့် ကုသိုလ်တရားတို့ကို
နှစ်သက်ကြ၊ ရလိုကြပါသလဲ aဆိုပါလျှင် ကုသိုလ်တရား
တို့သည် ပြုနေဆဲခဏ၌လည်း အပြစ်မရှိကြပေ။
အပြစ်ကင်းကြပေသည်။ ပြုပြီးသည့် နောက်ကာလ၌လည်း
ကုသိုလ်ရှင်ကို နိဗ္ဗာန်ချမ်းသာသို့ ရောက်သည်အထိ
ကောင်းကျိုးချမ်းသာ အမျိုးမျိုးတို့ကို လိုက်၍
ပေးကြပေသည်။ထို့ကြောင့် ကုသိုလ်တရားတို့ကို
အလွန်ပင် နှစ်သက်ကြခြင်း၊ အလွန်ပင် ရလိုကြခြင်း
ဖြစ်ကြရပေသည်။

ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အကုသိုလ်တရားတို့ကို
အလွန်ပင် ကြောက်လန့်ကြပေသည်။ အလွန်ပင်
ကင်းလိုကြပေသည်။ အဘယ့်ကြောင့် အလွန်ပင်
ကြောက်လန့်ကြ၊ အလွန်ပင် ကင်းလိုကြသလဲ ဆိုပါလျှင်
အကုသိုလ်တရားတို့သည် ပြုနေဆဲခဏ၌လည်း
အပြစ်တွေရှိနေကြပေသည်။ ပြုပြီးသည့် နောက်
ကာလ၌လည်း အကုသိုလ်ပြုထားသော သူကို
အပါယ်သံသရာ၊ အပါယ်ဆင်းရဲတို့၌ ကျရောက်စေပြီးလျှင်
ဒုက္ခအမျိုးမျိုးတို့ကို လိုက်၍ ပေးတတ်ကြပေသည်။
ထို့ကြောင့် အကုသိုလ်တရားတို့ကို အလွန်ပင်
ကြောက်လန့်ကြခြင်း၊ အလွန်ပင် ကင်းလိုကြခြင်း
ဖြစ်ကြရပေသည်။

ဤကဲ့သို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အကုသိုလ်
တရားတို့၏ အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးတို့ကို
ပေးတတ်ခြင်းနှင့် ကုသိုလ် တရားတို့၏ အပြစ်မရှိခြင်း၊
ကောင်းသောအကျိုးတို့ကို ပေးတတ်ခြင်း ဟူသော
အပြစ်နှင့် အကျိုးတို့ကို ယုံကြည်ခြင်း ရှေ့သွားရှိသော
အသိဉာဏ်များ ရှိကြသောကြောင့် ဒါနကုသိုလ်ကိုလည်း
တတ်နိုင်သမျှ ပြုလုပ်လျက် ရှိကြပေသည်။

ငါးပါးသီလမှစ၍ သီလကိုလည်း လုံခြုံအောင်
စောင့်ထိန်းလျက် ရှိကြပေသည်။
ဘုရားဂုဏ်တော် ပွားများခြင်း၊မေတ္တာတရားပွားများခြင်း
စသော သမထဘာဝနာကိုလည်း တတ်နိုင်သမျှ
ပွားများလျက် ရှိကြပေသည်။
သတိပဋ္ဌာန် ဝိပဿနာတရားကိုလည်း အချိန်ရသမျှ
ပွားများအားထုတ်လျက် ရှိကြပေသည်။

ထိုသို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့ ပြုလုပ်နေကြသည့်
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊
ဝိပဿနာကုသိုလ်ဟူသော ကုသိုလ် (၄)မျိုးတို့တွင်
သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ပွားများအပ်သော
ဝိပဿနာ ကုသိုလ်ကတော့ အများဆုံးကုသိုလ်
ရရှိနိုင်သည့် ကုသိုလ်မျိုးပင် ဖြစ်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရားက သတိပဋ္ဌာန်တရား
(၄)ပါး ပွားများကြသော ပုဂ္ဂိုလ်တို့သည် ကုသိုလ်
အစုအပုံကြီး ရရှိနေကြပေသည်ဟု
ဟောကြားတော်မူခဲ့ပါသည်။

❖သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရား
ပွားများအားထုတ်၍ ဝိပဿနာသမာဓိဉာဏ်
အခြေခံများနှင့် ပြည့်စုံလာကြသော ပုဂ္ဂိုလ်တို့သည်
ဘုရားတစ်ခါ ရှိခိုးလိုက်လျှင် ကုသိုလ် ငါးမျိုး
ရရှိနိုင်ကြပေသည်။

❖ဝိပဿနာသမာဓိဉာဏ်များ အခြေခံရှိကြသော ပုဂ္ဂိုလ်
တို့သည် ဘုရားကို ရိုသေစွာ ရှိခိုးဦးချတော့မည့်အခါ၌
အထူးသတိထား၍ မိမိ စိတ်ကို အာရုံပြုကြည့်လိုက်သည်
ရှိသော် ရှိခိုးချင်သည့်စိတ်များ ဖြစ်နေတာ
ထင်ရှားနေတတ်ပါသည်။ ယင်း ရှိခိုးချင်သည့်စိတ်ကို
“ရှိခိုးချင်တယ်၊ ရှိခိုးချင်တယ်” ဟု ရှုမှတ်ကြရပါသည်။

