ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကား
လာသော အချိန်အခါ ဖြစ်ပေသည်။ သို့ဖြစ်၍
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် အားလပ်ခွင့်၊
အားလပ်ချိန်များ ရရှိသောအခါ ဝိပဿနာတရား
အားထုတ်လေ့ ရှိကြပေသည်။ ဝိပဿနာတရား
အားထုတ်ခြင်းအလုပ်သည် မိမိတို့အတွက်
အကောင်းဆုံးအလုပ်၊ အကျိုးအရှိဆုံးအလုပ် ဖြစ်ပေသည်။
မိမိတို့ရရှိထားသော အချိန်ပိုလေးများကို အကောင်းဆုံး၊
အကျိုးအရှိဆုံး အသုံးချချင်ပါလျှင် ဝိပဿနာတရား
ရှုမှတ်နေကြရမည် ဖြစ်ပေသည်။
ဝိပဿနာတရား အားထုတ်ခြင်းအလုပ်သည်
ရှုမှတ်မူလေး တစ်ခုကိုသာ ပြုလုပ်နေကြရခြင်း
ဖြစ်ပေသည်။ အကျိုးကိစ္စကတော့ နှစ်မျိုးနှစ်မျိုး
ပြီးပြီးသွားပါသည်။ မိမိတို့ကို အပါယ်သံသရာ၊အပါယ်
ဆင်းရဲ သို့ ကျရောက်စေတတ်သည့် လေဘ၊
ဒေါသ၊ မောဟစသော ကိလေသာတို့ကို ပယ်သတ်ခြင်း
အကျိုးကိစ္စကိုလည်း ပြီးမြောက်စေပါသည်။
မိမိတို့ကို နိဗ္ဗာန်ချမ်းသာသို့ ရောက်စေတတ်သော
သမာဓိဉာဏ်များ ရင့်ကျက် အားရှိစေခြင်း
အကျိုးကိစ္စကိုလည်း ပြီးမြောက်စေပါသည်။
ဤကဲ့သို့ ရှုမှတ်မှုလေးတစ်ခုကို ပြုလုပ်ခြင်းဖြင့်
မိမိတို့ အလိုရှိအပ်သည့်အကျိုး ကိစ္စနှစ်ခုပြီးမြောက်
သွားနိုင်သော အလုပ်ဖြစ်ပေသည်။
ဝိပဿနာတရား ရှုမှတ်ပွားများအားထုတ်ခြင်း
အလုပ်သည် ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း
အပါယ်သံသရာ အပါယ်ဆင်းရဲနှင့် ဝေးဝေးသွားပေသည်။
ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း နိဗ္ဗာန်ချမ်းသာနှင့်
နီးနီးသွားပေသည်။ ငယ်ရွယ်စဉ်အခါကတည်းက
ကောင်းမှုများ ပြုတိုင်းပြုတိုင်း ဆုတောင်းခဲ့သည့်
အပါယ်သံသရာ အပါယ်ဆင်းရဲဒုက္ခဘေးမှ ကင်းဝေး
လွတ်မြောက်ရပါလို၏။ နိဗ္ဗာန်ချမ်းသာသို့ လျင်မြန်စွာ
ရောက်ရှိရပါလို၏ဟူ၍ တေင်းခဲ့သည့် ဆုတောင်း
ပတ္ထနာလည်း ပြည့်စုံပြီးမြောက်သွားနိုင်ပေသည်။
ဤကဲ့သို့ အကျိုးများလှသော ဝိပဿနာတရားကို
ရှုမှတ်ပွားများ အားထုတ်ကြသောအခါ တရားတွေ
မြန်မြန်တွေ့၊ တရားတွေ မြန်မြန်တက်၊
တရားတွေ မြန်မြန်ရစေရန်အတွက် လိုက်နာဖို့ရာ
အကျင့်တရား ၄-ပါးကို အရှင်ကစ္စာယနမထေရ်၊
ညွှန်ပြဟောကြားခဲ့ပါသည်။
လိုက်နာရမည့် အကျင့်တရား ၄-ပါးမှာ-
၁။ စက္ခုမဿ ယထာ အန္ဓော= မျက်စိအမြင်ကောင်းသူ
ဖြစ်စေကာမူ ကန်းနေသူကဲ့သို့ ကျင့်ရမည်။
၂။သောတဝါ ဗဓိရော ယထာ= နားအကြားကောင်းသူ
ဖြစ်စေကာမူ နားပင်းနေသူ ကဲ့သို့ကျင့်ရမည်။
၃။ ပညာဝဿ ယထာ မူဂေါ = စကားပြောကောင်းသည့်
