လောကမှာနေတဲ့အခါ မေတ္တာရယ်၊ကရုဏာရယ်၊
မုဒိတာရယ်၊ဥပေက္ခာရယ်လို့ ဗြဟ္မဝိဟာရတရား
(၄)မျိုးရှိတယ်။
လူ့ဘဝမှာ တစ်ဦးတစ်ယောက်ထဲတင်ပဲ ဒီ(၄)မျိုးဟာ
အခါအားလျော်စွာ ဖြစ်တယ်။
မြတ်စွာဘုရားက မိဘတွေကို ဗြဟ္မာနဲ့တူတယ်လို့
ဆိုတဲ့ နေရာမှာ ဗြဟ္မာတွေဟာ
ဗြဟ္မဝိဟာရ နဲ့ နေကြတယ်။
မေတ္တာနဲ့ နေတယ်။
ကရုဏာနဲ့ နေတယ်။
မုဒိတာနဲ့ နေတယ်။
ဥပေက္ခာနဲ့ နေတယ်။
သားသမီးတွေအပေါ် မိဘတွေက သက်ရွယ်နုနယ်
ငယ်စဉ်အခါတုန်းက ဒီကလေးလေးကို
ကြီပွားစေချင်တယ်ဆိုတာ “မေတ္တာ”။
နေမကောင်း ထိုင်မသာ မကျန်းမမာဖြစ်နေတယ်ဆိုရင်
ကျန်းမာစေချင်တာက၊မကျန်းမာမှုကနေ လွတ်မြောက်
စေချင်တာက “ကရုဏာ”။
သူ့ဟာသူ အရွယ်ရောက်လာလို့
ပညာလေးတတ်လာပြီ၊အလုပ်အကိုင်တွေ ရလာပြီ
ဆိုလို့ ရှိရင် ဝမ်းသာတာ “မုဒိတာ”။
နောက်ဆုံး သူ့ကိုယ်သူ ရပ်တည်နိုင်ပြီ။
ကိုယ်က ဘာမှကြောင့်ကြစိုက်စရာ မလိုတော့ဘူး။
အရွယ်ရောက်ပြီး အိမ်ထောင်ရက်သားကျသွားပြီ
ဆိုတဲ့အခါ “ဥပေက္ခာ”။ ဒီလိုဆိုလို တာနော်။

အဲဒီတော့ မိဘဟာ သားသမီးအပေါ်မှာ အချိန်ပိုင်းနဲ့
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဖြစ်တယ်။ အဲဒါလိုပဲ
ဘုန်းကြီးတို့တစ်တွေ အားလုံးသတ္တဝါတွေ အပေါ်မှာ
မေတ္တာထားတယ်။ မေတ္တာဆိုတာ ဘာကို ပြောတာတုန်း
ဆိုတော့ မိတ်ဆွေရဲ့ စိတ်ဓာတ်ကို ပြောတာ။
မိတ်ဆွေရဲ့စိတ်ဓာတ်လို့ ပြောလိုက်ကတည်းက
မိတ်ဆွေတွေအပေါ်မှာ ကိုယ်ဘယ်လို
သဘောထားသလဲ၊ ဒါပဲပေါ့။
အဲဒါကိုကြည့်ရမယ်။
ဒါကြောင့်မို့ “မိတ္တဿ ဧသာ မေတ္တာ”
မေတ္တာဆိုတဲ့စကားလုံးက မိတ္တ ကလာတာ။
မိတ္တက မိတ်ဆွေ။ မိတ်ဆွေဆိုတာ အကျိုးစီးပွားကို
လိုလားတဲ့အနေနဲ့ ခင်မင်တယ်၊ ကောင်းစားစေချင်တယ်၊
ကြီးပွားစေချင်တယ်။
အဲဒီ စိတ်ဓာတ်မျိုးကို “မေတ္တာ” လို့ခေါ်တာပဲ။

