“စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့
ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ်
ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး”
•••••••••••••••••••••••••••••
ဆီဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။
အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့
ရောတယ်။နောက်ဆုံးမှာ ငှက်ပျောသီးကအစ
ဆေးတို့ ဆေးစိမ်၊စားဝံ့စရာအနေအထား မရှိတော့ဘူး။
ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ စာရင်းဇယားပြုပြီးတော့
သေသေချာချာ ကြည့်မယ်ဆိုလို့ရှိရင်
အသည်းရောဂါတို့ ၊ကျောက်ကပ်ရောဂါတို့ဟာ
ပိုပိုပြီးတော့ များလာတယ်။ဘာကြောင့် ဖြစ်ရတာလဲ
ဆိုရင် အစားအသောက်တွေကြောင့် ဖြစ်တယ်
ဒီလိုဆိုတယ်။

ပိုးသတ်ဆေးတွေလည်း အလွန်အကျွံ သုံး၊
ဓာတုဗေဒဆေးတွေ ဓာတ်မြေသြဇာတွေ
အလွန်အကျွံ အသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့
သီးနှံတွေကို စားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့
မဆုံးနိုင်အောင် ရောဂါဝေဒနာတွေ ဖြစ်လာကြမှာပဲ။
ဒါကြောင့်မို့လို့ ရောဂါဝေဒနာတွေဟာ တဖြည်းဖြည်း
များလာတာဟာ အကုသိုလ်ကံကြောင့်ချည်း
မဟုတ်ဘူး။လူတွေလုပ်ခြင်းကြောင့် ရောဂါဝေဒနာတွေ
ပိုပိုပြီးတော့ ဖြစ်လာတာ။

မြန်မာနိုင်ငံရဲ့မြေပေါ်မှာ တစ်ချိန်တုန်းက
သစ်တောကြီးတွေ လွှမ်းမိုးပြီးတော့ စိမ်းလန်း
စိုပြေနေတယ်။သာယာတဲ့နိုင်ငံတစ်ခုက အခုအချိန်မှာ
တောတွေ၊တောင်တွေဟာ တောပြုန်း၊တောင်ပြုန်း၊
တောင်ကတုံး ကြပ်တီးကုန်းဘဝ ရောက်ကုန်တာ
ဘယ်သူတွေ လုပ်တာလဲလို့ဆိုရင် လူတွေလုပ်ကြတာပဲ။

ဒီမြေပေါ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မဆင်မခြင်
လုပ်ကိုင်သည့်အတွက်ကြောင့် သဘာဝပတ်
ဝန်းကျင်ကြီးဟာ ပျက်စီးသွားပြီးတော့ ဘယ်သူတွေကို
ပြန်ပြီးတော့ ထိခိုက်တုံးဆိုရင် လူတွေကိုပဲ
ပြန်ထိခိုက်တာပဲ။ဒါတွေဟာ သဘာဝတရားတွေကို
မကောင်းအောင်လုပ်ခြင်းသည် မကောင်းကျိုးကို
ပြန်ပြီး ဖြစ်စေတယ်ဆိုတဲ့ နိယာမတရားအတိုင်းပဲ။
ဥပနိဿယပစ္စည်းဖြစ်တဲ့ သဘာဝတောတောင်
ရေမြေတွေဟာ လူတွေကို အကျိုးပြုရမယ့်အစား
လူတွေ ဖျက်ဆီးထားသည့်အတွက်ကြောင့် သူတို့က
တစ်ဖန် လူတွေကို ပြန်ဖျက်ဆီးတဲ့အနေအထားမျိုး
ရောက်ရှိလာပြီ။

အဲဒီတော့ ဘုန်းကြီးတို့တတွေ ခုချိန်မှာ ဒီ သဘာဝ
ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းစောင့်ရှောက်သင့်
သလို လူသားတွေရဲ့ကျန်းမာရေးကိုလည်း
ထိန်းသိမ်းစောင့်ရှောက်ဖို့သင့်တယ်။

