ဤသာသနာတော်၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ထွက်ကြွ ကြို ဆို၍ ချီးမြောက်ခြင်း ခံရသော ပုဂ္ဂို လ်ထူး ၇-ဦး ရှိလေသည်။ ၎င်းတို့မှာ-
၁။ အရှင်မဟာ ကဿ ပ
၂။ အရှင်မဟာ ကပ္ပိန
၃။ အရှင် အနုရုဒ္ဓါ
၄။ အရှင် ကောဋိကဏ္ဏသောဏ
၅။ ဝနဝါသီ တိဿ သာမဏေ
၆။ ရေဝတ သာမဏေ
၇။ အရှင် ပုက္ကု သာတိ… တို့ဖြစ်သည်။
၁။ အရှင်မဟာကဿ ပ-
ဓုတင် အရာဧတဒဂ်ရ တတိယသာဝက ရှင်မဟာကဿ ပ ဖြစ်သည်။ ဓမ္မဝိနယတို့ကို ယနေ့အထိ မပျောက်ပျက်အောင် ပထမ သင်္ဂါယနာတင်၍ ဦးဆောင်ခဲ့ပြီး ထေရဝါဒ သာသနာတော် အတွက် အလွန်ကျေးဇူးများသူ ဖြစ်သည်။
'သေနနိဂုံး' လူသေစွန့်ရာ အရပ်မှ 'သင်္ကန်းလျာ' အဖြစ် မြတ်စွာဘုရား ကိုယ်တော်တိုင် ပံ့သုကူ ကောက်ယူ၍ ဝတ်ဆင်တော်မူသော, တန်ခိုးရှိန်စော် အာနုဘော် ကြီးလှသော သင်္ကန်းတော်မြတ်ကို (သင်္ကန်းချင်း) လဲလှယ်ဝတ်ဆင်ခွင့် ရသောသူ ဖြစ်၏။ (မြတ်စွာဘုရား ပံ့သုကူ ကောက်စဉ် မဟာပထဝီ မြေကြီး သိမ့်သိမ့်တုန်လှုပ် ခဲ့သည်အထိ ထူးမြတ်သော သင်္ကန်းတော် ဖြစ်သည်။)
မိဘများ ဆန္ဒအလျောက် ပိပ္ပလိ သတို့သားနှင့် ဘဒ္ဒကာပိလာနီ သတို့သမီးတို့သည် လက်ထပ်သော်လည်း ရာဂမဖက် သန့်ရှင်းစွာ နေကြလေသည်။
မိဘများ ဆုံးပါးပြီးနောက် မူလရည်ရွယ်ချက် အတိုင်း အလုံးစုံသော ဥစ္စာတို့ကို စွန့်လှူ ပြီး မြတ်စွာဘုရားကို ရည်မှန်းရဟန်းဝတ်ကာ မြတ်စွာဘုရား ရှိရာ ရာဇဂြိုဟ်သို့ ရှင်မဟာကဿ ပ အလောင်းတော် ပိပ္ပလိ ရဟန်းနှင့် ဘဒ္ဒကာပိလာနီ ရဟန်းမတို့ အတူထွက်လာကြသည်။
ထို့နောက် လမ်းဆုံတစ်ခုအရောက်၌ သူတစ်ပါး အမြင်မမှားစေရန် လမ်းခွဲထွက်လာရာ မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ ထိုအကြောင်းကို မြတ်စွာဘုရား သိမြင်တော်မူ၍ ဝေဠု ဝန် ကျောင်းတော်မှ သုံးဂါဝုတ် ခရီးကို တစ်ကိုယ်တည်း ကြွလာကာ ရောင်ခြည်တော် ၆-သွယ် လွှတ်၍ ကြို ဆိုချီးမြောက်တော် မူလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂။ အရှင်မဟာကပ္ပိန-
