မြန်မာပြည်မှာ လူဖြစ်ရတဲ့ပုဂ္ဂိုလ်တွေ၊သာသနာတော်နဲ့
ကြုံတွေ့ရတဲ့ပုဂ္ဂိုလ်တွေ၊မြန်မာပြည်မှာနေတဲ့
ပုဂ္ဂိုလ်တွေ အင်မတန်ကံကောင်းကြတယ်။
ဘာလို့ကံကောင်းကြလဲဆိုရင် မြန်မာပြည်မှာ
ရှိတဲ့ထေရဝါဒက မြတ်စွာဘုရားလက်ထက်က
ဘုရားရှင်ကိုယ်တိုင် ဟောခဲ့တဲ့တရားတွေကို
ရှင်မဟာကဿပတို့ကမူချပြီး ထိန်းသိမ်းခဲ့တဲ့
တရားတွေ ဖြစ်တယ်။ လုံးဝပြုပြင်မှုမရှိဘူး။
ဘုရားတရားတော်အတို်င်း ထားခဲ့တယ်။
အကယ်၍သာ ပြင်ခဲ့ရင် လူတွေဟာ
အစစ်ဆိုတာ တွေ့ဖူးမှာ မဟုတ်တော့ဘူး။

မဟာယာနသာသနာထွန်းကားတဲ့ကိုးရီးယားနိုင်ငံတို့
ဘာတို့မှာ ရှိကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်ကိုလာပြီး
စာပေလေ့လာတယ်။မြန်မာပြည်က တရားဓမ္မတွေကို
လာအားထုတ်ကြလို့ သဘောပေါက်ကြတယ်။
သဘောပေါက်ကြသည့် အတွက်ကြောင့်
တကယ့်သာသနာအစစ်ပါလို့ တချို့ပုဂ္ဂိုလ်တွေ
ပွင့်ပွင့်လင်းလင်း ပြောတယ်။
တချို့ပုဂ္ဂိုလ်တွေကတော့ ကိုယ့်အစွဲလေးနဲ့ကိုယ်၊
ကိုယ့်ဟာလေး ကိုယ်အထင်ကြီးနေကြတာပဲ။
လူဆိုတာက စွန့်ပစ်နိုင်ခဲတယ်လေ။
ကိုယ့်အယူအဆလေး အစဉ်အလာလေးတစ်ခုကို
စွန့်နိုင်ခဲတယ်။

ဘုန်းကြီးတို့ ဧပြီလသင်္ကြန်မှာ ကိုးရီးယားကို
သွားတယ်။ ကိုးရီးယားက ထေရဝါဒဘုန်းကြီးတစ်ပါးက
ပင့်တာနဲ့အဘိဓမ္မာသင်တန်း သွားပို့ချတယ်။
သွားပို့ချတဲ့အခါ အားလပ်တဲ့ရက်မှာ ကိုးရီးယား
လူမျိုး မြန်မာပြည်မှာ ရဟန်းခံထားတဲ့ဘုန်းတော်ကြီး
၈-ပါးဘုန်းကြီးဆီ ရောက်လာကြတယ်။
ဩဝါဒခံယူကြတယ်။

ကိုးရီးယားနိုင်ငံဟာ အကုန်လုံး မဟာယာန
ဘုန်းကြီးချည်းပဲ။မဟာယာနဘုန်းကြီးဆိုတာ
မြင်ဖူးကြပါလိမ့်မယ်။ အဝတ်က မတူဘူး။
အဝတ်အစားကစပြီး ပြောင်းထားတယ်။
ဘောင်းဘီရှည်နဲ့၊ အကျႌနဲ့၊ ဂျပန်ဘုန်းကြီးဆိုရင်
ဘိုကေတောင်ပါလိုက်သေး၊ ဒါတင်မဟုတ်ဘူး။
ဂျပန်ဘုန်းကြီးတွေက အိမ်ထောင်တောင်
ပြုသေးတယ်။ ဘာသာရေးကိစ္စဆောင်ရွက်စရာရှိရင်
ဘုန်းကြီးလိုအပေါ်က အဝတ်လေး ပတ်ထား
လိုက်တယ်။ ဘုန်းကြီးဖြစ်လိုက်၊လူဖြစ်လိုက်နဲ့။
တစ်လောက ဂျပန်က ဘုန်းကြီးတစ်ပါး၊
သူက မြန်မာအမျိုးသမီးတစ်ယောက်နဲ့
လက်ထပ်ထားတယ်။ မြန်မာပြည်မှာလာပြီးတော့
ရန်ကုန်မှာ ရဟန်းခံပွဲလေး လုပ်တယ်။
ဘုန်းကြီးတို့ သွားပြီး တရားဟောပေးတယ်။
အဲဒီမှာ ဂျပန်ဘုန်းကြီး ပါလာတယ်။
ဂျပန်ဘုန်းကြီးက ရဟန်းခံတဲ့ပွဲမှာတော့
သူမပါရဘူးပေါ့။ ထေရဝါဒပွဲမှာ သူမပါရဘူး။
မပါရတော့ သူက မဟာယာနသင်္ကန်းကို
ဝတ်ပြီးတော့ ခပ်လှမ်းလှမ်း ဘေးနားမှာ ထိုင်နေတယ်။
အဲဒီမှာ ဘုန်းကြီးတို့နဲ့ပါလာတဲ့ဒကာတစ်ယောက်က
ရဟန်းခံပြီးတဲ့အခါ ဆွမ်းကပ်တယ်။

