ဗာရာဏသီသူဌေးကတော်ဟာ ထမင်းကိုချက်ပြီး
ငါးစုခွဲကာ သူဌေးအတွက် အဖို့အစုထမင်းကိုခူးပြီး
ရှေ့မှာထားတယ်။

အဲဒီခဏမှာ ဂန္ဓမာဒနတောင်က ပစ္စေကဗုဒ္ဓါဟာ
သမာပတ်မှ ထတယ်။ သမာပတ်အတွင်းမှာ
သမာပတ်ရဲ့ စွမ်းအားကြောင့် ဆာလောင်မှုက
မနှိပ်စက်ဘဲ ရှိပါသတဲ့။ သမာပတ်မှထတဲ့
ပုဂ္ဂိုလ်တွေမှာတော့ ဆာလောင်မှုက အားကြီးပြီး၊
ဝမ်းဗိုက်အလွှာကိုလောင်မြိုက်သလို ဖြစ်ပါတယ်။
ဒါကြောင့် ပစ္စေကဗုဒ္ဓါတွေဟာ ဆွမ်းရနိုင်မယ့်
နေရာကို ကြည့်ပြီး သွားကြပါတယ်။
အဲဒီနေ့မှာလည်း အဲဒီပစ္စေကဗုဒ္ဓါတွေအား
အလှူလှူပြီး စစ်သူကြီးရာထူးစတဲ့အရာတွေထဲက
ပြည့်စုံမှုတစ်ခုခုကို ရကြပါတယ်။ ဒါကြောင့် အဲဒီ
ပစ္စေကဗုဒ္ဓါကလည်း ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့
ကြည့်ရှုတော်မူတယ်။

“ဇမ္ဗုဒိပ်တစ်ကျွန်းလုံးမှာ ငတ်မွတ်မှုဘေး
ဖြစ်ပေါ်နေတေယ်။ သူဌေးအိမ်မှာ လူငါးယောက်စာ
အတွက် ဆန်တစ်ခွက်ချက် ထမင်းပဲကျက်နေတယ်။
အဲဒီလူတွေဟာ သဒ္ဓါရှိကြသလား။
ငါ့ကို ချီးမြှောက်နိုင်ကြလေမလား”
လို့ ကြည့်တော်မူတဲ့အခါ အဲဒီလူတွေမှာ သဒ္ဓါရှိတာနဲ့
ချီးမြှောက်နိုင်တာကို မြင်တယ်။ သပိတ်၊ သင်္ကန်းကို
ယူပြီး သူဌေးကြီးရဲ့ ရှေ့မှာ တံခါးမှာရပ်နေတဲ့
သူ့ကိုယ်သူ ထင်ရှားပြတယ်။

သူဌေးက ပစ္စေကဗုဒ္ဓါကိုမြင်ပြီး ကြည်ညိုစိတ်ဖြစ်ကာ
“ငါဟာ ရှေးကလည်း အလှူမလှူခဲ့လို့ ဒီလို
အငတ်ဘေးကို တွေ့ကြုံရတယ်။
ဒီ ထမင်းကငါ့ကိုတစ်နေ့ပဲ စောင့်ရှောက်နိုင်မယ်။
ပစ္စေကဗုဒ္ဓါအား လှူတဲ့ အလှူဟာ ကမ္ဘာကုဋေပေါင်း
များစွာ ငါ့ရဲ့ စီးပွားချမ်းသာကိုဆောင်လိမ့်မယ်”
လို့ တွေးပြီး အဲဒီထမင်းခွက်ကို ဖယ်ရှားလိုက်တယ်။