နာရေးကူညီမှုအသင်းတွေ ပေါ်လာတယ်ဆိုတာ
မကျန်းမာတဲ့သူတွေ များလာတယ်ဆိုတဲ့
အဓိပ္ပာယ် ပေါ်နေတယ်၊

နာရေးကူညီမှုအသင်းထက် ကျန်းမာရေးကို
ကူညီတဲ့အသင်းက ပိုပြီးတော့ အရေးကြီးတယ်။
သေသွားမှတော့ ဘာမှ မထူးတော့ဘူး။
သေသွားတဲ့ပုဂ္ဂိုလ်ကို ပြန်ရှင်အောင်လည်း လုပ်လို့
မရဘူး။အေး အရေးကြီးတာကတော့ ကျန်းကျန်းမာမာနဲ့
တိုင်းပြည်အကျိုး၊ဘာသာအကျိုး၊သာသနာအကျိုး
ဆောင်ရွက်နိုင်ကြဖို့၊ ကုသိုလ်တရားတွေ မိမိတို့
သန္တာန်မှာ ဖြစ်ပွားစေဖို့ဆိုတာ ဒါက ပိုပြီးတော့
အရေးကြီးတယ်။

အရေးကြီးတာ နဲ့ အရေးမကြီးတာ ခွဲခြားသိပြီးတော့
အရေးကြီးတာကို ပိုပြီးတော့ လုပ်သင့်
လုပ်ထိုက်ကြတယ်ပေါ့။

မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊
အစာအာဟာရထုတ်လုပ်မှုနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊
လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီးပွားရှာနေကြတဲ့
ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ
စီးပွားဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး။

“ဘာဖြစ်လို့ မလုပ်သင့်လဲ။”
•••••••••••••••••••••••••••••
ဘာဖြစ်လို့ မလုပ်သင့်လဲ။
တစ်ဖက်သား နစ်နာမယ့်အလုပ်ဖြစ်လို့ပဲ။
တစ်ဖက်သားနစ်နာမယ့်အလုပ်ကို မလုပ်ဘဲ
“အ,ဘယဒါန ဇီဝိတဒါန”
အလှူတော်ကြီးကို ပေးကြဖို့ လိုတယ်။
မိမိတစ်ဦး စီးပွားရေးလမ်းဖြောင့်ဖို့အတွက်
တစ်ဖက်သား ဒုက္ခရောက်မယ့်အလုပ်မျိုးကို
မလုပ်သင့်ဘူး။

အစာအာဟာရဟာ စားပြီးရင် လူကို အကျိုး
ဖြစ်စေမှ ကောင်းပါတယ်။အကျိုးမဖြစ်စေတဲ့အရာတွေကို
လူတွေစားဖို့ ထုတ်လုပ်ထားရင် မိမိတို့အမြတ်ရရုံ
စီးပွားဖြစ်ရုံသာ ဖြစ်မယ်။

ဒီတစ်ခုတည်း မကြည့်ဘဲနဲ့ အများသတ္တဝါတွေ
ချမ်းသာဖို့ ဆိုတဲ့ မေတ္တာတရားရှေ့ထား
ဗြဟ္မစိုရ်တရား ပွားပြီးတော့မှ စီးပွားရှာသင့်တယ်ပေါ့။

အဲဒီလို မဟုတ်လို့ရှိရင် စီးပွားတော့ ဖြစ်မှာပဲ။
ဖြစ်ပေါ်လာတဲ့စီးပွားကြောင့် မိမိပစ္စည်းကို
အသုံးပြုတဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေဟာ ဒုက္ခ အနန္တနဲ့
ကြုံတွေ့ရနိုင်တယ်။သံသရာမှာ ရလာတဲ့ဘဝမှာ
ကောင်းမှုလည်း မလုပ်နိုင်ကြ၊ တရားဓမ္မလည်း
အားမထုတ်နိုင် နှလုံးမသွင်းနိုင်ကြ။
လူမမာဘဝ ရောက်ရှိပြီးတော့ သနားစရာ
အနေအထားမျိုးနဲ့ ဘဝတစ်ခုကို အဆုံးသတ်သွားကြမှာ။
တန်ဖိုးရှိတဲ့ဘဝဟာ ဘာမှ လုပ်လိုက်ရမှာ မဟုတ်ဘူး။