ကုက္ကု ဋဝတီ တိုင်းပြည်မှ မဟာကပ္ပိန မင်းကြီး ဖြစ်သည်။ ရဟန်းယောကျ်ား အများအပြားကို တစုတည်း တစ်ထိုင်တည်း အကျွတ်တရား ရအောင် ဟောနိုင်သော နေရာတွင် 'ဘိက္ခု သြဝါဒက' ဧတဒဂ်ဘွဲ့ ရသူဖြစ်သည်။
ရှေးဘဝ ပါရမီအလျောက် ရတနာမြတ်သုံးပါးကို ဆည်းကပ်လို သောကြောင့် မြင်းသည်တော်တို့ကို အရပ်လေးမျက်နှာသို့ သုံးယူဇနာ အရပ်ထိ နေ့စဉ်သတင်းထောက် စေလေ၏။
တနေ့တွင်မူ သာဝတ္ထိပြည်မှ လာသော လည်းကုန်သည်များ ထံမှ 'မြတ်စွာဘုရား ပွင့်တော်မူပြီ' ဟူသော စကား ကြားသိရလေသည်။ ထိုစကား မဆုံးခင်ပင် ပီတိကြောင့် သတိလစ် လေ၏။ သုံးကြိမ်မေး၍ သုံးကြိမ်လုံး ပီတိကြောင့် မြောမေ့၏။ လေးကြိမ်မြောက်မှ ထိန်းနိုင်၍ ဆက်မေးလေရာ ဓမ္မရတနာနှင့် သံဃာရတနာမြတ် တို့အကြောင်း ကြားသိ၍ ပီတိဖြစ်ပြန်လေသည်။
ထိုသတင်းအတွက် လှည်းကုန်သည်များကို ဆုပေးပြီး အတူပါ အမတ်တစ်ထောင်နှင့် တိုင်ပင်ကာ ''မိမိတို့အားလုံး ဘုရားထံသွား၍ ရဟန်းပြု တော့မည့် အကြောင်း''ကို လှည်းသမားများအား အနော်ဇာ မိဖုရားကြီးထံ စာလွာပို့ဆက်စေ၏။
ထို့နောက် အမတ်တစ်ထောင်နှင့်အတူ မြင်းစီး၍ မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်သို့ ထွက်လာကြလေသည်။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သစ္စာဆို၍ မြစ်သုံးစင်းကို ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံး မြစ်တဘက်ကမ်း ညောင်ပင်ကြီးအောက်တွင် မြတ်စွာဘုရားသည် ထက်ဝယ်ဖွဲ့ခွေ ရောင်ခြည်တော် ၆-သွယ်လွှတ်၍ ကြိုဆိုချီးမြောက်တော် မူလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၃။ အရှင်အနုရုဒ္ဓါ-
အလောင်းတော် သိဒ္ဒတ္တမင်းသားနှင့် ဝမ်းကွဲညီတော်, မရှိစကား မကြားဖူးသော, ဒိဗ္ဗစက္ခု ဧတဒဂ်ရ အရှင်အနုရုဒ္ဓါ ဖြစ်သည်။ ချစ်တတ်သောသူ, သူ့သဘော လိုက်လျောတတ်သူ ဟု အဓိပ္ပါယ်ရသည်။
'န,ထက် ဣတင်၊ မည်မှန်ပင်၊ အစဉ်မှတ်ကြ၊ အနိရုဒ္ဓ'' ဟု ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းတွင် 'အနိရုဒ္ဓ' ဟုလည်း ပြဖူး၏။ မချု ပ်ပျောက်, မပျက်စီးသောသူ ဟူ၏။