ကိုယ့်မိတ်ဆွေအပေါ်မှာ ကိုယ်ဘယ်လို သဘောထားလဲ
စဉ်းစားကြည့်ပေါ့။ မေတ္တာရဲ့ အစစ်အမှန်ကို ကိုယ်တွေ့
သိလာလိမ့်မယ်။ မိတ်ဆွေတွေအပေါ်မှာ ဖြစ်စေချင်တဲ့
စိတ်ဓာတ်မျိုး။ အဲဒါ သတ္တဝါတွေ အားလုံး အပေါ်မှာ
အာရုံပြုပြီးတော့ ထားနိုင်မယ်။ တစ်နေ့ကို အကြိမ်ကြိမ်
ဖြစ်အောင် ကြိုးစား။ နှုတ်ကနေ ရွတ်ပြီးတော့ပို့နေဖို့
ပြောတာ မဟုတ်ဘူး။မေတ္တာဆိုတာ မနောကံပဲ။
စိတ်ထဲကနေပြီးတော့ အချင်းချင်းအပေါ်မှာထား။
ဥပမာမယ် အလုပ် အတူတူလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေပဲ
ဖြစ်ဖြစ်၊အလုပ်ရှင်နဲ့ အလုပ်သမားပဲ ဖြစ်ဖြစ်နော်။
အလုပ်ရှင်ကလည်းပဲ သူတို့ကောင်းကျိုးချမ်းသာတွေ
ရကြပါစေ။စားဝတ်နေရေး ပြည့်စုံကြပါစေ။
တို့လုပ်ငန်း အပေါ်မှာ အမှီပြုပြီး သူတို့ ပြေလည်ကြပါစေ။
ဟော ဒါမေတ္တာပဲပေါ့။တစ်ခါ အလုပ်သမားတွေကလည်းပဲ
ကြည့်၊ အေး တို့ရဲ့ အလုပ်ရှင်တွေ အားလုံးပြေလည်ကြပါစေ။
ရောင်းကောင်းပါစေ။ ဒါလည်းပဲ မေတ္တာပဲလေ။
“အပြန်အလှန် မေတ္တာ”ခေါ်တယ်။

❖သေချာစဉ်းစားကြည့်ရင် အလုပ်ရှင်ကလည်း
အလုပ်သမားရှိမှ ရပ်တည်နိုင်သလို ၊
အလုပ်သမားတွေကလည်း အလုပ်ရှင်ကို
အမှီပြုမှ ရပ်တည်နိုင်တယ်။
အပြန်အလှန် မှီခိုနေကြတယ်။
အဲဒီတော့ အပြန်အလှန် မေတ္တာနဲ့ ကူးယှက်ထားမယ်။
မေတ္တာနဲ့ ပေါင်းစပ်ထားမယ်ဆိုလို့ရှိရင် ဒီလုပ်ငန်း
တစ်ခုထဲမှာ Problemဆိုတာ ဘာမှမဖြစ်နိုင်ဘူးပေါ့။
တစ်ဦး တစ်ဦး ကျေးဇူးတွေ တင်နေတာ။

❖အလုပ်ရှင်ကလည်း အလုပ်သမားကို
ကျေးဇူးတင်တယ်။အလုပ်သမားကလည်း အလုပ်ရှင်ကို
ကျေးဇူးတင်တယ်။ ဟော အပြန်အလှန် မေတ္တာရှိနေရင်
ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ အောင်မြင်
ကြီးပွားလာနိုင်တယ်ပေါ့။

❖ကဲ ဒီထဲကနေပြီးတော့မှ တစ်ဦးတစ်ယောက်ဟာ
နိမ့်ကျသွားတယ်။ကိုယ့် လုပ်ဖော်ကိုင်ဖက်
ဖြစ်စေ၊ တစ်ဦးတစ်ယောက် နိမ့်ကျသွားရင်
ဪ အခြေအနေ မကောင်းဘူး။
မကောင်းတဲ့ အခြေအနေလေးတွေ ပြန်ကောင်းပါစေ
လို့ ဆိုတဲ့ စိတ်ဓာတ်ဟာ “ကရုဏာ” လို့ ခေါ်တယ်။
အခက်အခဲတွေက လွတ်မြောက်စေချင်တာ
ကရုဏာပဲ။

❖တစ်ခါ အောင်မြင်ကြီးပွားသွားလို့ ရှိရင်လည်း
ဝမ်းသာနိုင်တာ မုဒိတာ။ ဒါတွေက ဒီအခြေအနေ
အရ ဖြစ်တာ။ မေတ္တာကတော့ အားလုံးကို
ခြုံထားတာနော်။ကရုဏာဆိုတာ အဆင်မပြေဖြစ်ပြီ
ဆိုတဲ့အခါ အဆင်မပြေမှုကနေ လွတ်စေချင်တာ။
မုဒိတာဆိုတာ အဆင်ပြေသွားပြီးတဲ့နောက်မှာ
အဆင်ပြေလို့ အောင်မြင်နေတဲ့အခါ ဝမ်းသာနိုင်တာ။
ဝမ်းမသာနိုင်ရင် ဘာဖြစ်လဲ ဆိုရင် Jealousyဖြစ်တယ်။
ဣဿာ လို့ခေါ်တယ်။
အဲဒီ ဣဿာတရားဟာ ကြီးပွားမှုကို အဟန့်အတား
ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် မုဒိတာပွားနိုင်ရမယ်လို့
ဒီလို ဆိုလိုတာ။