ပစ္စေကဗုဒ္ဓါကို ခြဉ်းကပ်ပြီး တည်ခြင်းငါးပါးနဲ့
ရှိခိုးကာ အိမ်ကိုပင့်တယ်။ နေရာမှာ ထိုင်နေတဲ့
ပစ္စေကဗုဒ္ဓါရဲ့ ခြေတွေကို ဆေးကြောပြီး ရွှေခြေဆေး
အင်းပျဉ်မှာထားကာ ထမင်းခွက်ကိုယူပြီး၊
ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ထဲ လောင်းထည့်လိုက်တယ်။
ဆွမ်းက တစ်ဝက်ကျန်နေတဲ့အခါ ပစ္စေကဗုဒ္ဓါက
လက်နဲ့ သပိတ်ကိုပိတ်တယ်။ အဲဒီအခါ
ပစ္စေကဗုဒ္ဓါကို “အရှင်ဘုရား၊ ဒီထမင်းက
ဆန်တစ်ခွက်နဲ့ ချက်ထားတဲ့ ငါးယောက်စာထမင်းထဲက
တစ်ပုံပဲ ဖြစ်ပါတယ်။ ဒီထမင်းကို နှစ်ပိုင်းမခွဲနိုင်ပါ။
တပည့်တော်အား ဒီဘဝတွက်သာ မချီးမြှောက်ပါနဲ့။
တပည့်တော်အကုန်လုံးကို လှူလိုပါတယ်”
လို့ ပြောပြီး ထမင်းအားလုံးကို လှူလိုက်ပါတယ်။

လှူပြီးတော့လည်း ဆုတောင်းတယ်။
“အရှင်ဘုရား၊ တပည့်တော်ဟာ နောက်ထပ်
ဖြစ်ရာဖြစ်ရာအရပ် မှာ ဒီလိုအငတ်ဘေး မတွေ့လိုပါ။
အခုအချိန်ကစပြီး ဇမ္ဗုဒိပ်တစ်ကျွန်းလုံးမှာနေတဲ့သူတွေအား
မျိုးစေ့ထမင်းကို ပေးနိုင်ရပါလို၏။ ကိုယ့်လက်နဲ့
အလုပ်လုပ်ပြီး အသက်မွေးမှုမပြုလိုပါ။
ကျီပေါင်း ၁၂၅၀ ကို အရှင်းခိုင်းပြီး ဦးခေါင်းလျှော်ကာ
အဲဒီလူတွေရဲ့ တံခါးမှာထိုင်ပြီး အထက်ကို ကြည့်လိုက်တဲ့
ခဏမှာပဲ သလေးစပါးနီအလျဉ်တွေ ကျလာပြီး၊
တပည့်တော်ရဲ့ ကျီအားလုံးကို ပြည့်စေကုန်ရာပါ၏။
ဖြစ်ရာဖြစ်ရာ အရပ်မှာလည်း ဒီမယားပဲမယား၊
ဒီသားပဲသား၊ ဒီခွေးမပဲခွေးမ၊ ဒီကျွန်ပဲကျွန်
ဖြစ်ပါစေ။”

သူဌေးရဲ့ မယားကလည်း “ငါ့ခင်ပွန်းကို
ဆာလောင်မှုက နှိပ်စက်တဲ့အခါ ငါဟာစားခြင်းငှာမစွမ်းနိုင်”
လို့ ကြံပြီး သူ့အဖို့အစုကိုပစ္စေကဗုဒ္ဓါအား လှူပြီး
ဆုတောင်းတယ်။

“အရှင်ဘုရား၊ အခုဖြစ်ရာဖြစ်ရာ အရပ်မှာ ဒီလို
အငတ်ဘေးကို မမြင်တွေ့လိုပါ။
ထမင်းအိုးကို ရှေ့မှာချပြီး ဇမ္ဗုဒိပ်နေသူအားလုံးအား
ထမင်းပေးပေမယ့်လည်း တပည့်တော်မထသေးသမျှ
ယူတိုင်းယူတိုင်းသောနေရာဟာ ပြည့်မြဲသာပြည့်ပါစေ။
ဒီလင်ပဲလင်၊ ဒီသားပဲသား၊ ဒီ ချွေးမပဲချွေးမ၊
ဒီကျွန်ပဲ ကျွန် ဖြစ်ပါစေ”

