ဒကာ၊ ဒကာမတို့ ….
အလှူပေးတဲ့ဥစ္စာဟာ အလှူခံပုဂ္ဂိုလ်
လက်ထဲ ကိုယ့်ပစ္စည်းရောက်သွားတာပဲဆိုရင် လွဲတယ်။
ဘုရားရှင် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ်မှာ
နတ်တွေစုရုံးရောက်လာပြီး “အလှူပေးတယ်ဆိုတာ
တခြားလားအောက်မေ့တယ်ဘုရား။
တကယ်တော့ တပည့်တော်တို့ ရလိုက်တာပဲ”လို့
သူတို့ရဲ့ ကိုယ်တွေ့ကိုလျှောက်ထားကြတယ်။
ဒီတော့ အလှူပေးတဲ့ဥစ္စာ သူများရသွားတယ်ဆိုတာ
လွဲတယ်။ ကိုယ်ရလိုက်တာပဲလို့ မှတ်ရမယ်။
ဥပမာနဲ့ ရှင်းပြရဦးမယ်။ အိမ်တစ်အိမ်မီးလောင်
နေတာကို ရပ်ကြည့်နေလို့ရှိရင် အိမ်ပေါ်ကပစ္စည်းတွေဟာ
အိမ်နဲ့အတူလောင်ပြီး ပြောင်သွားမှာပဲ။ ရသလောက်
မီးထဲကဆွဲထုတ်ပြီး မီးလွတ်တဲ့နေရာကို သယ်သွားမယ်
ဆိုရင် ဒါရလိုက်တာပဲ။ မီးလောင်တာရပ်ကြည့်နေရင်တော့
မရတော့ဘူး။ သယ်ယူနိုင်သလောက် သယ်ယူလို့
ရှိရင် ထိုက်သလောက်ရလိုက်မှာပဲ။
ဒီမှာလဲ ထို့အတူပဲ မှတ်ရမယ်။ ခန္ဓာကြီးဟာ
“ဇာတိမီး၊ ဇရာမီး၊ မရဏမီး(အို၊ နာ၊ သေ)”တွေက
လောင်နေတယ်။ လောဘ၊ ဒေါသ၊ မောဟစတဲ့
၁၁-ပါးသော မီးတွေကလဲလောင်နေတယ်။
ဇရာမီးကလဲ နေ့တိုင်း အိုအောင်လောင်နေတယ်။
မရဏမီးကလဲ နေ့တိုင်း သေအောင်လောင်နေတယ်။
ရန်သူမျိုးငါးပါးဆိုတဲ့မီးတွေကလဲ ပစ္စည်းတွေကို
ယူမလို့ လောင်မလို့ ဝိုင်းလျက်ပဲ။ အဲဒီလို
ခန္ဓာကိုယ်ကြီးကလဲ မီးလောင်ခံနေရပြီး
ပစ္စည်းတွေကိုလည်း ရန်သူမျိုးငါးပါးက ယူသွား၊
ဆောင်သွား၊ လောင်သွားသလို ဖြစ်ပြီးနေတော့၊
ဒီထဲကနေပြီး ဒို့သားလေး ရှင်ပြုပြီး၊
ကထိန်ခင်းမယ်။ သံဃာ ၂၀၀-ကျော်ကိုလည်း
သင်္ကန်းတွေ၊ ထီးတွေ၊ ဖိနပ်တွေ၊ ခြင်ထောင်တွေ၊
မျက်နှာသုတ်ပုဝါတွေ လှူမယ်ဆိုတော့
ဒါမီးလောင်နေတဲ့အထဲက ကိုယ့်ဖို့ရအောင်
မီးမလောင်တဲ့နေရာကို ဆွဲထုတ်လိုက်တာပဲလို့
မှတ်ပါ။ ဒါနကို ပြုတယ်ဆိုတာ မီးမလောင်တဲ့
နေရာကို ပို့ထားတာဖြစ်တော့ ကိုယ်က
ဆွဲထုတ်လိုက်တဲ့အတွက် မီးမလောင်တဲ့ပစ္စည်းဟာ
