-လောကရဲ့ နှစ်သက်စရာကောင်းတဲ့ အရည်အသွေးတွေထဲမှာ လူတော်၊ လူကောင်းနဲ့ လူအောင်မြင်ရယ်လို့ ရှိပါတယ်။ ဘယ်အမျိုးအစားထဲ ပါဝင်ချင်လဲလို့ မေးတဲ့အခါ အမှန်အတိုင်းသာ ဖြေကြမယ်ဆိုရင် ‘လူအောင်မြင်’ပဲ ဖြစ်လိုကြတာပါပဲ။ လူကောင်းတိုင်း လူတော် မဟုတ်သလို၊ လူတော်တိုင်းလည်း လူအောင်မြင် မဖြစ်နိုင်ပါဘူး။ အချိုးအစား အမျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ လူတွေသာ ဖြစ်နိုင်ချေ ရှိပါတယ်။ ကောင်းမြတ်ခြင်း၊ ထက်မြက်ခြင်းနဲ့ အောင်မြင်ခြင်းဟာ သီးခြား ဂုဏ်ရည်တွေသာ ဖြစ်ပါတယ်။

-လောကအတွက် လူကောင်းအများစု လိုအပ်တယ်လို့ လူအများက အပေါ်ယံမှာ လက်ခံထားပေမယ့် စင်စစ်မှာတော့ လူကောင်းဖြစ်ခြင်းကို လူတော်ဖြစ်ခြင်း၊ လူအောင်မြင်ဖြစ်ခြင်းလောက် လက်တွေ့တန်ဖိုး မထားကြပါဘူး။ မိမိကိုယ်ကို ကောင်းမွန်အောင် ပြုပြင်နေတဲ့ လူတွေထက် တော်အောင်ကြိုးစားနေတဲ့သူတွေ၊ အောင်မြင်အောင် ကြံစည်အားထုတ်နေတဲ့သူတွေက ပိုများနေတာကိုကြည့်ရင် အလွန်သိသာပါတယ်။

-**- “ ငါဟာ ပြုမိတဲ့ မကောင်းမှုကို နောက်တစ်ခါ မဖြစ်ရအောင် စောင့်ထိန်းမယ်၊ မပြုရသေးတဲ့ ကောင်းမှုအသစ်တွေကို ဖြစ်စေမယ်။ ရှိပြီးသား စိတ်ဓာတ်အရည်အသွေး တိုးတက်အောင် ကျင့်ကြံမယ်။ မဖြစ်လာသေးတဲ့ မကောင်းမှုတွေကို ဖြစ်ခွင့်မရအောင် ကြိုတင်ရှောင်ရှားမယ်။ ငါဟာ တစ်နေ့ထက် တစ်နေ့ ပိုမို ကောင်းမွန်လာရမယ်”လို့ ပြဓာန်းထားတဲ့သူ နည်းပါးနေပါတယ်။

-လူကောင်းတစ်ယောက်အပေါ် ထားကြတဲ့ လေးစားရိုသေမှုဟာ၊ မကောင်းဘဲ အောင်မြင်နေတဲ့ လူတစ်ယောက်အပေါ်ထားတဲ့ လေးစားရိုသေမှုနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် သေးငယ်လှပါတယ်။ ဒါဟာ လူတွေရဲ့ ကိုယ်ကျင့်တရားအပေါ်တန်ဖိုးထားတဲ့ စံနှုန်း လျော့နည်းသွားပြီး လာဘ၊ သက္ကာရ၊ သိလောကအပေါ် စွဲစွဲလမ်းလမ်း အလေးအမြတ်ထားတဲ့ စိတ်ဓာတ်က ပိုများလာလို့ပါပဲ။ အောင်မြင်သူ တစ်ဦးဦးက မကောင်းမှုကို အားပေးတိုက်တွန်းနေရင် အများက အားတက်သရော် ထောက်ခံတတ်တယ်။ ထင်ရှားတဲ့သူက ပြောတဲ့ လူပြိန်းကြိုက်စကားအလင်္ကာတွေကိုလည်း ဟုတ်နိုးနိုးနဲ့ လက်ဆင့်ကမ်းပြီး ဝါဒဖြန့်တတ်တယ်။

-လူအောင်မြင်တွေဟာ ရှေးဘုန်းကံကုသိုလ်ကြောင့် ဝန်းရံသူများတယ်၊ အချီးမွမ်းခံရတယ်။ ဒါပေမယ့် ဒီအကျိုးပေးတွေကို မကောင်းတဲ့နေရာမှာ အသုံးချမိရင် သံသရာမှာ နစ်နာသွားနိုင်ပါတယ်။ မျက်မှောက်ကာလမှာလည်း မသူတော်တွေက အားပေးပေမယ့် ပညာရှိသူတော်ကောင်းတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားနိုင်ပါတယ်။