သူဌေးရဲ့သားကလည်း သူ့အဖို့အစုကို ပစ္စေကဗုဒ္ဓါအား
လှူပြီး ဆုတောင်းတယ်။ “အရှင်ဘုရား၊ ဒီအချိန်ကစပြီး
ဒီလိုအငတ်ဘေးကို မမြင်တွေ့လိုပါ။တပည့်တော်ဟာ
အသပြာတစ်ထောင် အိတ်တစ်အိတ်ကိုယူပြီး ဇမ္ဗုဒိပ်
ကျွန်းသူ၊ကျွန်းသားအားလုံးအား အသပြာ
ပေးပေမယ့်လည်း၊ဒီတစ်ထောင်အိတ်ဟာ
ပြည့်မြဲပြည့်ပါစေ။ ဒီမိဘတွေပဲ မိဘ၊ ဒီမယားပဲ မယား၊
ဒီကျွန်ပဲ ကျွန်ဖြစ်ပါစေ။”

သူဌေးရဲ့ ချွေးမကလည်း သူ့အဖို့အစုကို ပစ္စေကဗုဒ္ဓါအား
လှူပြီး ဆုတောင်းတယ်။“ဒီအချိန်ကစပြီး
ဒီလိုအငတ်ဘေးကို မမြင်တွေ့လိုပါ။ တပည့်တော်ဟာ
စပါးတောင်းတစ်တောင်းကို ရှေ့မှာထားကာ ဇမ္ဗုဒိပ်
နေသူအားလုံးအား မျိုးစေ့ထမင်းကို ပေးပေမယ့်လည်း
ကုန်တာ မထင်ရှားပါစေနဲ့။ ဖြစ်ရာဖြစ်ရာအရပ်မှာ
ဒီယောက္ခမတွေပဲ ယောက္ခမ၊ ဒီလင်ပဲ လင်၊
ဒီကျွန်ပဲ ကျွန်ဖြစ်ပါစေ။”

ကျွန်ကလည်း သူ့အဖို့အစုကိုပစ္စေကဗုဒ္ဓါအား
လှူပြီး ဆုတောင်းတယ်။ “ဒီအချိန်ကစပြီး
ဒီလိုအငတ်ဘေးကို မမြင်တွေ့လိုပါ။ဒီလူအားလုံး
အရှင်သခင်တွေ ဖြစ်ကြပါစေ။ တပည့်တော်
လယ်ထွန်တဲ့အခါမှာလည်း ဒီနေရာ ထွန်ကြောင်းသုံးကြောင်း၊
ဟိုနေရာက ထွန်ကြောင်း သုံးကြောင်း၊
အလယ်က ထွန်ကြောင်းတစ်ကြောင်းအားဖြင့်
သစ်သားကျင်းလောက်ရှိတဲ့ ထွန်ကြောင်း ၇ ကြောင်း၊
၇ ကြောင်း သွားကြပါစေ။”