ကိုယ့်ပစ္စည်းဖြစ်တယ်။ အခုဒီလိုလှူလိုက်တော့
ကိုယ်မီးထဲကဆွဲထုတ်လိုက်လို့ ကိုယ်ရလိုက်တာပဲ
လို့ မှတ်။
ရှေးကတော့ “မင်းအလှူပေးတာ ဘယ်လောက်
ကုန်သွားသလဲ”လို့ မေးတတ်ကြတယ်။ အဲဒါ လွဲတယ်။
နောင်ကို ခင်ဗျားတို့ ပညာမျက်စိတတ်ပြီး “မင်းအလှူ
လှူတာ ဘယ်လောက်ရလိုက် သလဲ”လို့ မေးပါ။
ပစ္စည်းဆိုတာ မီးလောင်ရင်ကုန်တာပဲ။
လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့လဲ စားသုံးပစ်
လိုက်လဲ ကုန်သွားမှာပဲ။ အဲဒီလိုကုန်သွားမှာ
သိနေတော့ မီးလောင်တဲ့အထဲက ဆွဲမထုတ်ဘူး
ဆိုရင် ကိုယ်ပိုင်ရလိုက်စရာမမြင်တော့ဘူး။
အခုလို လှူဒါန်းလိုက်တော့ “သဒ္ဓါ၊ သီလ၊ သုတ၊
စာဂ၊ ပညာ”ဆိုတဲ့ နိဗ္ဗာန်သွားမယ့် ရတနာတွေ
ရလိုက်တယ်။ အခုလို ဉာဏ်မျက်လုံးပွင့်လာလို့
လှူလိုက်လို့ ဒါတွေရတာ။ ဉာဏ်မျက်လုံးမပွင့်ခင်ကတော့
ပစ္စည်းဥစ္စာစုသာနေမယ် ဆိုရင် စုရင်းနဲ့ပဲ “လောဘမီး၊
ဒေါသမီး၊ မောဟမီး” စသည်တို့က လောင်ပစ်လိုက်ရင်း၊
ကုန်ရင်း၊ ရန်သူမျိုးငါးပါးမီးက လောင်ရင်း ကုန်ရင်း
ဖြစ်ခဲ့တယ်။ အခုလိုလှူလိုက်တော့ မီးထဲက
ဆွဲထုတ်ပြီး မီးလွတ်ရာယူသွားတော့
ဒါ ရလိုက်တာပဲ။
ကဲ .... မီးထဲကဆွဲထုတ်လို့ ရလိုက်တာတော့
ဟုတ်ပြီ။မီးထဲက ဆွဲထုတ်မှုကလည်း
❖“အသိဉာဏ် မပါဘဲနဲ့ အရမ်းဆွဲထုတ်မှု၊
❖ဉာဏ်မျက်လုံးအမြင်နဲ့ ကောင်းတာဆွဲထုတ်မှု”
လို့ နှစ်မျိုးရှိသေးတယ်။
ဘယ်လိုနှစ်မျိုးလဲဆိုရင်-
❖ (၁)။နိဗ္ဗာန်တည်းဟူသော ရတနာမြတ်ကြီးကို
လိုချင်လို့ဆွဲထုတ်တာက တစ်မျိုး၊
❖ (၂)။ လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ပြည်ရောက်ချင်လို့
ဆွဲထုတ်တာက တစ်မျိုး၊ ဒီလို နှစ်မျိုးရှိတယ်။
မီးထဲကဆွဲထုတ်ပေမယ့် ဆွဲထုတ်တတ်ဦးမှနော်။
မီးလောင်နေတုန်း “စဉ့်အိုးကြီးတွေ၊ ဒယ်အိုးကြီးတွေ၊
ထင်းတွေကိုတာ ဆွဲထုတ်နေရင် အလကားပဲ။”
ဒါတွေလောင်သွားလို့ ဘာမှ အရေးမကြီးဘူး။
အဖိုးတန်ပစ္စည်းတွေ ရတနာတွေကို ဆွဲထုတ်တတ်ဖို့