မြတ်စွာဘုရားရှင် ပြည်တော်ဝင်ပြီးနောက် သာကီဝင် မင်းသားတစ်ထောင်တို့ ရဟန်းပြု၏။ သို့သော် ဘဒ္ဒိယ, အနုရုဒ္ဓါ, အာနန္ဒာ, ဘဂု, ကိမိလ, ဒေဝဒတ္တ ဤသာကီဝင် မင်းသား ၆-ပါး ရဟန်းမပြု ဘဲ နေရာ 'သာကီဝင် မဟုတ်သောကြောင့် ရဟန်းမပြု ' ဟု ကဲ့ရဲ့ကြသည်။ ထိုခါမှ မင်းသားများ ရဟန်းပြု ကြလေသည်။
ထိုပထမဝါ၌ပင် အရှင်ဘဒ္ဒိယ ရဟန္တာဖြစ်သည်။ အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ် ရတော်မူသည်။ အရှင်ဒေဝဒတ်မူ လောကီသမာပတ် ၈-ပါးရ၏။ အရှင်အာနန္ဒာ သောတာပန် ဖြစ်လေသည်။ ဘဂုထေရ်နှင့် ကိမိလမထေရ်တို့ကား နောက်မှ ရဟန္တာ ဖြစ်တော်မူ၏။
တရံသောအခါ အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံ ချဉ်းကပ်၍ မေးလျှောက်လေ၏။ အကျဉ်းမှာ-
>အကျွန်ုပ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သောလောကဓာတ်ကို မြင်ပါသည်။
>မတွန့်ဆုတ်သောလုံလဖြင့် အားထုတ်ပါသည်။ မေ့လျော့မရှိ သတိအမြဲ ထင်ပါသည်။ ကိုယ်ပူလည်း မရှိဘဲ ငြိမ်းအေးပါသည်။ စိတ်သည် တစ်ခုသော အာရုံ၌ ကောင်းစွာတည်ပါသည်။
>သို့သော် အာသဝေါတရားတို့မှ မလွတ်နိုင်သေးပါ။
အရှင်သာရိပုတ္တရာက ပြန်ဖြေကြားပုံမှာ-
>သင်သည် တစ်ထောင်သော လောကကို မြင်၏ဟု မာန်ဖြစ်နေသည်။
>မတွန့်ဆုတ်ဘဲ စိတ်သည် တစ်ခုသောအာရုံ၌ တည်နေသည်ဟု ဥဒ္ဓစ္စ ဖြစ်နေသည်။
>အာသဝေါတရားမှ မလွတ်သေးဟု သံသယ ကုက္ကစ္စ ဖြစ်နေသည်။
ဤ 'မာန' 'ဥဒ္ဓစ္စ' 'ကုက္ကစ္စ' တရားသုံးပါးကို ဖယ်ထုတ်၍ သင်၏စိတ်ကို နိဗ္ဗာန်သို့ ပို့ဆောင်လော့ ဟုတရားပေးလေ၏။
အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်း သင်ယူပြီး စေတိတိုင်း အရှေ့ဘက် ဝါးတောသို့ ကြွရောက် အားထုတ် လေသည်။ ၁၅-ရက် မအိပ်မနေ စင်္ကြိံလျှောက် အားထုတ်၍ ပင်ပန်းနွမ်းနယ် သောကြောင့် ခေတ္တအပန်းဖြေစဉ် မဟာပုရိသ ဝိတက်ကြီးများ ဖြစ်ပေါ်လာသည်။
၁။ ဤလောကုတ္တရာ တရားသည်… အလိုနည်းသူသာ ပြည့်စုံ၏။ အလိုကြီးသူ မပြည့်စုံ။
၂။ ရောင့်ရဲလွယ်သူသာ ပြည့်စုံ၏။ မရောင့်ရဲသူ မပြည့်စုံ။
၃။ ဆိတ်ငြိမ်သူသာ ပြည့်စုံ၏။ အဖေါ်၌ ပျော်သူ မပြည့်စုံ။
၄။ လုံ့လထက်သန်သူ ပြည့်စုံ၏။ ပျင်းရိသူ မပြည့်စုံ။