ဆွမ်းကပ်တဲ့အခါ အဲဒီဂျပန်ဘုန်းကြီးမြင်
လိုက်ပါတယ်။ အခုဘယ်ရောက်သွားသလဲမေးတော့
လူတွေနဲ့အတူတူ ထမင်းစားနေတယ်တဲ့။
အဲဒီပုံစံမျိုး ဖြစ်သွားတယ်ပေါ့။

ခု ကိုးရီးယားနိုင်ငံမှာလည်း မဟာယာနတွေများတယ်။
အဲဒီမဟာယာနပုဂ္ဂိုလ်တွေထဲက ထေရဝါဒကို
နှစ်သက်တဲ့ပုဂ္ဂိုလ်တွေက ထေရဝါဒရဟန်း
အဖြစ်ကို ခံယူတယ်။ ခံယူပြီးတော့ ဘုန်း
ကြီးနဲ့တွေ့တဲ့အခါကျတော့ “ဆရာတော်တဲ့
တပည့်တောာ်တို့ ဒီနိုင်ငံမှာ မဟာယာနတွေက
အင်အားကောင်းတယ်၊ တပည့်တော်တို့က
လူနည်းစုဖြစ်တယ်။”
သို့သော် ကျောင်း ၄-ကျောင်းရှိတယ်။
သူတို့ကို ကိုးရီးယားအစိုးရက အသိအမှတ်
ပြုပေးထားတာ။ကိုးရီးယားနိုင်ငံမှာ ထေရဝါဒကျောင်း
အသိအမှတ်ပြုသွားပြီ။ ထေရဝါဒဂိုဏ်း
ဆိုပြီးတော့ လက်ခံထားတယ်။

“အသိအမှတ်ပြုထားတော့
တပည့်တော် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ။”
အဲဒါကို လာပြီး ဩဝါဒခံတာ။
ဘုန်းကြီးတို့က ပြောတယ်။
“ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး။
စာမသင်လို့ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော
ဟုတ်နိုးနိုး ဒီလူပြော ဟုတ်နိုးနိုး။
တရားတင်အားထုတ်လို့ရှိရင် ကိုယ်တွေ့တာလေးတင်
အဟုတ်ထင်မှာ”၊ တစ်ယောက်နဲ့တစ်ယောက်
အတွေ့ဆိုတာ တူတာ မဟုတ်ဘူး။
မတူသည့်အတွက်ကြောင့် သူတွေ့တာ
သူပြောလိမ့်မယ်။ ကိုယ်တွေ့တာ ကိုယ်ပြောလို့
ရှိရင် “ကိံသုကောပမသုတ္တန်”လိုပဲ။

ပေါက်ပင်ကြီးကို မြင်တာက တစ်ချိန်စီ
မြင်ထားတာဆိုတော့ ပေါက်ပင်ကြီးက ဘာကြီးလဲ
ဆိုရင် ပေါက်ပင်ကြီးက မီးလောင်ပြင်ကြီးထဲက
သစ်ပင်ကြီးလိုပါပဲ။

အရွက်မရှိ ချောက်ကပ်ကပ်နဲ့၊ ဒီလိုပြောတဲ့
ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ပေါက်ပင်ကြီးဟာ
အရွက်တွေနဲ့ စိမ်းနေတာပါလို့ ပြောတဲ့ပုဂ္ဂိုလ်လည်း
ရှိတယ်။ အပွင့်ပွင့်တဲ့အချိန်မြင်ရင် ပေါက်ပင်ကြီးဟာ
ရဲနေတာပဲလို့ပြောတယ်။ ကိုယ်မြင်တာ
ကိုယ်ပြောကြတယ်။