အေး ဒါကြောင့်မို့လို့ တန်ဖိုးရှိတဲ့ဘဝကို တန်ဖိုးရှိရှိ၊
ကျန်းကျန်းမာမာ အသက်ရှည်ဖို့အတွက်
တို့လုပ်တဲ့ပစ္စည်းဟာ အကူအညီဖြစ်ပါစေလို့
မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ထားပြီး မသန့်တဲ့ဆီတွေ၊
မသန့်တဲ့အာဟာရတွေ၊လူတွေကို အကျိုးမပြုတဲ့အရာတွေ
မိမိတို့ ထုတ်လုပ်ရောင်းချတဲ့ထဲမယ် မပါဝင်ဖို့
ဒါ အင်မတန်မှ အရေးကြီးတယ်။

“အ,ဘယဒါန ဇီဝိတဒါန”
••••••••••••••••••••••••••••••••••••
အဲဒီလို မလုပ်ခြင်းအားဖြင့် ကုသိုလ်မရဘူးလို့
မအောက်မေ့ကြနဲ့။ဒါ “အလွန်ကြီးမားတဲ့ကုသိုလ်”
လို့ ခေါ်တယ်။ဘာကုသိုလ်တုန်းးဆို
“အ,ဘယဒါန ဇီဝိတဒါန”။

လူတွေ ဘေးမဖြစ်အောင် စေတနာထားပြီးတော့
လုပ်သည့်အတွက်ကြောင့် “အ,ဘယဒါန”။
လူတွေ အသက်ရှင်မှုအတွက် အထောက်အကူ
ဖြစ်စေတာ ဖြစ်သောကြောင့် “ဇီဝိတဒါန”။
မေတ္တာတရား ထားပြီးတော့ စီးပွားရှာကြမယ်။
မိမိတို့ပစ္စည်းကို သုံးစွဲကြတဲ့ ပုဂ္ဂိုလ်တွေလည်း
ကျန်းမာကြမယ်၊ အသက်ရှည်ကြမယ်။
အမျိုး ဘာသာ သာသနာရဲ့အကျိုးကို သယ်ပိုး
ဆောင်ရွက်နိုင်ကြမယ်၊ မိသားစုရဲ့အကျိုးကို
သယ်ပိုးဆောင်ရွက်နိုင်ကြမယ်။
ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားနိုင်ကြမယ်
လို့ ဒီလိုအကျိုးတွေ ဖြစ်ပွားစေပါတယ်။

အဲဒီလိုမှ မဟုတ်လို့ရှိရင် မိမိတို့အနေနဲ့ စီးပွား
ဖြစ်ရင်ပြီးရော ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဘာဖြစ်ဖြစ်
ကောင်းတာရော ၊ မကောင်းတာရော အကုန်လုံး
လုပ်ကြမယ်ဆိုလို့ရှိရင် မမှန်မကန်လုပ်တဲ့
ဆေးဝါးတွေသောက်ကြရလို့ ရောဂါမပျောက်ဘဲနဲ့
ရောဂါတွေ တိုးလာနိုင်တယ်။

မမှန်ကန်တဲ့အစားအစာတွေကို စားကြရသည့်
အတွက်ကြောင့် ကျန်းမာရေး ပျက်စီးပြီးတော့
ဆင်းရဲဒုက္ခ ရောက်နိုင်တယ်။အဲဒီလို မဖြစ်အောင်
လူတိုင်းလူတိုင်းဟာ မေတ္တာစေတနာ ထားပြီးတော့
“အ,ဘယဒါန ဇီဝိတဒါန” အလှူကို လှူသင့်တယ်။
ဒါဟာ အင်မတန် “ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုကြီး”
တစ်ခုပါ။