ပညာနှင့် ပြည့်စုံသူ ဖြစ်စေကာမူ၊အ-ဆွံ့ နေသူကဲ့သို့
ကျင့်ရမည်။
၄။ ဗလဝါ ဒုဗ္ဗလောရိဝ = အားအင်ပြည့်ဝသူ ဖြစ်စေကာမူ
အားနည်းနေသူ လူမမာကဲ့သို့ ကျင့်ရမည့်ဟု
ညွှန်ပြဟောကြားခဲ့ပါသည်။
(၁)။ စက္ခုမဿ ယထာ အန္ဓော= မျက်စိအမြင်ကောင်းသူ
ဖြစ်စေကာမူ ကန်းနေသူကဲ့သို့ ကျင့်ရမည် ဟူသည် –
ဝိပဿနာတရား အားထုတ်ကြသောပုဂ္ဂိုလ်တို့သည်
ထိုင်၍ တရားရှုမှတ်သောအခါ၌ မျက်စိကို မှိတ်ထား
ရသည်ဖြစ်၍ ကန်းနေသူကဲ့သို့ ကျင့်ဖို့ရာ
မလိုကြပါသော်လည်း စင်္ကြံ လျှောက်မှတ်သည့်အခါ၊
အထွေထွေအသေးစိတ် ကိုယ်အမူအရာများကို
ရှုမှတ်သည့်အခါတို့၌ စက္ခုန္ဒြေ=မျက်စိကို
မစောင့်စည်းထားမူ၍ မြို့ရွာအရပ်ဒေသများ၌
နေခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြည့်နေ၊
မြင်နေပါက စိတ်တည်ငြိမ်မှု=သမာဓိ မဖြစ်နိုင်ပေ။
သမာဓိမဖြစ်ပါလျှင် ဝိပဿနာဉာဏ်လည်း
မဖြစ်တော့ပေ။ သို့ဖြစ်၍ သမာဓိဉာဏ်များ မြန်မြန်
ဖြစ်စေရန်အတွက် မျက်စိအမြင်ကောင်းသူ ဖြစ်စေကာမူ
မမြင်တဲ့သူ၊ ကန်းနေတဲ့သူကဲ့သို့ ကျင့်ရမည်ဟု
ဆိုလိုပါသည်။
(၂)။ သောတ္တဝါ ဗဓိရော ယထာ=နားအကြားကောင်းသူ
ဖြစ်စေကာမူ နားမကြားသူ၊ နားပင်းနေသူကဲ့သို့
ကျင့်ရမည်။
ဝိပဿနာတရား အားထုတ်ကြသောပုဂ္ဂိုလ်တို့သည်
မြို့ရွာအရပ် ဒေသတို့၌ နေထိုင်ခဲ့သည့်အတိုင်း
အသံအမျိုးမျိုးတို့ကို ကြားနေပါက၊ လိုက်၍သိနေပါက
ထိုအသံအမျိုးမျိုးတို့ကြောင့် စိတ်တည်ငြိမ်မှု-သမာဓိ
မဖြစ်နိုင်ပေ။ သမာဓိမှ မဖြစ်လျှင် ဝိပဿနာဉာဏ်လည်း
မဖြစ်နိုင်တော့ပေ။ သို့ဖြစ်၍ သမာဓိဉာဏ်များ မြန်မြန်
ဖြစ်စေရန်အတွက် နားအကြားကောင်းသူ
ဖြစ်စေကာမူ နားမကြားသူ၊ နားပင်းနေသူကဲ့သို့
ကျင့်ရမည်ဟု ဆိုလိုပါသည်။
(၃)။ ပညာဝဿ ယထာ မူဂေါ = စကားပြောကောင်းသည့်
ဉာဏ်ပညာ နှင့် ပြည့်စုံသူ ဖြစ်စေကာမူ အဆွံ့
နေသူကဲ့သို့ကျင့်ရမည်ဟူသည် -
ဝိပဿနာတရား အားထုတ်နေသောပုဂ္ဂိုလ်တို့သည်
စကားပြောစရာ အကြောင်းကိစ္စထူးမရှိခဲ့လျှင်
စကားမပြောဘဲ နေကြရပေသည်။ စကားပြောခြင်းသည်
ရှုမှတ်မှုကိုပျက်စေသည်။ အားထုတ်နေသည့်
ယောဂီအချင်းချင်း စကားပြောမိပါက နှစ်ယောက်လုံး၊
တရားအမှတ်များ ပျက်သွားကြပေသည်။
၅-မိနစ် စကားပြောမိကြလျှင် ၁၀-မိနစ်ခန့်
တရားအမှတ်များ ပျက်သွားကြပေသည်။
စကားပြောနေစဉ်ကလည်း တရားအမှတ်တွေ-
ပျက်နေပေသည်။ ပြောပြီးသောအခါမှာလည်း
ဘာတွေပြောတာပဲဟု ပြန်စဉ်းစားတတကလည်း
၅-မိနစ်ခန့် တရားအမှတ်တွေ ပျက်နေပေသည်။
သို့ဖြစ်၍ ဝိပဿနာတရား အားထုတ်နေသည့်
