ဘုရားရှင်ဟာ သာဝတ္ထိမြို့၊ဇေတဝန်ကျောင်းမှာ
သီတင်းသုံးတော်မူပါတယ်။ အဲဒီအခါ နာလက
ရွာငယ်က အရှင်ရေဝတရဲ့ အလုပ်အကျွး
သူကြွယ်မှာ သမီး ၂ ယောက် ရှိပါတယ်။
တစ်ယောက်က “ဘဒ္ဒါ”။ နောက်တစ်ယောက်က
“သုဘဒ္ဒါ” ။နှစ်ယောက်ထဲက ဘဒ္ဒါက
လင့်အိမ်ရောက်သွားတယ်။ သဒ္ဓါရှိတယ်။
ကြည်ညိုတယ်။ပညာရှိတယ်။အမြုံမ ဖြစ်တယ်။
ဘဒ္ဒါက လင်ကို ပြောပါတယ်။
“ငါ့ညီမ သုဘဒ္ဒါ ဆိုတာ ရှိပါတယ်။
သူ့ကို ခေါ်ဆောင်ပါ။ သုဘဒ္ဒါ မှာ သားရှိလာရင်
အဲဒီသားက ငါ့ရဲ့သားလည်း ဟုတ်ပါတယ်။
ဒီအမျိုးအနွယ်လည်း မပျက်စီးဘဲ ရှိပါမယ်။
လင်က “ကောင်းပြီ”လို့ ဝန်ခံပြီး အဲဒီအတိုင်း
လုပ်ပါတယ်။ အဲဒီ အခါ ဘဒ္ဒါက သုဘဒ္ဒါကို
ဒီလို ဆုံးမပါတယ်။
“သုဘဒ္ဒါ၊ သင်ဟာ လှူဒါန်း၊ ပေးကမ်းမှုမှာ
မွေ့လျော်ပါ။ တရား အကျင့်မှာ မမေ့မလျော့ရှိပါ။
အဲဒီလိုဆိုရင် ပစ္စုပ္ပန်၊ တမလွန်-အကျိုးတွေက
သင့်လက်ထဲ ရောက်ကိုရောက်လာပါလိမ့်မယ်။”
သုဘဒ္ဒါဟာ ဘဒ္ဒါရဲ့ ဩဝါဒမှာ ရပ်တည်ပြီး
ပြောတဲ့နည်းအတိုင်း ကျင့်တဲ့အခါ တစ်နေ့မှာ
အရှင်ရေဝတ အပါအဝင် သံဃာ ၈ပါးကို ပင့်ဖိတ်တယ်။
အရှင်ရေဝတက သုဘဒ္ဒါရဲ့ ကောင်းမှုတိုးပွားတာကို
လိုလား လို့ သံဃာက ရည်ညွှန်းချပေးတဲ့နည်းနဲ့
ရဟန်း ၇ ပါးကို ခေါ်ကာ သုဘဒ္ဒါရဲ့အိမ်ကို သွားတယ်။
သုဘဒ္ဒါက ကြည်ညိုစိတ်ဖြစ်ပြီး အရှင်ရေဝတကိုရော၊
အဲဒီရဟန်းတွေကိုပါ မွန်မြတ်တဲ့ခဲဖွယ်၊ စားဖွယ်နဲ့
ကိုယ်တိုင်ကိုယ်ကျ တင်းတိမ်ရောင့်ရဲစေပါတယ်။
မထေရ်က အနုမောဒနာ ပြုပြီး ဖဲသွားပါတယ်။
သုဘဒ္ဒါက နောင်အခါ သေပြီး၊နိမ္မာနရတိနတ်ပြည်
ရောက်သွားတယ်။ ဘဒ္ဒါကတော့ပုဂ္ဂိုလ်တွေအား
အလှူတွေလှူပြီး သိကြားမင်းရဲ့မယား ဖြစ်သွားတယ်။
အဲဒီအခါ သုဘဒ္ဒါက သူ့စည်းစိမ်ကို ဆင်ခြင်ပြီး
“ငါဟာ ဘယ် ကောင်းမှုကြောင့် ဒီမှာ ဖြစ်ရတာလဲ”
လို့ ဆင်ခြင်တဲ့အခါ “ဘဒ္ဒါရဲ့ဩဝါဒမှာ ရပ်တည်ပြီး၊
သံဃာထုတစ်ရပ်လုံးအား လှူခဲ့လို့ ဒီစည်းစိမ်ကို