❖နောက် “ဥပေက္ခာ”ဆိုတာ ဘယ်လိုဟာတုန်း။
ဥပေက္ခာ ဆိုတာ အင်မတန်မှ အဓိပ္ပာယ်ကောင်းတယ်။
သို့သော် တလွဲကို နားလည်နေတဲ့အခါ
တချို့ ဥပေက္ခာ က ဘယ်လိုတုန်းဆို “ဟာ ဒီလူတော့
ဆိုးတယ်။မခေါ်မပြောဘူး။ဒီကောင်တော့ မုန်းတယ်။
ငါမခေါ်မပြောဘူး။သူ့ကို ဂရုမစိုက်ဘူး။
ပစ်ထားလိုက်ဦးမယ်” ဆိုတဲ့ဟာ
ဒါ ဥပေက္ခာမဟုတ်ဘူးနော်။
ဥပေက္ခာရဲ့ သဘောက ဆိုပါစို့-
အလုပ်ရှင်က အလုပ်သမားကိုပြောတယ်။ဆုံးမတယ်။
ဆိုတော့ အလုပ်သမားက အလုပ်ရှင်အပေါ်မှာ
ကောင်းတာပြောတယ်။မကောင်းတာ ပြောတယ်။
ဒါမျိုးတွေ ရှိမှာပေါ့နော်။ အဲလိုရှိလာတဲ့အခါမှာ
လုပ်သင့်လုပ်ထိုက်တာက ကိုယ့်အလုပ်ကိုပဲ
ကြိုးစားလုပ်ဖို့ ဆင်ခြင်သုံးသပ်တတ်ကြရမယ်ပေါ့။
ဆင်ခြင်သုံးသပ်ရမယ်။ တချို့ အသေးအဖွဲ
ကိစ္စမျိုးလေးတွေကို သူက ဆုံးမသွန်သင်မှုပြုပြီး
အသေးအဖွဲလေးတွေကိုခွင့်လွှတ်တာ၊
သည်းခံတာမျိုးကိုတော့ “ဥပေက္ခာ” လို့ခေါ်တယ်။

မဆုံးမဘဲနေတာကို ဥပေက္ခာပြောတာ
မဟုတ်ဘူးနော်။လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။
လုပ်သင့်တာကို လုပ်ပြီးတော့ သည်းခံခွင့်လွှတ်တယ်။
နောက်အလုပ်သမားကလည်းပဲ အခွင့်အရေးကို
မျှော်တာ မဟုတ်ဘူး။လုပ်သင့်တာ၊ ကိုယ်လုပ်ရမယ့်
တာဝန်ရရှိလို့ လုပ်တယ်။ကျေအောင်လုပ်တယ်နော်။
ကျေအောင်၊ကျေပွန်အောင် လုပ်တယ်။အခွင့်အရေးကို
မမျှော်ဘူး ဆိုရင် ဒါ ဥပေက္ခာ လို့ ခေါ်တယ်။

အခွင့်အရေးကိုမျှော်ရင် ဥပေက္ခာမဟုတ်ဘူး။
အဲဒီလို အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာနဲ့ဒီလို လုပ်ငန်းတစ်ခု၊ နိုင်ငံမှာလည်းပဲ အစိုးရနဲ့
တိုင်းသူပြည်သား ဆိုတာလိုပေါ့။ မိသားစုထဲမှာလည်းပဲ
မိဘနဲ့သားသမီး ဒီလို အပြန်အလှန် မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာတွေနဲ့သာ နေကြမယ်ဆိုလို့ရှိရင်
အင်မတန်မှ အေးချမ်းတဲ့ အနေအထားမျိုးဖြစ်သွားမှာ။
ဒါ Society အတွက် မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်က
အကောင်းဆုံး လမ်းညွှန်ချက်ပဲ။ ဒီအတိုင်းသာ တကယ်
နေမယ်ဆိုရင် အင်မတန်မှ တန်ဖိုးရှိတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