သူတို့ပြောတာက ပေါက်ပင်တော့ ပေါက်ပင်ပါပဲ။
သို့သော် အကုန်လုံး ပြည့်ပြည့်စုံစုံ ဟုတ်ရဲ့လား?
မဟုတ်ပါဘူး။

ဘာနဲ့ ဥပမာတူလဲဆိုတော့ မျက်မမြင်တွေ ဆင်ကို
စမ်းပြီးတော့ ဆင်ကို ညွှန်းကြ၊သရုပ်ဖော်ကြတာ။
အဲဒီဇာတ်လမ်းလေးကလည်း မြတ်စွာဘုရား
ဟောတဲ့တရားတော်ထဲမှာ ပါတယ်။

မြတ်စွာဘုရားဟောတဲ့ “နာနာတိတ္ထိယ”
ဆိုတဲ့သုတ္တန်ထဲမှာ ပါတယ်။ငယ်ငယ်တုန်းက
ဖတ်ဖူးတဲ့ပုံပြင်လေးကတော့ ဆင်စမ်းတဲ့
မျက်မမြင်ပုဏ္ဏား ၆-ယောက်အကြောင်းတဲ့။
ဖတ်ဖူးကြပါလိမ့်မယ်။ ယခုစာပေထဲမှာတော့
မျက်မမြင်ပုဏ္ဏား ၆-ယောက်မဟုတ်ဘူး။

အတိုချုပ်ပြောရရင် သာဝတ္ထိပြည်က ဘုရားကြီး
တစ်ပါး အပျင်းဖြေတဲ့အနေနဲ့ သာဝတ္ထိပြည်ရှိ
မျက်စိနှစ်ကွင်း အလင်းမရတဲ့သူတွေကို
နန်းရင်ပြင်မှာ စုခိုင်းထားတယ်။ မျက်မမြင်တွေ
နန်းရင်ပြင်ရောက်လာကြတော့ မင်းမှုထမ်းတွေက
အစု ၉-စုခွဲထားတယ်။ အစု ၉-စုခွဲပြီး တစ်စု
နှင့်တစ်စု မတူအောင် ဆင်ကို ပြလိုက်တယ်။

တစ်စုကိုတော့ ဘာကိုင်ပြလဲဆိုတော့
အစွယ်ကိုင်ပြတယ်။ ဆင်ဆိုတာ ဟောဒါကွ
လို့ အစွယ်ကို ကိုင်ပြတော့ ဆင်ဆိုတာ
သံချောင်းကြီးလိုပါလားလို့ အစွယ်ကို ကိုင်ပြီး
ပြောတယ်။ နောက်တစ်စုကိုကျတော့
နားရွက်ကိုင်ပြတာ၊ ဆင်ဆိုတာ ဇကောကြီး
လိုပါလား၊ အဲဒီလိုမှတ်ထားတယ်။

နောက်တစ်စုကျတော့ နှာမောင်းကြီးကို
ကိုင်ပြတယ်။ ထွန်သံကြီးလိုပါလား။
ဒီလိုပြောကြတယ်။

ခြေထောက်ကိုင်ပြတဲ့အစုကျတော့ ဆင်ဆိုတာ
တိုင်လိုဟာကြီးပါလား။ဆင်ရဲ့ကိုယ်လုံးကို
ကိုင်ပြတဲ့အခါကျတော့ ဆင်ဆိုတာ နံရံကြီး
လိုပါလားလို့ အဲဒီလိုပြောကြတယ်။
အမြီးရိုးကိုပြတဲ့အခါ ဆင်ဆိုတာ သံချောင်းကြီး
လိုပါလား။ မြီးဖျားကို ပြတဲ့အခါကျတော့ ဆင်က
တံမြက်စည်းကြီးနဲ့တူတယ်။
အမျိုးမျိုးပြောကြတယ်။