၅။ သတိကောင်းသူ ပြည့်စုံ၏။ သတိလွတ်သူ မပြည့်စုံ။
၆။ စိတ်တည်ကြည်သူ ပြည့်စုံ၏။ မတညြ်ကည်သူ မပြည့်စုံ။
၇။ ပညာရှိသူသာ ပြည့်စုံ၏။ ပညာမဲ့သူ မပြည့်စုံ။
ထို ၇-ပါး ဖြစ်ပေါ်ပြီး အရဟတ္တမဂ် အတွက် ၈-ခုမြောက် တရားလိုသေးရာ မြတ်စွာဘုရား သိမြင်တော်မူ၍ တန်ခိုးတော်ဖြင့် အလျင်အမြန် ကြွလာချီးမြောက်၍ တရားဟောတော် မူလေသည်။
၈-ခုမြောက်အဖြစ်, ဤလောကုတ္တရာတရား ၉-ပါးသည်…
သံသရာကို ချဲ့တတ်သည့် တဏှာ, မာန, ဒိဋ္ဌိ ဟူသော ပပဥ္စတရားမှ ကင်းသည့် နိဗ္ဗာန်၌ မွေ့လျော်ပျော်ပိုက် တတ်သော ပုဂ္ဂိုလ်တို့သာ ပြည့်စုံ၏။ တဏှာ, မာန, ဒိဋ္ဌိ တရားတို့၌ မွေ့လျော်ပျော်ပိုက် တတ်သော ပုဂ္ဂိုလ်တို့၌ မပြည့်စုံပေ။…
ထို့နောက် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါအား ဤဝါးတော၌ပင် ဝါကပ်ရန် မိန့်တော်မူပြီး တန်ခိုးတော်ဖြင့်ပင် ပြန်ကြွသွား လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၄။ အရှင် ကောဋိကဏ္ဏသောမ-
အမျိုးသမီးများအနက် ပထမဆုံး သောတာပန် 'ကာဠီ' သဌေးကတော်၏ သား (တရားဟောချိုသာရာ၌ 'ကလျာဏဝါက္ကရဏ- ဧတဒဂ် ဘွဲ့ရ) ဖြစ်သည်။ မယ်တော်သည်, သာတာဂီရိ နတ်မင်းနှင့် ဟေမဝတ နတ်မင်းတို့ ကောင်းကင်၌ ဘုရားရှင် ပွင့်လာကြောင်း အမေးအဖြေ ပြောသည်ကို နာယူ၍ သောတာပန် ဖြစ်သောသူ ဖြစ်သည်။ ထိုညမှာပင် အရှင်သောဏ အလောင်းကို ဖွားမြင်လေ၏။
အရွယ်ရောက်သော် မိတ်ဆွေများနှင့် ကုန်ရောင်း သွားလေ၏။ လမ်းခရီး၌ အိပ်စက် အနားယူစဉ် တစ်ဦးတည်း ကျန်နေခဲ့သည်။ လမ်းလျှောက်လိုက်သွားရာ ပြိတ္တာများကို တွေ့၍သံဝေဂ ဖြစ်လေသည်။
ရဟန်းပြု လိုသော်လည်း ဥပသမ္ပဒ ကံဆောင်ရန် သင်္ဃာတော် ၁၀-ပါး (ထိုစဉ်က ဝိနည်း) ခက်ခဲမှုကြောင့် သုံးနှစ်စောင့်ရ၏။ ဆရာ အရှင်မဟာကစ္စည်းထေရ် ထံမှ ကမ္မဋ္ဌာန်းယူကာ အားထုတ်ပြီး ရဟန္တာ ဖြစ်တော်မူသည်။
ဝါကျွတ်သော် မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ သွားလေ၏။ ဇေတဝန်ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ပြီး ညဉ့်အခါ မဟာဂန္ဓကုဋိတိုက် မှာပင် နေရာပေး၍ ချီးမြောက်တော် မူလေသည်။ (အခြားမည်သူမျှ မနေဖူးဘူးဟု ထင်ပါသည်။)