ရတယ်။ ဘဒ္ဒါကတော့ ဘယ်မှာဖြစ်နေသလဲ”
လို့ ကြည့်တဲ့အခါ သိကြားမင်းရဲ့
အလုပ်အကျွေးမယား ဖြစ်နေတာကို မြင်ပြီး၊
သနားလို့ ဘဒ္ဒါရဲ့ဗိမာန်ထဲဝင်သွားပါတယ်။
ဘဒ္ဒါက ကြီးကျယ်တဲ့စည်းစိမ် အခြွေအရံရှိပြီး၊
တာဝတိံသာနတ်အားလုံးထက် အဆင်းအားဖြင့်
သာလွန်တင့်တယ်တဲ့ ဒီလိုနတ်သမီးကို တစ်ခါမှ
မမြင်ဖူးလို့ “ဘယ်ဘုံဘဝက လာခဲ့ပါသလဲ။
နာမည်ဘယ်လိုခေါ်ပါသလဲ”လို့ မေးပါတယ်။
သုဘဒ္ဒါ က အတိတ်ဘဝက ကုသိုလ်ကံ
အကြောင်းကို ပြောပြပါတယ်။
သံယိက အလှူရဲ့ အကျိုးကြီမားလှပုံကို ဘဒ္ဒါဟာ
နားလည်သဘောပေါက်သွား ပါတော့တယ်။
(ဝိမာန၊ ဋ္ဌ ၊ ၁၃၅)
ပုဂ္ဂလိကဒါနရှင် ဘဒ္ဒါက တာဝတိံသာနတ်ပြည်၊
သံယိကဒါနရှင် သုဘဒ္ဒါက နိမ္မာနရတိနတ်ပြည်
ရောက်တယ်ဆိုတော့ တာဝတိံသာနတ်ပြည်ထက်
အဆင့်မြင့်တဲ့ ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်တွေကို
ကျော်ဖြတ်ကာ ယာမာနဲ့ တုသိတာအထက်က
နိမ္မာနရတိနတ်ပြည်ကို ရောက်သွားပါတယ်။
အဆင့်အတန်းအားဖြင့် အတော့်ကို ကွာခြားလှပါတယ်။
အလှူခံပုဂ္ဂိုလ်ကလည်း အကျိုးပေးကြီးမားဖို့ရာ
အရေးကြီးလှပါတယ်။ ဒါကြောင့် ဘုရားရှင်က
သံဃာအား လှူဖို့အကြောင်း၊ သံဃာအား လှူရင်
အကျိုးကြီးမားကြောင်းကို မိထွေးတော် ဂေါတမီအား
မိန့်ကြားတော်မူခဲ့ပါတယ်။
သံယိကဒါနဖြစ်အောင် လှူဒါန်းရာမှာ စိတ်ကလည်း
သံဃာသို့ ညွှတ်နိုင်မှသာ သံဃိကဒါနအစစ်
ဖြစ်နိုင်ပါတယ်။ နှုတ်က “သံဃဿ ဒေမိ-သံဃာအား
လှူပါ၏” လို့ ဆိုနေပေမယ့် ၊ စိတ်က ကိုယ်ကြည်ညို
နေတဲ့ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေတဲ့
ဘုန်းကြီးကိုသာ လှူလိုရင် သံယိကဒါနအစစ်
မဖြစ်နိုင်ပါ။ တကယ့်ကို ပုဂ္ဂိုလ်မခွဲခြားဘဲ
သံဃာအားလုံးကို ရည်စူးနိုင်ရင်တော့
နေ့စဉ်ဆွမ်းလောင်းရာမှာရော၊ သံဃာက ညွှန်ပြလို့
ရတဲ့ ပုဂ္ဂိုလ်တစ်ပါးအား ဆွမ်းကျွေးရာမှာပါ
သံဃိကဒါနအစစ် ဖြစ်နိုင်ပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm