တစ်ခါတုန်းက ပ ဉ္စသိခနတ်သားဟာ ဂန္ဓဗ္ဗနတ်မင်းကြီးရဲ့
သမီး သူရိယဝစ္ဆသာ ဆိုတဲ့ နတ်သမီးလေးကို
တစ်ဖက်သတ် ချစ်နေခဲ့ပါတယ်။ဒါပေမယ့် သူရိယဝစ္ဆသာ
နတ်သမီးလေးက ပ ဉ္စသိခနတ်သားကို လုံးဝပြန်မချစ်ပါဘူး။
နတ်သမီးလေးချစ်နေတဲ့ နတ်သားက ရထားထိန်း
မာတလိရဲ့သား သိခဏ္ဍိနတ်သားလေးကိုပါ။
ပ ဉ္စသိခနတ်သားက အနုပညာသမားဆိုတော့ သူခံစား
နေရတာတွေကို ဒီအတိုင်းမထားပါဘူး။ ခံစားမှုတွေကိုပဲ
အရင်းတည်ပြီး သီချင်း (၁၄)ပုဒ်တိတိ
ရေးပစ်လိုက်ပါတယ်။
သီချင်းရေးပြီးတဲ့အခါ ကျတော့ ပ ဉ္စသိခနတ်သားက
သူ့ရဲ့လက်စွဲတော် ဗေဠုဝပဏ္ဍုဆိုတဲ့ နတ်စောင်းကြီးကို
ယူပြီး သူရိယဝစ္ဆသာနတ်သမီးလေးနေတဲ့ ဗိမာန်နားကို
ထွက်ခဲ့ပါတယ်။ ဗိမာန်နားရောက်တော့ နတ်သမီးလေး
ကြားလောက်မယ့်နေရာကို ရွေးချယ်ပြီး သူရေးခဲ့တဲ့
သီချင်း(၁၄)ပုဒ်တိတိကို ဆိုတော့တာပါပဲ။
ပ ဉ္စသိခနတ်သားဆိုခဲ့တဲ့ သီချင်း(၁၄)ပုဒ်ထဲက
နှစ်ပုဒ်လောက်ကို မြည်းကြည့်ပါဦး။
❖ “ချစ်နှမ သူရိယဝစ္ဆသာ....ချွေးထွက်နေသူတို့သည်
လေနုအေးကို နှစ်သက်သကဲ့သို့ ၊ ရေငတ်နေသူတို့သည်
ရေအေးကို နှစ်သက်သကဲ့သို့ ၊ ရဟန္တာအရှင်မြတ်တို့သည်
လောကုတ္တရာတရားကို နှစ်သက်သကဲ့သို့ ငါကလည်း
သင်နတ်သမီးကို နှစ်သက်လျက်ရှိပါတယ်။”
❖ “ချစ်နှမ .... သူရိယဝစ္ဆသာ မြတ်စွာဘုရားသည့်
သဗ္ဗညုတဉာဏ်သို့ ရောက်၍ ဝမ်းမြောက်ရသကဲ့သို့
ငါကလည်း သင်ချစ်နှမကို ရပါက ဝမ်းသာရပါလိမ့်မယ်။”
ပ ဉ္စသိခနတ်သားက သူ့ခံစားချက်တွေကို သီးသန့်မရေးဘဲ၊
ဘုရား ရဟန္တာတွေကိုပါ တိုင်တည်ပြီး ရေးသွားတာပါ။
ပ ဉ္စသိခနတ်သား သူရိယဝစ္ဆသာနတ်သမီး ဗိမာန်နားကို
သီချင်းသွားဆိုတဲ့ အချိန်ဟာ မြတ်စွာဘုရား
သဗ္ဗညုတဉာဏ်တော်ကိုရပြီး ဘုရားဖြစ်ခါစ ကာလလည်း
ဖြစ်ပါတယ်။
ဒီလိုနဲ့ ကာလတစ်ခု ကြာလာတဲ့အခါမှာတော့
သိကြားမင်းမှာ အကြီးအကျယ် စိတ်ဆင်းရဲစရာ
ကိစ္စကြီးတစ်ခုနဲ့ ကြုံလာရပါတယ်။ ကြုံလာတဲ့ကိစ္စကြီး
ကတော့ (၇)ရက်ကြာရင်နတ်သက်ကြွေပြီး
သေရတော့မှာပါ။
စိတ်ဆင်းရဲစရာကြီးနဲ့ ကြုံတွေ့နေရတဲ့ သိကြားမင်း
ပထမဆုံးသတိရလိုက်တာက မြတ်စွာဘုရားပါ။
ဒါပေမယ့် သူတစ်ယောက်ထဲ မြတ်စွာဘုရားဆီ
မသွားရဲပါဘူး။ ဒါကြောင့် ပ ဉ္စသိခနတ်သားကို
အဖေါ်အဖြစ် ခေါ်ရပါတယ်။
ပ ဉ္စသိခနတ်သားကလည်း လက်ချည်းသက်သက်
လိုက်မလာပါဘူး။ သူ့ရဲ့ လက်စွဲတော် ဗေဠုဝပဏ္ဍု
ဆိုတဲ့ နတ်စောင်းကြီးကိုပါ တစ်ပါတည်း ယူခဲ့ပြန်ပါတယ်။
မြတ်စွာဘုရား သီတင်းသုံးတဲ့နေရာ ရောက်တော့လည်း
သိကြားမင်းက အရင်မဝင်ရဲပြန်ပါဘူး။ ဒါကြောင့်
ပ ဉ္စသိခနတ်သားကိုပဲ အရင်ဝင်ခိုင်းရပြန်ပါတယ်။
ပ ဉ္စသိခနတ်သားကလည်း မြတ်စွာဘုရားဆီ ချက်ချင်း
တန်းမဝင်သေးဘဲ မြတ်စွာဘုရားနဲ့ မလှမ်းမကမ်းမှာ
ထိုင်ပြီး သူဆိုနေကျသီချင်း (၁၄)ပုဒ်ကို ပါလာတဲ့
နတ်စောင်းကြီး တီးခတ်ပြီး ဆိုတော့တာပါပဲ။
သီချင်းဆုံးသွားတော့ မြတ်စွာဘုရားကပဲ ပ ဉ္စသိခ
နတ်သားကိုစနှုတ်ဆက်ပါတယ်။ပြီးတော့ မြတ်စွာဘုရားက
“ပ ဉ္စသိခနတ်သား ... သင့်ရဲ့ စောင်းသံဟာ သီချင်းသံနဲ့
ကိုက်ညီသလို သီချင်းသံကလည်း စောင်းသံနဲ့
ကိုက်ညီလှပါတယ်။သင် ဒီသီချင်းတွေကို ဘယ်တုန်းက
ရေးထားတာလဲ”လို့ ချီးကျူးရင်း မေးလိုက်ပါတယ်။
ပ ဉ္စသိခနတ်သားကလည်း သူ့ခံစားချက်တွေကို
ရင်ဖွင့်ချင်နေတာနဲ့ အတော်ဖြစ်သွားပြီး မြတ်စွာဘုရားကို
အစအဆုံး ရင်ဖွင့်ပြတော့တာပါပဲ။ရင်ဖွင့်ရင်းနဲ့ နောက်မှာ
ပါလာတဲ့ သိကြားမင်းကိုတောင် သတိမရတော့ပါဘူး။
ဒီတော့ သိကြားမင်းက “ဟေ့ကောင် ငါ့ကိစ္စကိုလည်း
လျှောက်ဦးကွ” လို့ လှမ်းသတိပေးရပါတော့တယ်။
ပ ဉ္စသိခနတ်သားလည်း သိကြားမင်း သတိပေးလိုက်မှ
မြတ်စွာဘုရားကို လာရင်းကိစ္စလျှောက်ပြဖြစ်ပါတယ်။
နောက်ဆုံးတော့ မြတ်စွာဘုရားက သိကြားမင်းကို
တရားဟော ပေးလိုက်တာ တရားနာနေဆဲမှာပဲ
သိကြားအသစ် ပြန်ဖြစ်ပြီး သောတာပန်တည်သွားပါတယ်။
ဒီတော့ သိကြားမင်းက ပ ဉ္စသိခကို မေးခွန်းတစ်ခု
မေးလိုက်ပါတယ်။
“ပ ဉ္စသိခရေ...သင့်ရဲ့ ကျေးဇူးများလှတယ်။ဘာလိုချင်လဲ”
ပ ဉ္စသိခနတ်သားက ပြုံးစိစိနဲ့ ပြန်ဖြေပါတယ်။
“အရှင်သိကြားမင်းကလည်း သိသားနဲ့။”
နောက်ဆုံးတော့ သိကြားမင်းက ကျေးဇူးကို အာရုံပြုပြီး
သိကြားမင်းအာဏာနဲ့ပဲ ပ ဉ္စသိခနတ်သားကို
သူရိယဝစ္ဆသာနတ်သမီးလေးနဲ့ ပေးစားလိုက်ပါတော့သတဲ့။
(သုတ်မဟာဝါပါဠိတော်၊ သက္ကပဥ္စသုတ်)
သူတို့နတ်ပြည်မှာလည်း အဲဒီလို အချစ်
ဇာတ်လမ်းလေးတွေက ရှိနေတာပါပဲ။ သိကြားမင်းရဲ့
ကျေးဇူးဆပ်နည်းကို တခြားသူတွေက သဘော
မကျချင်နေမယ် ။ ပ ဉ္စသိခနတ်သားကတော့
သဘောကျလို့ ဆုံးမှာ မဟုတ်ပါဘူး။
ပြီးတော့ တန်ပြန်အနေနဲ့ ကျေးဇူးလည်း ပြန်တင်
ဖြစ်နေဦး မှာပါ။
❖❖❖ ❖❖❖ ❖❖❖ ❖❖❖
တစ်ခါတလေတော့လည်း ဘာရယ်တော့ မဟုတ်ပါဘူး။
အိပ်ရာပေါ်လှဲရင်း ကိုယ့်ဘဝကိုယ် ပြန်စဉ်စားနေမိပါတယ်။
လောကီသဘောအရ အချမ်းသာကြီး၊အပြည့်စုံကြီး
မဟုတ်တောင် သူ့အတိုင်းအတာလေးနဲ့သူတော့
တည်တည်ငြိမ်လေး ဖြစ်နေတာလေးကို တွေးမိပါတယ်။
ပြီးတော့ ဒီအခြေ အနေလေးရအောင် ဝန်းကျင်မျိုးစုံက
အနေအထားမျိုးစုံနဲ့ ကျေးဇူးပြုခဲ့လို့ပဲ လို့လည်း
ဆက်တွေးဖြစ်ပါတယ်။ တွေးရင်းနဲ့ ကိုယ့်ဝန်းကျင်က
ကိုယ့်ကို ကျေးဇူးပြုခဲ့ပုံ ပုံရိပ်လေးတွေကို မြင်လို့
ရသလောက် မြင်ကြည့်မိပါတယ်။
ကြည့်မိသလောက်လေးတော့ ပုံရိပ်ကလေးတွေ
ရိပ်ရိပ်ရိပ်ရိပ်နဲ့ ပေါ်လာတတ်ပါတယ်။ပုံရိပ်အဖြစ် ပုံဖေါ်လို့
မရတာလေးတွေ၊ ကိုယ်သိခွင့် ၊ မြင်ခွင့် မသာလိုက်ရတဲ့
ကျေးဇူးပြုမှုလေးတွေလည်း ရှိနေဦးမှာပါ။
❖အဲဒီအချိန်မှာ အကောင်းဆုံးကတော့ ပေါ်လာတဲ့
ပုံရိပ်ကလေးတွေကို မေတ္တာပို့ပေးလိုက်တာထက်
ကောင်းတာ ဘာမှမရှိပါဘူး။ ဒါမှလည်း ကြွေးကျေမှာပါ။
မေတ္တာပို့ဖြစ်နေချိန်မှာ ဖြစ်နေတဲ့ တဒင်္ဂငြိမ်းအေးမှု
လေးကလည်း တန်ပြန်သက်ရောက်မှုလေးတစ်ခုပါ။
ကိုယ့်ကိုယ်ကိုလည်း အဓိပ္ပါယ် ရှိနေသလိုလို
ခံစားနေရတတ်ပါတယ်။
❖တစ်ခါတလေ ကျတော့လည်း အကြောင်းကိစ္စတစ်ခုကို
အခြေခံပြီး လူတစ်ယောက်ကို မုန်းနေမိပြန်ပါရော။
ဘယ်လောက်အထိလဲဆိုရင် ပါးရိုက် ပစ်ချင်
လောက်အောင် အထိကို မုန်းမိပါတယ်။ ကာယကံမြောက်
ရိုက်ရဲလောက်အောင်တော့ သတ္တိမရှိပါဘူး။
အဲဒီအချိန်မှာ အိပ်ရာထဲလှဲပြီး အဲဒီလူကို ဇိမ်နဲ့ကို
အားရပါးရ မုန်းနေမိပါတယ်။ သူ့ကိုမုန်းနေရတာကိုပဲ
ကိုယ့်ကိုယ်ကို ကျေနပ်မိပြန်ပါတယ်။
❖တကယ်တော့ ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်ဟာ
အာရုံတစ်ခုဆီမှာပဲ တည်တံ့ မနေချင်ပါဘူး။
အာရုံအဆင့်ဆင့်ဆီ ရောက်နေချင်ပါတယ်။
သူ့ အပေါ်မုန်းတဲ့စိတ်တွေဖြစ်နေရင်း သူ့အကြောင်းတွေ
ဆက်တွေးနေဖြစ်တော့လည်း သူ့ရဲ့ ပုံရိပ်ကလေးတွေက