မြတ်စွာဘုရားက တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခွင့် ပြု ၍ ရွတ်ဖတ်ပြီးသော် ဆရာမှာလိုက်သော ဆုငါးပါးကို လျှောက်ထားလေသည်။
ပစ္စန္တရာဇ် အရပ်၌-
၁။ ကံဆောင်ရန် သံဃာတော် ၁၀-ပါး ခဲယဉ်း၍ လျော့နည်းလျှင် ခွင့်ပြု လေမလား မသိ။ (ခွင့်ပြု တော်မူပါ။)
၂။ တစ်လွှာတည်းသော ဖိနပ်အစား အထပ်များသောဖိနပ် ခွင့်ပြု လေမလား မသိ။
၃။ ၁၅-ရက် တစ်ကြိမ် အစား နေ့စဉ် ရေချိုးခွင့် ပြုလေမလား မသိ။
၄။ ရလွယ်သော သားရေ အထိုင်အခင်းများ ခွင့်ပြု လေမလား မသိ။
၅။ လူကြုံ ဖြင့် တဆင့်လှူ ဒါန်းသော သင်္ကန်းကို ခွင့်ပြု လေမလားမသိ။
ဤ ဆုငါးပါးကို မြတ်စွာဘုရားရှင် ခွင့်ပေးတော် မူလေသည်။ သာသနာအတွက် အလွန်အကျိုး များလေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၅။ ဝနဝါသီတိဿ သာမဏေ-
ခုနှစ်နှစ်အရွယ် ရဟန္တာ သာမဏေဖြစ်သည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သာသနာတော်ကို နှစ်ဘဝ ဆည်းကပ်ခွင့် ရသူဖြစ်သည်။
ပထမဘဝ၌ ရှင်သာရိပုတ္တရာ့ ခမည်းတော်၏ မိတ်ဆွေ ဖြစ်သည်။ နောက်ပိုင်း စီးပွားကျ ဆင်းရဲနေလေ၏။ ရှင်သာရိပုတ္တရာက ချီးမြောက်လို၍ ထိုသူဌေးဟောင်း အိမ်သို့ ဆွမ်းသွားရပ်လေရာ လောင်းလှူ ဖွယ် မရှိ၍ ပုန်းအောင်းနေရရှာလေသည်။ နေ့အတန်ကြာ ဖြစ်သည်။
တနေ့တွင် သူဌေးဟောင်းသည် ပွဲတခု၌ ဂါထာမန္တာန် ရွတ်ပြီး နွားနို့တစ်အိုးနှင့် ပုဆိုးကြမ်းတစ်ထည် ရခဲ့လေရာ ဝမ်းမြောက်စွာ ဆွမ်းစီမံ၍ ရှင်သာရိပုတ္တရာကို ကပ်လေသည်။ ပုဆိုးကြမ်း ကိုလည်း လှူ လိုက်လေသည်။
'လောကုတ္တရာတရားကို အကုန်အစင် သိရပါစေ'ဟု ဆုတောင်းလေသည်။ ထိုဘဝမှ ကွယ်လွန်ပြီး ရှင်သာရိပုတ္တရာ၏ ဒကာမ သူဌေးကတော် ဝမ်း၌ ပဋိသန္ဓေ တည်လေသည်။ ဖွားမြင်ပြီးသော် ရှင်သာရိပုတ္တရာ၏ ငယ်မည် 'ဥပတိဿ 'ကို ရည်၍ 'တိဿ ' ဟု အမည်ပေးလေသည်။