အဲဒီလို တစ်မျိုးစီ မတူအောင် ပြပြီးတဲ့အခါကျတော့
ဘုရင်ကြီးက ထွက်လာတယ်။ ထွက်လာပြီး
အုပ်စု ၉-စုကို မေးလိုက်တယ်။ ကဲ မင်းတို့
ဆင်မြင်ကြပြီလား။ဆင်ကို မင်းတို့မြင်တဲ့အတိုင်း
ပြောကြစမ်း၊ ဆင်က ဘာနဲ့တူလဲဆိုတော့ -
မှန်လှပါဘုရား။
ဆင်ဆိုတာ သံချောင်းကြီးလိုပါဘုရား။
အဲဒီလိုပြောတဲ့အခါကျတော့ ကျန်တဲ့အကောင်တွေက
ဘာသံချောင်းရမှာလည်းကွ -တချို့က တမြက်စည်း
လိုဟာကြီး။တချို့က တိုင်လိုဟာကြီးနဲ့ထပြီး
ငြင်းကြတာ ငြင်းပြီးတော့ ထိုးကြကြိတ်ကြ
ရန်ဖြစ်ကြတယ်။ ဘုရင်ကြီးက သဘောကျပြီး
ခွက်ထိုးခွက်လှန် ရယ်သတဲ့။

ဘာပြောလိုတာတုန်းဆိုတော့ သူတို့ကို
ဆင်ကိုတော့ ပြတာချည်းပဲ။ သို့သော်
ဆင်တစ်ကိုယ်လုံးပြတာ မဟုတ်ဘူး။
အကယ်၍ တစ်ကိုယ်လုံးကို တစ်ပြိုင်နက်သာ ပြမယ်
ဆိုရင် ဆက်စပ်ပြီးတော့ အစွယ်လည်းပါတယ်။
နားရွက်လည်း ပါတယ်။နှာမောင်းလည်းပါတယ်။
ခြေထောက်လည်းပါတယ်၊ အမြီးလည်း ပါတယ်။
ကိုယ်လည်း ပါတယ်။ အဲဒါတွေ အကုန်လုံးပေါင်းမှ
ဆင်ဆိုရင် ငြင်းစရာလိုသေးလား။

ဒါကြောင့်မို့ ငြင်းနေတယ်ဆိုတဲ့လူတွေဟာ
အကုန်မမြင်လို့ ငြင်းနေတာပါ။
အကုန်မြင်ရင် မငြင်းပါဘူး။
ဒါ့ကြောင့် ငြင်းတယ်ဆိုတာ တစိတ်တဒေသသာ
သိတဲ့လူက ငြင်းတာ။အကုန်သိတဲ့လူက မငြင်းဘူး။
မင်းပြောတာလည်း ဟုတ်တယ်။
အေး မင်းပြောတာလည်း ဟုတ်တယ်။
ဒီလိုလက်ခံရမယ်။

ဟုတ်တယ် အစွယ်ကို ပြောတာဟာ သံချောင်းလိုပဲ။
ခြေထောက်ကိုပြောတာဆိုရင် ဟုတ်တယ်
တိုင်ကြီးလိုပဲ၊ လက်ခံရမှာပဲပေါ့။ အကုန်လုံးကို
မမြင်သည့်အတွက်ကြောင့် လူတွေဟာ
ငြင်းနေကြတယ်။ အဲဒီလို အငြင်းပွားနေကြတာဟာ
ပြည့်ပြည့်ဝဝ မမြင်ကြလို့ အငြင်းပွားနေကြတာ။
ဒီလို အငြင်းပွားမှုမျိုး မဖြစ်အောင်။အပြည့်အဝမသိတာ
မဖြစ်ရအောင်၊ ကိုးရီးယားဘုန်းကြီးတွေကို
ပြောရတယ်။ ပိဋကတ်ကို ပြည့်ပြည့်ဝဝ သင်လို့။
ကိုယ့်သန္တာန်မှာ သိလာပြီဆိုလို့
ရှိရင် စာပေဆိုတဲ့ဓမ္မမှတ်ကျောက် ရှိလာပြီ
ဆိုရင် ငြင်းစရာ ရှိဦးမလား၊ မရှိတော့ဘူး။

ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ဆိုတာ စာပေထဲမှာ
ပါတယ်လို့ ။အဲဒီအတိုင်း မှတ်သားပြီးတဲ့အခါ
ငြင်းစရာ မရှိတော့ဘူး။ ဒါကြောင့်မို့ ပရိယတ်ကို
သင်ရမယ်လို့ တိုက်တွန်းထားခဲ့တယ်။

ဆိုလိုရင်းကတော့ အားလုံးဟာ အမှန်တရားသိဖို့
အတွက် ရွှေအစစ်နဲ့ရွှေအတုကို မှတ်ကျောက်တင်ပြီး
ဆုံးဖြတ်ရမယ်။ ဒါဟာ ဘုရားဟောတဲ့တရားအစစ်
ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာ သိချင်ရင်
ဓမ္မမှတ်ကျောက်နဲ့ တင်ရမယ်။ ။