အရေးကြီးတယ်။ ဒါမှ ဆွဲထုတ်ရကြိုးနပ်မယ်။
ဒီတော့ ပညာမျက်စိနဲ့ကြည့်ပြီး နိဗ္ဗာန်ရောက်ကြောင်းနဲ့
တူတဲ့ အဖိုးတန်ရတနာပစ္စည်းတွေကို ဆွဲထုတ်မယ်
ဆိုရင် မှန်တယ်။
အဲဒါ ဉာဏ်မျက်လုံးနဲ့ ဆွဲထုတ်တာမျိုးပဲ။
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရောက်ကြောင်းတွေ
ဆွဲထုတ်မယ်ဆိုရင်တော့ ဆွဲထုတ်မိတဲ့နေရာမှာ
နောက်ထပ်မီးက ကူးပြီး လောင်အုံးမှာပဲ။
အဲဒါကျတော့ အသိဉာဏ်မပါတဲ့
အရမ်းဆွဲထုတ်တာမျိုးပဲ။
အဲဒီတော့ လှူတာက နိဗ္ဗာန်ရောက်ကြောင်း
ပစ္စည်းတွေကိုသာ ဆွဲထုတ်တာမျိုးဖြစ်ရမယ်။
နတ်ပြည်ရောက်ကြောင်း ပစ္စည်းတွေကို ဆွဲထုတ်တာမျိုး
မဖြစ်ရဘူး။ ဒီလိုဆွဲထုတ်တာမျိုးကတော့ မီးကူးပြီး
လောင်အုံးမှာပဲ။ ဒီမှာလဲ လောင်ရက်ပဲ။ ဟိုရောက်ရာ
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေမှာလဲ
ခန္ဓာနဲ့ပစ္စည်း လောင်မှာပဲ။
ဒါဖြင့် မီးကူးလောင်တာပေါ့။
ဒီနေရာကတော့ မီးထဲကဆွဲထုတ်ပါရဲ့။
ဟိုနေရာကျတော့ ဆက်ကူးပြီးလောင်တယ်။
အေး ဒါ့ကြောင့် မအိုမသေအမြဲနေတဲ့ နိဗ္ဗာန်
ရောက်ကြောင်း မဂ္ဂင်(ဉာဏ်)နဲ့သာ ဆွဲထုတ်လို့
ရှိရင် နောက်တစ်ဖန် မီးမလောင်တဲ့ မပျောက်ပျက်တဲ့
ပစ္စည်းကြီးရလိုက်တာပဲ။
“အကန်းဆွဲထုတ်တာနဲ့ အမြင်ရှိတဲ့လူဆွဲထုတ်တာ”
မီးလောင်တဲ့အထဲကဆွဲထုတ်ပေမယ့်
“အကန်းဆွဲထုတ်တာနဲ့ အမြင်ရှိတဲ့လူဆွဲထုတ်တာ”
အင်မတန်ခြားနားသွားတယ်။မီးထဲက
ဆွဲထုတ်ပေမယ့် ဆွဲထုတ်နည်းက မှန်အုံးမှနော်။
❖မီးကင်းရာဘက်နိဗ္ဗာန်ကျအောင် ၃၁-ဘုံ
အပြင်ဘက် ရောက်အောင် ဆွဲထုတ်မှ မှန်တာ။
❖၃၁-ဘုံ အတွင်းဆွဲထုတ်မိရင်တော့ ရောက်ရာဘုံမှာ
မီးလောင်ဦးမှာပဲ။ ၃၁-ဘုံဆိုတာ မီးဟုန်းဟုန်း
တောက်နေတာ။
သမာဒိဋ္ဌိမျက်လုံးနဲ့ မီးမလောင်ရာ နိဗ္ဗာန်အရောက်
ဆွဲထုတ်မှ မှန်တာ။ မီးတကယ်လွတ်တဲ့နေရာသို့
ဆွဲထုတ်မှုကျတော့ တကယ်ကိုသိမှသာ
အဖိုးတန်တယ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဇာတိဒုက္ခ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီတော့ ခင်ဗျားတို့ အမိဝမ်းခေါင်းထဲက
လာခဲ့ကြတယ်။ ယခုဘဝ လူတစ်ယောက်အစဟာ
အမိဝမ်းခေါင်းထဲမှာ “ကလလရေကြည်”
ကလေးက စခဲ့ရတယ်။ ဒီရေကြည်လေးဟာ
အပေါ်ကအစာသစ်တွေ၊ အောက်က အစာဟောင်း
တွေကြားမှာ တည်နေခဲ့တယ်။ ဒါကလေးဟာ
ပူလွန်း၊ အေးလွန်းတဲ့ အစာအာဟာရကို မိခင်က
စားသောက်မိရင် ပျက်လိုက်၊ မိခင်ကလှုပ်ရှားလိုက်ရင်
ပျက်လိုက်ဆိုတော့ လူတစ်ယောက်ဖြစ်ဖို့ရာ
မလွယ်ဘူးနော်။ နောက်တဖြည်းဖြည်း ကိုယ်သဏ္ဍာန်
ပေါ်လာတယ်။ အဲဒီ အမိဝမ်းခေါင်းထဲမှာ အမိ
ကျောဘက်ကို မျက်နှာမူပြီး၊ ဒူးနှစ်ဖက်ပေါ်တတောင်ဆစ်
နှစ်ခုထောက်ပြီး၊ ခေါင်းပေါ် လက်နှစ်ဖက်ယှက်ပြီး
နေခဲ့ရတယ်။ အမိရှေ့ကုန်းလိုက်ရင် လည်ပင်းချိုးသလို၊
အမိက နောက်ကော့လိုက်ရင် ကုပ်ချိုးလိုက်သလို
ခံရတယ်။နေရတာကလည်း အင်မတန်
ကျဉ်းမြောင်းတယ်။
အောက်ကလဲ အမေရဲ့ကျင်ကြီးအိမ်ပေါ်မှာထိုင်ရ၊
ပေါ်ကလည်း အမေစားတဲ့ ခွေးအန်ဖတ်နဲ့တူတဲ့
အစာသစ်အိမ်ကိုရွက်ထားရတယ်။
အသက်ရှုလို့လည်းမရဘူး၊ ကွေးလို့ဆန့်လို့လည်း
မရဘူး။ ၉-လခွဲ၊ ၁၀-လအတွင်း ထမင်း
ကျွေးမယ့်သူလည်းမရှိဘူး။ စောင်းပေးမယ့်သူ၊
လှည့်ပေးမယ့်သူလည်းမရှိဘူး။ အထီးကျန်
တစ်ကောင်ကြွက် တစ်မျက်နှာ ဒုက္ခိတမို့
ဘယ်ကမှ ကူမယ့်သူ မရှိဘူး။
အခုနေရတာက မျက်နှာကကျောဖက်လှည့်နေပြီး
ခေါင်းကအထက်ကနေတယ်။ နောက်မွေးခါနီးကျတော့
ကမ္မဇလေက အောက်ကနေပြီး တွန်းမှုတ်တင်
လိုက်တော့၊ အမိရဲ့မွေးဖွားရမယ့်နေရာသို့
ဂျွမ်းပြန်ပြီး ခေါင်းက အောက်ဖက်ရောက်သွားတယ်။
ဒီတော့ကလေးက “ငါတော့ အလွန်တရာနက်တဲ့
ချောက်ကြီးထဲ ဇောက်ထိုးဆင်းပြီး သေပွဲဝင်ရတော့မယ်”
လို့ ကြောက်လန့်ပြီး တက်သွားတာပဲ။ ဖွားတော့မယ်
ဆိုတော့စဉ်းစားကြည့်ပေါ့။ နှစ်လက်မလောက်ရှိတဲ့
ကြွက်တစ်ကောင်ဟာ နောက်ကရိုက်လိုက်လို့
ကြောက်တာနဲ့ တစ်လက်မရှိတဲ့အပေါက်ကလေးက
တိုးထွက်ရတော့၊ကိုယ်မှာ အမွှေးတွေ၊ အရေတွေ