❖ထို့နောက် ရှိခိုးချင်သည့် စိတ်ကြောင့် ဖြစ်သည့်
လေများက တွန်းချပေး၍ ညွှတ်ကျသွားသော ရှိခိုးသည့်
ကိုယ်အမူအရာများ ဖြစ်ပေါ်လာမှ ရှိခိုးတယ်၊ ရှိခိုးတယ်
ဟု ရှုမှတ်ကြရပါသည်။ နဖူးနှင့် ကြမ်းပြင် ထိသွားသောအခါ
“ထိတယ်၊ ထိတယ်” ဟု ရှုမှတ်ကြရပေသည်။

❖ဘုရားကို အာရုံပြုပြီး၍ ပြန်ထူရတော့မည့် အခါမှာလည်း
အထူး သတိထား၍ မိမိစိတ်ကို အာရုံပြုကြည့်လိုက်သည်
ရှိသော် ထူချင်သည့် စိတ်များ ဖြစ်နေတာ ထင်ရှား
နေတတ်ကြပေသည်။ ယင်း ထူချင်သည့် စိတ်ကို
“ထူချင်တယ်၊ ထူချင်တယ်” ဟု ရှုမှတ်ကြရပါသည်။

❖ထူချင်သည့် စိတ်ကြောင့် ဖြစ်သည့် လေများက
တွန်းပို့ပေးနေ၍ ထူသည့် ကိုယ်အမူအရာများ
ဖြစ်ပေါ်လာမှ “ထူတယ်၊ ထူတယ်” ဟု
ရှုမှတ်ကြရပါသည်။

(၁)။ ဤကဲ့သို့ ဘုရားရှိခိုးရာတွင် ရှုမှတ်ကြရာ၌
ရှိခိုးချင်သည့် စိတ်နှင့် ပြန်ထူချင်သည့် စိတ်များကို
ရှုမှတ်ကြရခြင်းသည် စိတ်ကို ရှုမှတ်ကြရသောကြောင့်
“စိတ္တနုပဿနာ သတိပဋ္ဌာန်”ပွားများသောအားဖြင့်
ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။

(၂)။ ရှိခိုးဦးချသည့်အခါ ကိုယ်အမူအရာများနှင့် ရှိခိုး
ဦးချပြီး၍ ပြန်ထူသောအခါ ကိုယ်အမူအရာများကို
ရှုမှတ်ကြရခြင်းသည် ကိုယ်ကာယကို ရှုမှတ်ကြ
ရသောကြောင့် “ကာယာနုပဿနာသတိပဋ္ဌာန်”
ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို
ရရှိကြပေသည်။

ဘုရားရှိခိုးဦးချနေသည့်အခိုက်မှာ ဝမ်းမြောက် ၊
ဝမ်းသာဖြစ်၍ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာမှုများ
ဖြစ်လာခဲ့သော် ထိုကိုယ်ချမ်းသာ၊ စိတ်ချမ်းသာများကို
“ချမ်းသာတယ်၊ ချမ်းသာတယ်” ဟု ရှုမှတ်ကြရပေသည်။
နေထိုင်လို့မကောင်းသည့် အခိုက်ဖြစ်၍ ရှိခိုးဦးချ
လိုက်သောအခါ နာကျင်ကိုက်ခဲမှုများ ဖြစ်လာခဲ့သော်
“နာကျင်တယ်၊ ကိုက်ခဲတယ်” ဟု ရှုမှတ်ကြရပေသည်။

(၃)။ ဤကဲ့သို့ ဘုရားရှိခိုးရာတွင် ချမ်းသာမှုနှင့်
နာကျင်ကိုက်ခဲမှုများကို ရှုမှတ်ကြရခြင်းသည်
သုခဝေဒနာနှင့် ဒုက္ခဝေဒနာများကို ရှုမှတ်ကြ
ရသောကြောင့် “ဝေဒနာနုပဿနာသတိပဋ္ဌာန်”
ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို
ရရှိကြပေသည်။

မိမိတို့ ဘုရားရှိခိုးနေသည့် အခိုက်မှာပင် အခြား
တစ်ပါးသော ပုဂ္ဂိုလ်များက ကြည်ညိုဖွယ်ရာ
အသံများဖြင့် ရွတ်ဆိုကာ ရှိခိုးသည့်အသံများကို
ကြားရသောအခါ ထိုအသံများကို ကြားကာမျှ
မတ္တသဘောမှာ တည်အောင် စိတ်ကိုထား၍
“ကြားတယ်၊ ကြားတယ်”ဟု ရှုမှတ်ကြရပေသည်။

(၄)။ ဤကဲ့သို့ ဘုရားရှိခိုးသည့် အသံများကို ကြားကာမျှ
မတ္တသဘောမှာ တည်အောင် ရှုမှတ်ကြရခြင်းသည်
သဘောတရားကို ရှုမှတ်ကြရသောကြောင့်
“ဓမ္မာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့်
ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။

(၅)။မြတ်စွာဘုရား၏ ရုပ်ပွားတော်၊ စေတီတော်များကို
အာရုံပြု၍ ကြည်ညိုရခြင်း၊ ဘုရားဂုဏ်တော်များကို
နှလုံးသွင်း၍ ပွားများရခြင်းတို့ဖြင့် “ဗုဒ္ဓါနုဿတိဘာဝနာ”
ကုသိုလ်များကိုလည်း ရရှိကြပေသည်။

ဤကဲ့သို့ သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရား
ပွားများအားထုတ်၍ ဝိပဿနာသမာဓိဉာဏ်များ
အခြေခံရရှိထားကြသော ပုဂ္ဂိုလ်တို့သည် ဘုရားတစ်ခါ
ရှိခိုးလျှင် ကုသိုလ် (၅)-မျိုး ရရှိနိုင်ကြပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】