ဆင့်ကဲဆင့်ကဲ ပေါ်လာပြန်ပါတယ်။ ပုံရိပ်မျိုးစုံ
ပေါ်လာတာဆိုတော့ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့တဲ့
ပုံရိပ်ကလေးတွေလည်း တွဲပေါ်လာပါတယ်။
သူ့ရဲ့ ကျေးဇူးပုံရိပ်ကလေးတွေ ပေါ်လာတဲ့အချိန်မှာတော့
စောစောက ဖြစ်နေတဲ့ အမုန်းစိတ်ကလေးတွေလည်း
မသိမသာနဲ့ နောက်ကို ဆုတ်ဆုတ် သွားတတ်ပါတယ်။
“နေပါဦး၊ ဒီမှာ မုန်းလို့တောင် အားမရသေးဘူး” လို့
တားတာတောင် မရပါဘူး။ ဒီတော့လည်း တသီးတသန့်
အားမထုတ်ရဘဲနဲ့ သူ့အပေါ်နားလည်ခွင့်လွှတ်တဲ့
စိတ်ကလေးတွေ ဝင်လာပြန်ရော။
“ဪ.... ပုထုဇဉ်ရဲ့စိတ်ရယ် မမြဲပါလား”လို့ တွေးရင်း
ကိုယ့်ဘာသာကိုယ် ပြုံးလိုက် မိပြန်ပါရော။
❖ကတညုတပုဒ်ကို အဋ္ဌကထာမှာ ဘယ်လိုဖွင့်ထားသလဲ
ဆိုတော့ နည်းနည်းများများ တစ်စုံတစ်ခုနဲ့ ကိုယ့်အပေါ်
ကျေးဇူးပြုခဲ့တာကို သတိရနေခြင်းလို့ ဖွင့်ထားပါတယ်။
အဓိကကတော့ သူပြုထားတဲ့ကျေးဇူးကို သိတတ်ဖို့ပါ။
❖အမှန်တော့ သိရုံနဲ့တော့ မပြီးသေးပါဘူး။
သိပြီးရင် အခွင့်သာရင် ပြန်ဆပ်နိုင်ရပါမယ်။
ဒါကိုပဲ ကတညုတ = သူတစ်ပါးကျေးဇူး ပြုထားသည်ကို
သိသူ၊ ကတဝေဒီ=သိသည့် အားလျော်စွာ ပြန်ဆပ်သူ။
အဲဒီလို ပေါင်းပြီး “ကတညုတ ကတဝေဒီ” ပုဂ္ဂိုလ်လို့
ဆိုကြတာပါပဲ။
ကိုယ်က ကတဝေဒီပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင်မှ
ကတညုတ ပုဂ္ဂိုလ် အဆင့်လောက်အထိတော့
ရှိထားသင့်ပါတယ်။
❖အဲဒီမှာ ပိုပြီးသတိထားဖို့ ကောင်းတာက ကျေးဇူးပြုဖူး
ထားသူကို မပြစ်မှားမိဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့
ကျေးဇူးပြုထားသူ နဲ့ မပြုထားသူ နှစ်ယောက်မှာ
ကျေးဇူးပြုထားဖူးသူကို ပြစ်မှားမိရင် ပိုအပြစ်ကြီးကြောင်း
စာမှာ ပြထားလို့ပါ။
❖တကယ်လို့များ …. တစ်စုံတစ်ယောက်အပေါ်
အမုန်းစိတ်တွေများ ဖြစ်ခဲ့ရင် သူပြုခဲ့ဖူးတဲ့ ကျေးဇူးလေး
တွေကို မြင်လို့ ရသလောက်သာ ရှာကြည့်လိုက်ပါတော့။
ဒါဆို ဖြစ်ဆဲစိတ်ရဲ့ နေရာမှာ အသွင်မတူတဲ့ စိတ်ကလေး
ဝင်လာပါလိမ့်မယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
(အလင်းတန်းဂျာနယ် ၈.၃.၂၀၀၄)
Posted by►
www.facebook.com/youngbuddhistassociation.mm