မကျန်တော့ သွေးရဲရဲနဲ့အပြင်ထွက်သွားရတယ်။
ဒီလိုပဲကလေးဟာ ကျဉ်းမြောင်းလှတဲ့ မွေးဖွားရာ
ပေါက်ကနေပြီး တိုးထွက်ရတော့ ခုနက
ကြွက်ထွက်ရသလိုဖြစ်နေတယ်။
အပြင်ရောက်တော့လဲ ဝမ်းဆွဲဆရာမတွေက
ကိုင်လိုက်တွယ်လိုက် ရေနဲ့ပက်ချိုးလိုက်ဆိုတော့
တခါတည်း ငရဲရောက်သလို ခံစားရပြီး ငိုတော့တာပဲ။
ကဲ ပဋိသန္ဓေနေရတဲ့ ဒုက္ခ၊ မွေးဖွားရတဲ့ ဒုက္ခဟာ
ဘယ်လောက်ကြီးသလဲ၊ စဉ်းစားကြည့်။
တစ်ခါမွေးခါစကလေးဟာ သူတစ်ပါးပြုသမျှခံရတယ်။
ကျင်ကြီးကျင်ငယ်တွေ တလူးလူးနဲ့နေရတယ်။
ရေဆာရင် အမေက နို့ပေးလိုပေး၊ နို့ဆာရင်
အမေက ရေပေးလိုပေး၊ မပြောတတ်တော့
ငိုရုံသာ ငိုတတ်တယ်။ မသွားနိုင်တော့
ကိုယ်နေတဲ့နေရာမှာပဲ ကျင်ကြီးကျင်ငယ်စွန့်ရတယ်။
ခြင်ကိုက်လည်းခံရဆိုတော့ သူပေးလူပေးနဲ့
နေရတဲ့ ဒုက္ခိတလေးပေါ့။
အေး .... ဒါကြောင့် ဘုရားက “ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ”
လို့ ဟောတာ။ ဒီဒုက္ခတွေကို ခင်ဗျားတို့ မေ့နေပြီ။
ဉာဏ်နဲ့မကြည့်တော့လဲ မသိတော့ဘူး။
အခုဘုန်းကြီးပြောတဲ့ ဉာဏ်မျက်လုံးနဲ့
ကြည့်လိုက်တော့မှ “သြော် .... ငါတို့ ဒီလိုနေခဲ့ရပါလား”
ဆိုတဲ့ ဉာဏ်ကလေးပေါ်လာတာ။ ဒီဉာဏ်
သမ္မာဒိဋ္ဌိ(မဂ္ဂင်)နဲ့ ကြည့်လိုက်တော့မှ ဒီနေရာ
မနေချင်တော့ဘူးဆိုတာ လာတာ။
ဒီတော့ ဒီဇာတိဒုက္ခကြီးကို ရွံခြင်း၊ မုန်းခြင်း၊
ငြီးငွေ့ခြင်း မလိုချင်ခြင်းဖြစ်ပါ၍ ဒီ ဒုက္ခကြီးကို
နောင်ဘယ်တော့မှ မတွေ့ချင်ပါ၍၊ ဘယ်ခန္ဓာမှ
မဖြစ်ချင်တော့ပါ၍
အဇာတိ=ပဋိသန္ဓေ မနေရာ၊
ဇာတိဒုက္ခကြီး လွတ်ကျွတ်ရာနိဗ္ဗာန်ကို ရောက်ချင်ပါ၍
“ဤသင်္ကန်းစသည်တို့ကို သံဃာတော်အရှင်မြတ်များအား
လှူဒါန်းပါ၏”လို့ စိတ်ပြောင်းလိုက်ပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဇရာဒုက္ခ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မွေးခါစဒုက္ခိတဘဝပြီးတော့ ကလေးကြီးဖြစ်လာတယ်။
ကြီးတယ်ဆိုတာ အိုတာပဲ။ “ဇရာဒုက္ခ”ရောက်တာပဲ။