ခုနှစ်နှစ် အရွယ်တွင် ရှင်သာရိပုတ္တရာထံ သာမဏေ ပြုလေသည်။ ထို့နောက် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်း ယူပြီး ယူဇနာ ၁၂၀-ကွာ တောရကျောင်းသို့ သွားရောက် အားထုတ်လေသည်။ သုံးလပြည့်သော် ပဋိသမ႓ိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေသည်။
တိဿ သာမဏေလေး ရဟန်းကိစ္စပြီးကြောင်းကို ရှင်သာရိပုတ္တရာ သိလေသော် သွားရောက်ချီးမြောက်ရန် မြတ်စွာဘုရားထံ ခွင့်တောင်းလေသည်။
မြတ်စွာဘုရားသည် တိဿ သာမဏေကို အကြောင်းပြုပြီး ဝေနေယျအများ တရားထူးရမည့်အကြောင်း မြင်တော်မူ၍ အဂ္ဂသာဝကနှစ်ပါး ခြံရံကာ သံဃာတော် ၄၀၀၀-နှင့် ကိုယ်တော်တိုင် ကြွကာ ချီးမြောက်တော် မူလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၆။ ရေဝတ သာမဏေ-
လကျာ်တော်ရံ ရှင်သာရိပုတ္တရာ၏ ညီထွေးဖြစ်သည်။ 'ခဒိရဝနိယ ရေဝတ' ဟုလည်း ခေါ်ကြသည်။ 'အိုအောင်မင်းအောင် ပေါင်းကြပါစေ' ဟူသော ဆုပေးသံကြောင့် မိမိယူရမည့် သတို့သမီးပျို နှင့် မိခင်အို၏ ဇရာရိပ်ကို နှိုင်းယှဉ်ကာ သံဝေဂ ဖြစ်၍ ထွက်ပြေးကာ ရဟန်းပြု သူဖြစ်သည်။ ………
နောင်တော်ကြီး သာရိပုတ္တရာအရှင်မြတ်၏ အတုလိုက်၍ ညီတော် နှစ်ပါးနှင့် နှမငယ်သုံးပါး လိုက်ပါ ရဟန်းဝတ်ပြီး ရဟန္တာများ ဖြစ်သွားသော် ညီထွေး ရေဝတ တစ်ဦးတည်း ကျန်ခဲ့၏။
မိဘဘိုးဖွားများက ရေဝတလည်း ရဟန်း ဝတ်သွားမည်လည်း စိုးရိမ်သဖြင့် အသက် ၁၆-နှစ်တွင် အသက် ၁၄-နှစ် အရွယ် သတို့သမီးနှင့် အိမ်ထောင်ချထား ပေးလေသည်။
အထက်တွင် ဆိုသကဲ့သို့ 'အိုအောင်မင်းအောင်' ဟူသော ဆုပေးချိန်တွင် ပါရမီရင့်မာသူဖြစ်၍ ဇာတိ၏ အကျိုးဆက် ဇရာ,မရဏ, အနိစ္စ တို့ကို ဆင်ခြင်မိကာ တောကျောင်းတစ်ခုသို့ အရောက် ပြေးလေတော့သည်။ တောကျောင်းသို့အရောက် မိဘခွင့်ပြု ချက် မရှိသော်လည်း ရှင်သာရိပုတ္တရာက 'ငါ၏ညီထွေး ရောက်လာလျှင် သင်္ကန်းဝတ်ပေးလိုက်ကြ' ဟု မှာထားရင်း ရှိသောကြောင့် ရှင်သာမဏေ ပြု ပေးလိုက်ကြသည်။
ရှင်ရေဝတသည် ဥပဇ္ဈာယ်ဆရာများထံမှ ကမ္မဋ္ဌာန်း ယူ၍ ထိုကျောင်းမှတဆင့် အလွန်ကြမ်းသောဒေသ, ချုံနွယ်ပိုနက်သော, ကျတ်တီးကုန်း ကျောက်စရစ်မြေ ရှိသော ရှားတောသို့ သွားရောက်ကာ တရားအားထုတ်လေသည်။