အခိုက်မှာ စကားပြောကောင်းသည့် ဉာဏ်ပညာနှင့်
ပြည့်စုံသူ ဖြစ်စေကာမူ အ-ဆွံ့ နေသူကဲ့သို့
ကျင့်ရမည်ဟု ဆိုလိုပါသည်။ -
(၄)။ ဗလဝါ ဒုဗ္ဗလောရိဝ= အားအင်ပြည့်ဝသူ ဖြစ်စေကာမူ
အားနည်း နေသော လူမမာကဲ့သို့ ကျင့်ရမည်ဟူသည်-
ဝိပဿနာတရား အားထုတ်နေကြသောပုဂ္ဂိုလ်တို့သည်
အားအင်ပြည့်ဝသူဖြစ်သည့်အတိုင်း ကိုယ်အမူအရာများကို
မြန်မြန်ဆန်ဆန် ပြုလုပ်နေပါက မှတ်သိစိတ်များက
ကိုယ်အမူအရာများကို မှီအောင်၊ ပစ္စုပ္ပန် တည့်အောင်
မရှုမှတ်နိုင်ကြပေ။ ပစ္စုပ္ပန်တည့်အောင် မရှုမှတ်
နိုင်ပါက တရားသဘောများကို မတွေ့နိုင်ဘဲ၊
ဖြစ်နေတတ်ကြပေသည်။ သို့ဖြစ်၍ ဝိပဿနာတရား
အားထုတ်နေသည့်အခိုက်မှာ အားအင်ပြည့်ဝသူ
ဖြစ်စေကာမူ အားနည်းနေသော လူမမာကဲ့သို့
ကျင့်ရမည်ဟု ဆိုလိုပါသည်။
ဝိပဿနာတရား အားထုတ်နေသောအခါ
ကိုယ်အမူအရာများကို လူမမာကဲ့သို့ သိမ်မွေ့စွာ
ပြုလုပ်မှသာ မှတ်သိစိတ်က နမှီအောင်၊ ပစ္စုပ္ပန်
တည့်အောင် ရှုမှတ်နိုင်မည် ဖြစ်ပေသည်။
ပစ္စုပ္ပန်တည့်မှသာ ပေါ့သည့်-လေးသည့်သဘော၊
တွန်းသည့် ဆွဲသည့်သဘော စသည်များကို
တွေ့သိနိုင်မည် ဖြစ်ပေသည်။ သဘောကိုသိမှသာ
ဥဒယဗ္ဗယ = ဖြစ်ပျက်ကို သိမြင်နိုင်မည် ဖြစ်ပေသည်။
ဖြစ်ပျက်ကိုသိမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို
မြင်နိုင်မည် ဖြစ်ပေသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
တို့ကိုမြင်မှ မိမိတို့ အလိုရှိအပ်၊တောင့်တအပ်သော
နိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိသွားနိုင်ကြမည်
ဖြစ်ပေသည်။ သို့ဖြစ်၍ ဝိပဿနာ့တရား အားထုတ်
နေသောအခါ ကိုယ် အမူအရာများကို လူမမာကဲ့သို့
သိမ်မွေ့စွာ ပြုလုပ်ကြရခြင်း ဖြစ်ပေသည်။
ဝိပဿနာတရားကို မဂ်ရောက် ၊ ဖိုလ်ရောက်၊ နိဗ္ဗာန်
ချမ်းသာသို့ ရောက်သည်အထိ အားထုတ်ကြမည့်
အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် -
စက္ခုန္ဒြေ=မျက်စိကိုလည်း စောင့်စည်းကြရပေသည်။
သောတိန္ဒြေ = နားကိုလည်း စောင့်စည်းကြရပေသည်။
ဇိဝိန္ဒြေ =နှုတ်ဖြင့်လည်း စကားပြောမှုကိုလည်း
ရှောင်ကြဉ်ကြရပေသည်။
ကာယိန္ဒြေ = ကိုယ်အမူအရာကိုလည်း သိမ်မွေ့စွာ
ပြုလုပ်ကြရပေသည်။
ဤကဲ့သို့ အရှင်မဟာကစ္စာယနမထေရ်
ညွှန်ကြားသည့်အတိုင်း လိုက်နာနိုင်ပါက မိမိတို့
အလိုရှိအပ် တောင့်တအပ်သော တရားထူး
တရား မြတ်များကို မိမိတို့၏ ပါရမီအားလျော်စွာ
ရရှိသွားနိုင်ကြမည် ဖြစ်ပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】