သရက်သီးဟာရင့်ရင့်ပြီး ကြီးလာတာဟာ မှည့်ပြီး
ကြွေမလို့ပဲ။ အဲ - အိုတယ်ဆိုတာလဲ သေမလို့
အိုတာပဲ။ ဇာတိဒုက္ခပြီး ဇရာဒုက္ခနဲ့နေရတော့
ချမ်းသာတာပါသေးရဲ့လား။မပါဘူး။
ဒီဇရာဒုက္ခကြီးကိုလည်း ရွံခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း
မလိုချင်ခြင်းဖြစ်ပါ၍၊
အဇရံ=မအိုရာဖြစ်သော နိဗ္ဗာန်ကိုသာ ရည်မှန်း၍
“ဤသင်္ကန်းစသည်ကို သံဃာတော် အရှင်မြတ်များအား
လှူဒါန်းပါ၏”လို့ စိတ်ပြောင်းလိုက်ပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဗျာဓိဒုက္ခ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကောင်းပြီ၊ ဒီခန္ဓာကြီးဟာ ဇရာကဘယ်သွားမယ်
ထင်သလဲ။ဒီခန္ဓာကြီးဟာ သူ့လမ်းစဉ်အတိုင်း
“ဗျာဓိ”(အနာရောဂါ)ဘက် သွားရမယ်။
ဗျာဓိဆိုတဲ့ ရောဂါတွေ ဖိစီးလာမှဖြင့် ဆရာဝန်တွေက
ဝိုင်းပြီးကုကြသော်လည်း ရောဂါမသက်သာ။
ကိုယ့်ကျင်ကြီး ကျင်ငယ်ကိုမှ ထပြီးမစွန့်နိုင်။
ကိုယ့်အဝတ်ကို ကိုယ်မဖုံးနိုင်တဲ့ “ဗျာဓိဒုက္ခ”
ကို ရောက်အုံးမှာပဲ။ ဒါဟာ ခန္ဓာကြီးရဲ့လမ်းစဉ်မို့
ဘယ်မရောက်ပဲနေပါမလဲ။ ခန္ဓာကြီးဟာ
ရောဂါတွေဖိစီးပြီး အိပ်ရာဖျာကပ် ဗျာဓိဒုက္ခနဲ့
တွေ့အုံးမှာပဲ။ ဒီတော့ အဲဒီ ဗျာဓိဒုက္ခကြီးကို
ရောက်ရမှာ ဧကန်သိသည်ဖြစ်သောကြောင့်
ဤဗျာဓိဒုက္ခကြိးကို နောင်တစ်ဖန်မရလိုတဲ့စိတ်
ပြင်းပြသည်ဖြစ်ပါ၍ အဗျာဓိဆိုတဲ့ မနာရာဖြစ်သော
နိဗ္ဗာန်ကို ရည်မှန်း၍ ဤအလှူပွဲကြီးကို ရေစက်ချပြီး
လှူဒါန်းပါ၏လို့ စိတ်ပြောင်းလိုက်ပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မရဏဒုက္ခ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နောက် ဒီကနေပြီး ဘယ်ဆက်သွားပြန်သလဲဆိုတော့
ခန္ဓာကြီးရဲ့လမ်းစဉ်အတိုင်း မဆုံးသေးပဲကိုး။
နာဘေးကြီးက သေဘေးကြီး မရဏဒုက္ခဆီကို
သွားရအုံးမယ်။ သေခါနီးဒုက္ခဆိုတာလည်းရှိသေးတယ်။
ဒီ ဒုက္ခကလဲ မသေးဘူးနော်။
