“အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး”
•••••••••••••••••••••••••••••••••••••••••••
ဓမ္မမှတ်ကျောက်-မှတ်ကျောက်ဆိုတာ ရွှေစစ်၊
မစစ်ဆိုတာကို စစ်ဆေးတဲ့အခါမှာ အသုံးပြုတယ်။
အင်္ဂလိပ် criteria လို့ခေါ်တယ်။
ရွှေစစ်၊ မစစ် မှတ်ကျောက်တင်ပြီးကြည့်ရသလို
ဓမ္မနဲ့ပတ်သက်လို့ရှိရင် မြတ်စွာဘုရားဟောတဲ့တရား
ဟုတ်၊မဟုတ် ဓမ္မမှတ်ကျောက်မှာ တင်ပြီးတော့
ကြည့်ရတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင်က
ဓမ္မမှတ်ကျောက်အနေနဲ့ ဟောထားတဲ့သုတ္တန်တွေ
ရှိတယ်။ တရားဓမ္မနဲ့ပတ်သက်ပြီး ဒီတရားဟာ
ဘုရားဟောတဲ့တရား သူကိုယ်တိုင် ဘုရားဆီက
နာခဲ့ရတာ၊ သို့မဟုတ် ဘယ်စာထဲမှာ ပါတယ်၊
ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့ပြောဆိုကြတဲ့
အခါ ကျန်တစ်ဖက်သားကလည်း မဟုတ်ဘူးလို့
ငြင်းကြတယ်။ ငြင်းကြတဲ့အခါမှာ ဓမ္မနဲ့ပတ်သက်ပြီး
ငြင်းခုံမှုတွေ ဖြစ်ပွားကြတယ်။
ဖြစ်လည်း ဖြစ်ပွားခဲ့ဖူးတယ်။
မြတ်စွာဘုရားလက်ထက်တော်တုန်းက အမှန်တရားနဲ့
ပတ်သက်ပြီး အငြင်းပွားမှုတွေ အမြောက်အများ
ရှိခဲ့တယ်။ အဲဒီလို အငြင်းပွားတာဟာ ကောင်းလား?
မကောင်းဘူးလား?ဆိုတော့ မြတ်စွာဘုရားက
“မကောင်းဘူး” တဲ့။
ဘာဖြစ်လဲဆိုတော့ အငြင်းပွားလို့ရှိရင် အကုသိုလ်ဖြစ်တယ်။
အဲဒီတော့ မငြင်းနဲ့။ ဓမ္မမှတ်ကျောက်လေး ကိုယ်စီ
ကိုင်ထားပြီးတော့ ရွှေစစ်၊မစစ်သိချင်ရင်
မှတ်ကျောက်တင်ပြီးတော့ ကြည့်ရသလို
မြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေကို
ကြည့်ပြီးတော့ တို့သိထားတဲ့တရားဟာ
ဘုရားဟောကြားထားတဲ့တရားလား၊
တို့သိထားတဲ့အကြောင်းအရာဟာ ပိဋကတ် ၃-ပုံထဲမှာ
ပါတဲ့ဓမ္မစစ်လားဆိုတာ သိချင်ရင် ဒီမှတ်ကျောက်လေးနဲ့
တိုက်ကြည့်ရတယ်။ ကိုယ့်ရဲ့အရည်အသွေးကို
သိချင်ရင်လည်း ဒီဓမ္မမှတ်ကျောက်ပေါ်တင်ပြီး
ကြည့်ရတယ်။
မြတ်စွာဘုရားက “ဝိဝါဒံ ဘယတော ဒိသွာ
အဝိဝါဒဥ္စ ခေမတော”
ဝိဝါဒ ဆိုတာကိုယ်က တစ်မျိုးပြောတယ်။
သူက တစ်မျိုးပြောတယ်။
အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့
မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့အပြော
၂-ခုပေါ်မူတည်ပြီး သူ့ဟာ မှန်တယ်၊
ငါ့ဟာ မှန်တယ်ဆိုပြီး ဖြစ်ပေါ်မလားဘူးလား။
အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး
သူမှန်တယ်၊ ငါမှန်တယ်လို့ အငြင်းပွားနေရင်
ဘာဖြစ်လဲဆိုရင် အကုသိုလ်တွေ ဖြစ်တယ်တဲ့။
ဒါကြောင့်မို့လို့ ဝိဝါဒမှာ “ဝိဝါဒ”ဆိုတာ ထူးခြားပြီး
တစ်ဦးနဲ့တစ်ဦးမတူတဲ့ “ဝါဒ”ဆိုတာ ပြောတာ၊
အဲဒီတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ပြောဆိုချက်တွေဟာ
ဘယ ကြောက်စရာကောင်းတယ်။ ဘာပြုလို့
ကြောက်စရာကောင်းလဲဆိုရင် အကုသိုလ်
ဖြစ်လာနိုင်လို့ ဓမ္မနဲ့ပတ်သက်ပြီး အကုသိုလ်
မဖြစ်သင့်ဘူး။ ဘာကို အကြောင်းပြုပြု၊
အကုသိုလ် မဖြစ်သင့်ဘူး။
တချို့လူတွေက ပြောတယ်။
ကရုဏာနဲ့ပြောတဲ့ဒေါသ၊ စေတနာနဲ့ပြောတဲ့ဒေါသ၊
အပြစ်မရှိသယောင်ယောင်ပြောတယ်။
ကောင်းကျိုးလိုလားတဲ့စေတနာထားပေမယ့်
ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။
နှစ်ပို်င်းခွဲပြီး မှတ်ရမယ်။ ကရုဏာဒေါသ-ကရုဏာကို
အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒေါသ၊
ကရုဏာက ကောင်းတယ်၊ ဒေါသက မကောင်းဘူး။
အကောင်းအဆိုးရောမနေဘူးလား။
ဒေါသဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ် အကောင်း
တရားမဟုတ်ဘူး။ အဆိုးတရား။
ဒေါသဆိုတဲ့အဓိပ္ပါယ်က “ဖျက်ဆီးခြင်း”လို့အဓိပ္ပါယ်ရတယ်။
ဘာတွေ ဖျက်ဆီးပစ်တာလဲဆိုတော့ ဒေါသဖြစ်လာတဲ့
ပုဂ္ဂိုလ်ရဲ့အခြေအနေတွေဟာ ပျက်စီးမသွားဘူးလား။
နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို
ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ။
ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး။
စိတ်ဓာတ်ကိုသာ ဖျက်ဆီးတာ မဟုတ်ဘူး။
ရုပ်ကိုလည်း ဖျက်ဆီးတယ်။
ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကို ကြည့်ပေါ့။
ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာသည် အရုပ်ဆိုး
အကျည်းတန်သွားတယ်။
ပင်ကိုယ်က ကြည့်ပျော်ရှုပျော်ရှိတဲ့ပုဂ္ဂိုလ်ပင်
ဖြစ်လင့်ကစား စိတ်ဆိုးနေတဲ့မျက်နှာက ကြည့်ပျော်
ရှုပျော် ရှိပါ့မလား။ မရှိဘူးဆိုတော့ ဒေါသဟာ
ရုပ်ကိုလည်း ပျက်စီးစေတယ်။
ဒီထက်ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။
ပြောတဲ့စကားကလည်း မကြားဝံ့မနာသာဖြစ်တယ်။
လုပ်တဲ့အလုပ်ကလည်း ကြောက်စရာကောင်းတယ်။
ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ
မကောင်းဘူး။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】