ဘုရားတည် ကျောင်းဆောက်မှ ကုသိုလ်ရတာ
မဟုတ်ပါဘူး။စိတ်နေစိတ်ထားကောင်းမွန်စွာ
အများချမ်းသာဖို့ ဆောင်ရွက်တာတွေမှန်သမျှဟာ
ကုသိုလ်တွေချည်းပါပဲ။အများချမ်းသာအောင်
ဆောင်ရွက်တဲ့ ကုသိုလ်ဟာ အင်မတန်မှ
ကြီးမားတဲ့ကုသိုလ်လို့ ခေါ်ပါတယ်။

အားလုံးစဉ်းစားကြည့်ပေါ့။
မစလရွာက မာဃလုလင်တို့အမှူးပြုတဲ့ လူငယ်
လူရွယ်တွေဟာ လူမှုအကျိုးပြုလုပ်ငန်းတွေကို
လုပ်ကြတယ်။လူတကာနှစ်သက်တဲ့ ကြည့်ပျော်
ရှုဖွယ်ဖြစ်အောင် ပန်းဥယျာဉ်တွေ တည်ဆောက်ကြတယ်။
လမ်းတွေ ခင်းကြတယ်၊ ပြုပြင်ပေးကြတယ်။
အများစိတ်နှလုံး ချမ်းသာအောင် ရေတွင်း
ရေကန်တွေ တူးကြတယ်။

ဒီလူမှုအကျိုးပြု ကုသိုလ်ကောင်းမှုတွေကြောင့်
နတ်ပြည်ရောက်ကြရတယ်။ဒီကုသိုလ်ကောင်းမှုဟာ
“ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ” ပဲ။

အေး ဒါကြောင့်မို့လို့ မိမိတို့ စီးပွားရှာကြတဲ့အခါမှာ
မည်သူပဲဖြစ်ဖြစ် ကိုယ်ရှာတဲ့စီးပွားရေးကို ကိုယ့်ဟာကိုယ်
ဆင်ခြင်သုံးသပ်ပြီးတော့ တို့ရှာတဲ့ စီးပွားရေးကို
အကြောင်းပြုပြီးတော့
-ဘယ်သူ့ကိုမှ မထိခိုက်ပါစေနဲ့။
-ကျန်းမာရေးကိုလည်း မထိခိုက်ပါစေနဲ့။
-စီးပွားရေးကိုလည်း မထိခိုက်ပါစေနဲ့။
-ပညာရေးကိုလည်း မထိခိုက်ပါစေနဲ့။
မှန်မှန်ကန်ကန် တို့ ထုတ်လိုက်တဲ့ပစ္စည်းကို
စားသုံးကြရတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာ ကျန်းကျန်းမာမာ ပျော်ရွှင်စွာနဲ့
လူ့ဘဝကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ကြပါစေ
ဆိုတဲ့ စေတနာ၊မေတ္တာ ထားလိုက်ပါ။

ဒီ စေတနာ မေတ္တာ ထားလိုက်မယ်ဆိုရင်
“အ,ဘယဒါန ဇီဝိတဒါန” အလှူတော်ကြီးကို
နေ့စဉ် ပေးလှူနေတာပဲ ဖြစ်တယ်ပေါ့။
အလွန်မွန်မြတ်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မမှန်ကန်တဲ့ပစ္စည်းတွေ
ထုတ်လုပ်ရောင်းချခြင်းဟာ “ခိုးခြင်း ၂၅-ပါး”
ထဲမှာ ပါဝင်နေတာ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ
အနေနဲ့ ရှောင်ကြဉ်ကြရမှာ ဖြစ်တယ်ပေါ့။ ။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】