အကုသိုလ်ကံတွေ လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေကျတော့
သေခါနီးမှာ နာလိုက်တာ၊ ကိုက်လိုက်တာ၊ အကြောတွေက
ဟိုဆွဲဒီဆွဲနဲ့ဆိုတော့ သေခါနီးဒုက္ခကလည်း
အင်မတန်ကြီးတယ်။ အဲဒီ မရဏဒုက္ခကြီးကလဲ
ခန္ဓာရှိလို့ပေါ်လာတာ။ အဲဒီလို မရဏဒုက္ခကြီးကလဲ
တွေ့လတ္တံဖြစ်သောကြောင့် ဒီမရဏဒုက္ခကြီးကို
နောင်မတွေ့ချင်ပါ၍ အမတံ အသေကင်းရာ
နိဗ္ဗာန်ကိုရည်မှန်းပြီး
“ဤသင်္ကန်းစသည်ကို လှူဒါန်းပါ၏”လို့
စိတ်ပြောင်းလိုက်ပါ။
ဒီလိုလှူတော့ ဒုက္ခသိပြီး မဂ်ဉာဏ်နဲ့လှူတဲ့အလှူ
ဖြစ်သွားတယ်။ ဒီလိုလှူရင် ဉာဏ်နဲ့ လှူတဲ့အလှူလို့မှတ်ပါ။
ဒုက္ခမှ လွတ်ချင်လို့ လှူတဲ့အလှူမို့ သဒ္ဓါက
နောက်လိုက်ဖြစ်ပြီး ဉာဏ်ကရှေ့ဆောင်တယ်လို့ မှတ်ပါ။
ဒီဉာဏ်ဟာ သာမညဉာဏ်မဟုတ်ဘူး။
ဒုက္ခသစ္စာကိုသိတဲ့ဉာဏ် ဖြစ်သောကြောင့် မဂ်ဉာဏ်နဲ့
လှူတဲ့အလှူမို့ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့နိဗ္ဗာန်မှတစ်ပါး
တခြားဘာမှ အကျိုးမပေးတော့ဘူး လို့
ယုံယုံကြည်ကြည်နဲ့မှတ်ပါ။
ဒီလိုမှ မဟုတ်ဘဲ ဒီနေရာရောက်ချင်ပါသေးတယ်
ဆိုရင် ဇာတိပြန်လှည့်တော့မယ်။ သေပြီးနောက်
ဇာတိပဋိသန္ဓေပြန်လှည့်မယ်ဆိုရင် ဝိုင်းသွားပြီ။
“ဇာတိ”က လာပြီးနောက် “ဇာတိ”
ပြန်ရောက်ပြန်တယ်။ “ဇာတိ”ပြန်ရောက်ပြန်တော့
ဒီလိုအပတ်ပေါင်း နောက်က ဘယ်လောက်
လည်ခဲ့သတုံးဆိုတော့ မရေတွက်နိုင်ဘူး။
အဲဒီတော့ ဒီလိုသံသရာမလည်ချင်တဲ့ ဉာဏ်သည်
သံသရာဖြတ်ချင်တဲ့ဉာဏ်ပဲ။ အဲဒီ ခန္ဓာ သံသရာကြီး
ဖြတ်ချင်တဲ့ဉာဏ်နဲ့ သံသရာဖြတ်ချင်တဲ့ဆန္ဒ
ပြင်းပြသည်ဖြစ်ပါ၍ ဤသင်္ကန်းစသည်ကို
လှူဒါန်းပါ၏ လို့ စိတ်ပြောင်းလိုက်ပါ။
အဲ “ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ”စတဲ့ ဒုက္ခခပ်သိမ်းတို့၏
ငြိမ်းရာအမှန် နိဗ္ဗာန်တခုတည်းကိုသာ ရည်မှန်းပြီး
လှူကြပါစို့။လှူဒါန်းနိုင်ကြ၍ လှူတတ်ကြပါစေ။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]