အဲဒီကျွန်ဟာ အဲဒီနေ့မှာ စစ်သူကြီးရာထူးကို
ဆုတောင်းပြီး ရနိုင်ပေမယ့် အရှင်သခင်တွေ အပေါ်
တွယ်တာမှုကြောင့်“ဒီလူတွေပဲ တပည့်တော်ရဲ့
အရှင်သခင်တွေ ဖြစ်ကြပါစေ”
လို့ ဆုတောင်းတယ်။ ပစ္စေကဗုဒ္ဓါ က လူအားလုံးရဲ့
စကားအဆုံးမှာ “အဲဒီအတိုင်း ဖြစ်ပါစေ”
လို့ မိန့်ပါတယ်။ပြီးတော့ ပစ္စေကဗုဒ္ဓါတွေ
ဆုပေးလေ့ရှိတဲ့ ပစ္စေကဗုဒ္ဓါ ဂါထာနှစ်ပုဒ်တို့နဲ့
အနုမောဒနာပြုပါတယ်။ “ငါဟာ သူတို့ရဲ့
စိတ်ကို ကြည်လင်စေသင့်တယ်”လို့
တွေးပြီး“ဂန္ဓမာဒနတောင်တိုင်အောင် ဒီလူတွေ
ငါ့ကို မြင်ကြပါစေသတည်း”လို့ အဓိဋ္ဌာန်ပြီး
ဖဲသွားတယ်။ အဲဒီလူတွေကလည်း ကြည့်ပြီးပဲ
ရပ်နေကြတယ်။ အဲဒီပစ္စေကဗုဒ္ဓါက ကြွသွားပြီး
အဲဒီ ဆွမ်းကို ပစ္စေကဗုဒ္ဓါငါးရာနဲ့အတူ ခွဲဝေတယ်။
အဲဒီ ဆွမ်းဟာ အဲဒီ ပစ္စေကဗုဒ္ဓါရဲ့ အစွမ်း
အာနုဘော်ကြောင့် ပစ္စေကဗုဒ္ဓါ အားလုံးအတွက်လည်း
လောက်တယ်။ အဲဒီလူတွေက ကြည့်ရင်းပဲ
ရပ်နေကြတယ်။

မွန်းလွဲသွားတဲ့အခါ သူဌေးကတော်က ထမင်းအိုးကို
ဆေးပြီးပိတ်ကာထားတယ်။ သူဌေးကလည်း
ဆာလောင်မှုက နှိပ်စက်ခံရလို့ လဲလျောင်းပြီး
အိပ်ပျော်သွားတယ်။

သူဌေးက ညနေပိုင်းမှာ နိုးပြီး မယားကို ရှင်မရေ၊
ငါဟာ အလွန်အကဲပဲ ဆာလောင်တယ်။ ထမင်းအိုး
အပြင်မှာ ထမင်းချိုးများ ရှိသေးလား”
လို့ မေးတယ်။ သူဌေးကတော်က ဆေးကြောပြီး
ထမင်းအိုးကို ထားမှန်းသိပေမယ့်လည်း “မရှိပါ”
လို့ မပြောဘဲ၊“ထမင်းအိုးကို ဖွင့်ပြီး ပြောပါမယ်”
လို့ ပြောကာထပြီး ထမင်းအိုးအခြေကို သွားကာ
ထမင်းအိုးကို ဖွင့်တယ်။

အဲဒီခဏမှာပဲ မြတ်လေးပန်းအငုံနဲ့ တူတဲ့၊
အဆင်းရှိတဲ့ ထမင်းနဲ့ပြည့်နေတဲ့ထမင်းအိုးဟာ အဖုံးကို
မြှောက်ချီပြီး ရပ်တည်နေတယ်။ သူဌေးကတော်က
အဲဒီ ထမင်းအိုးကို မြင်ပြီးချင်းပဲ တစ်ကိုယ်လုံး
ပီတိဖုံးလွှမ်းခံရလို့ သူဌေးကို “အရှင်၊ ထပါ။
ငါဟာ ထမင်းအိုးကိုဆေးပြီး ပိတ်ထားခဲ့ပါတယ်။
အဲဒီထမင်းအိုးက မြတ်လေးပန်းအငုံနဲ့တူတဲ့ အဆင်းရှိတဲ့
ဆွမ်းနဲ့ ပြည့်နေပါတယ်။ ကောင်းမှုတွေ ဆိုတာ
ပြုထိုက်တဲ့သဘော ရှိကြပါပေတယ်။ဒါနဆိုတာ
ပြုထိုက်တာနဲ့ ယှဉ်တယ်။ အရှင်၊ ထပါ စားပါ။”
လို့ ပြောတယ်။