ထိုသတင်းကို ရှင်သာရိပုတ္တရာ ကြားသိသော် အားပေးစကား ပြောလို၍ မြတ်စွာဘုရားထံ လျှောက်ထား ခွင့်တောင်းလေသည်။ မြတ်စွာဘုရားက ရှင်ရေဝတ တရားအားထုတ်ချိန် ပရိတ်သတ် အနှောင့်အယှက် မဖြစ်စိမ့်သောငှာ တားမြစ်တော်မူသည်။
သုံးလအကြာ ရှင်သာရိပုတ္တရာ ခွင့်တောင်းသောအခါ ရှင်ရေဝတ ရဟန်းကိစ္စပြီးကြောင်း သိတော်မူ၍ မြတ်စွာဘုရားရှင် ဦးဆောင်ပြီး လက်ယာလက်ဝဲရံ ကိုယ်တော်များနှင့်တကွ ရဟန်းများစွာ သွားရောက် ချီးမြောက်တော် မူလေသည်။
(လာဘ်လာဘ ပေါများသောအရာ ဧတဒဂ်ရ ရှင်သီဝလိ မထေရ် ပါသောကြောင့်သာ လမ်းခရီးကြမ်း၌ သံဃာတော်များ ဆွမ်းအဆင်ပြေ ကြလေ၏။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၇။ အရှင် ပုက္ကု သာတိ-
ဗိမ္ဗိသာရမင်းကြီး၏ မိတ်ဆွေ တက္ကသီလပြည် (တက္ကသိုလ်ပြည်) မင်းကြီး ဖြစ်သည်။ မိမိဒေသ၌ ရတနာ အထူးအဆန်းတွေ့လျှင် အကြောင်းကြားတမ်း ကတိစကားအရ လောကတွင် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး ပေါ်ထွန်းနေကြောင်း သိရလေသည်။
ထိုအခါ ပုက္ကု သာတိ မင်းကြီးသည် မြတ်စွာဘုရားကို ရည်မှန်းကာ သင်္ကန်းဝတ် (ရဟန်းပြု) ပြီး တောထွက်လေသည်။ ထို့နောက် တက္ကသီလပြည် (ယခုအာဖဂန်?) မှ ရာဇဂြို ဟ် အထိ ၂၃၇-ယူဇနာကို ခြေလျှင်လျှောက်ကာ ဘုရားဖူး လာခဲ့သည်။ (ရာဇဂြို ဟ်ပြည်၌ ဘုရားရှင် ရှိမည် ထင်သောကြောင့် သာဝတ္ထိပြည်ကို ကျော်လာခဲ့သည်။)
သာဝတ္ထိသို့ ပြန်သွားရန် ရာဇဂြိုဟ်ပြည် အိုးထိန်းသည် တစ်ဦး၏တဲတွင် တစ်ညနားလေသည်။ မြတ်စွာဘုရား သိမြင်တော်မူ၍ ကိုယ်တော်တစ်ဦးတည်း မထင်ရှားသော အသွင်ဖြင့် အိုးထိန်းသည်တဲ၌ တွေ့ဆုံအောင် ခြေလျှင်ကြွလာ ချီးမြောက်တော် မူလေသည်။
ညချမ်းအခါ မြတ်စွာဘုရားသည် ခန္ဓာ အာယတန ဓါတ် သစ္စာ စသည်တို့ကို ဟောပြောတော်မူရာ အနာဂမိမဂ် ရ၍ ဘုရားဖြစ်ကြောင်း သိလေတော့သည်။ ရဟန်းပြု ခွင့်တောင်းသော် 'ဧဟိဘိက္ခု' မခေါ်သောကြောင့် 'ပံ့သုကူ သင်္ကန်း' ရှာစဉ် နွားမဆိုးတစ်ကောင် ဝှေ့ခတ်မိ၍ အမှိုက်ပုံပေါ်၌ပင် စုတိစိတ် ကျတော်မူလေသည်။
…
…
…ပြီး၏။
(မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ။)