သူဌေးကတော်က အဖေနဲ့ သားအား ထမင်းကို
ပေးတယ်။ သူတို့စားပြီး ထသွားတဲ့အခါ ချွေးမနဲ့အတူ
ထိုင်ပြီးစားကာ ပုဏ္ဏကျွန်အား ထမင်းကိုပေးတယ်။
ယူတိုင်း၊ ယူတိုင်းသောနေရာဟာ မကုန်ပါ။
ဇွန်းနဲ့ တစ်ကြိမ်ယူရာ နေရာသာ ထင်ရှားပါတယ်။
အဲဒီနေ့မှာ ကျီစသည်တွေဟာ ရှေးကပြည့်တဲ့
နည်းအတိုင်းပဲ နောက်ထပ် ပြည့်လာတယ်။

“သူဌေးရဲ့အိမ်မှာ ထမင်းဖြစ်ပါပြီ။ မျိုးစေ့ထမင်းကို
အလိုရှိသူတွေ လာပြီး ယူကြပါ”
လို့ မြို့မှာ ကြွေးကြော်တယ်။ လူတွေက သူဌေးအိမ်က
မျိုးစေ့ထမင်းကို ယူကြတယ်။ ဇမ္ဗုဒိပ်နေသူအားလုံးဟာ
သူဌေးကို မှီပြီး အသက်မွေးကြတာပါပဲ။

သူဌေးဟာ အဲဒီဘဝက သေပြီး နတ်ပြည်မှာ
ဖြစ်တယ်။ နတ်ဘဝ၊ လူဘဝတွေမှာ ကျင်လည်ရင်း
ငါတို့ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အခါ ဘဒ္ဒိယမြို့က
သူဌေးအမျိုးမှာ ဖြစ်တယ်။ သူဌေးကတော်ကလည်း
စည်းစိမ်ပေါများတဲ့အမျိုးမှာ ဖြစ်ကာ အရွယ်ရောက်ပြီး
သူ့အိမ်ကိုပဲ လိုက်သွားတယ်။ သူဌေးမှာ သူ့ရှေးကံကို
မှီပြီး အိမ် နောက်မှာ ရှစ်ပယ်ရှိတဲ့အရပ်မှာ
ဆင်၊ မြင်း၊ နွားလားဥသဘလောက် ရှိတဲ့ ရွှေဆိတ်တွေ
ထွက်ပေါ်လာကြပါတယ်။ သားကလဲဒီသား၊
ချွေးမကလည်း ဒီချွေးမ၊ ကျွန်ကလည်း ဒီကျွန်ပဲ
ဖြစ်ကြပါတယ်။

သူဌေးကတော်နာမည်က စန္ဒပဒုမာ၊
သားက ဓနဥ္စယ၊
ချွေးမက သုမနဒေဝီ၊
မြေးမက ဝိသာခါ၊
ကျွန်က ပုဏ္ဏး သူတို့ရဲ့ ဆုတောင်းတွေ ပြည့်ကြပါတယ်။
(ဓမ္မပဒ၊ဋ္ဌ၊ဒု၊၂၃၄)
ပစ္စေကဗုဒ္ဓါတွေသမာပတ်ဝင်စားတဲ့အခါ
သမာပတ်အတွင်းမှာ သမာပတ်အစွမ်းကြောင့်
ဆာလောင်မှုမရှိတာဟာ မှတ်သားစရာပါပဲ။
သမာပတ်က ထလာရင်တော့ ပူလောင်လာပါသတဲ့။
သမာပတ်က ထလာတဲ့ ပစ္စေကဗုဒ္ဓါတွေအား လှူရတဲ့
အလှူဟာ မျက်မှောက်ဘဝမှာပဲ ကောင်းကျိုးတွေကို
ပေးနိုင်ပါပေတယ်။ လှူရကျိုးနပ်ဖို့ရာ အလှူခံ
ပုဂ္ဂိုလ်ဟာ အရေးပါလှပါတယ်။ အလှူရှင်တွေ
ဝမ်းသာကြည်နူးဖွယ် ဖြစ်အောင် တန်ခိုးနဲ့ ကြွပြကြ၊
ခွဲဝေကြတာဟာ သတိပြုစရာပါပဲ။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】