-မြတ်စွာဘုရား လက်ထက်တော်တုန်းက “သောဏဒဏ္ဍ”အမည်ရှိတဲ့ ဗြဟ္မဏဆရာကြီး တစ်ဦးဟာ အခြွေအရံပုဏ္ဏားပရိသတ်များ ခြံရံပြီး မြတ်စွာဘုရားထံ ဖူးမြော်ရန် ရောက်ရှိလာပါတယ်။ ဆရာကြီးဟာ မြတ်ဗုဒ္ဓက သူ့ကို ပုစ္ဆာများ မေးမြန်းခဲ့လို့ သူမဖြေနိုင်ရင် ပရိသတ်အလယ်မှာ အရှက်ကွဲတော့မှာပဲဆိုပြီး ကြောက်စိတ်လည်း ဝင်နေမိပါတယ်။ သူကျွမ်းကျင်နှံ့စပ်တဲ့ ဝေဒကျမ်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရင် သိပ်ကောင်းမှာပဲလို့လည်း စိတ်အကြံဖြစ်နေပါတယ်။

-မြတ်စွာဘုရားက ပုဏ္ဏားအိုဆရာကြီးရဲ့ စိတ်ပူပန်မှုတွေကို ကြိုတင် သိမြင်တော်မူတဲ့အတွက် သူအကျွမ်းကျင်ဆုံး ဝေဒပညာနှင့်ဆိုင်ရာကိုသာ မေးမြန်းတော်မူပါတယ်။
“ဗြဟ္မဏ” လို့ အမည်ရဖို့ မည်သည့်အချက်တွေနဲ့ ပြည့်စုံရပါမလဲလို့ မြတ်စွာဘုရားက အလွယ်ဆုံး မေးခွန်းကိုသာ မေးလိုက်ပါတယ်။ ဒီအခါမှာ ဆရာကြီးလည်း ဝမ်းမြောက်ဝမ်းသာနဲ့ မြတ်စွာဘုရားရဲ့ မေးခွန်းကို ဖြေကြားလျှောက်ထားပါတယ်။
.
.
“အရှင်ဂေါတမ၊ ဗြဟ္မဏဟု ဆိုနိုင်ဖို့အတွက် အချက်ငါးချက်နဲ့ ပြည့်စုံရပါမယ်။ ဒီအချက်တွေကတော့..
၁။ အမျိုးဇာတ်မြတ်တဲ့သူ ဖြစ်ရပါမယ်
၂။ ဝေဒကျမ်းတို့ကို ကျွမ်းကျင် တတ်မြောက်ရပါမယ်
၃။ အကျင့်သီလ ကောင်းရပါမယ်
၄။ အဆင်းလှပ တင့်တယ်ရပါမယ်
၅။ ပညာထက်မြက်သူ ဖြစ်ရပါမယ်

ဒီအချက်တွေနဲ့ ပြည့်စုံသူဟာ ဗြဟ္မဏလို့ ခေါ်ဆိုထိုက်ပါတယ်လို့ ဖြေပါတယ်။

- မြတ်စွာဘုရားက ဒီအချက် ၅-ချက်ထဲက တစ်ချက်ချက်ကို နှုတ်ပယ်ပြီးတော့ ဗြဟ္မဏဟု ဆိုနိုင်ပါသေးလားလို့ မေးပါတယ်။ ပုဏ္ဏားကြီးက အဆင်းလှပခြင်းဆိုတဲ့အချက်ကို ဖယ်ပြီး ကျန်အချက် ၄-ချက်နဲ့ ပြည့်စုံရင် ဗြဟ္မဏလို့ ဆိုနိုင်သေးကြောင်း ဖြေကြားပါတယ်။

- မြတ်စွာဘုရားက ကျန်တဲ့အချက် ၄-ချက်ထဲက တစ်ချက်ထပ်လျှော့နိုင်သေးလားလို့ မေးတဲ့အခါ ဝေဒကျမ်းတို့ကို ကျွမ်းကျင်ခြင်းဆိုတဲ့အချက်ကို ဖယ်ပြီး ကျန်အချက် ၃-ချက် ပြည့်စုံရင် ဗြဟ္မဏလို့ ခေါ်နိုင်ပါသေးတယ်လို့ ဖြေလျှောက်ပါတယ်။

- မြတ်စွာဘုရားက ကျန်အချက် ၃-ချက်ထဲက တစ်ချက် လျှော့နိုင်ဦးမလားလို့ ထပ်မံမေးတဲ့အခါ အမျိုးဇာတ်မြင့်မြတ်ခြင်းဆိုတဲ့ အချက်ကို လျှော့ပြီး သီလ၊ ပညာ ၂-ချက်နဲ့ ပြည့်စုံရင် ဗြဟ္မဏဟု ခေါ်ဆိုနိုင်သေးကြောင်း ဖြေလိုက်ပါတယ်။

- ဒီအခါမှာတော့ ပုဏ္ဏားပရိသတ်ဟာ သူတို့အလွန်တန်ဖိုးထားတဲ့ အမျိုးဇာတ်ဆိုတဲ့ Criterion တစ်ခုကို မပါမဖြစ်လို့ သတ်မှတ်ထားတဲ့အတွက် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး မကျေမနပ် စကားသံတွေ ထွက်လာကြပါတယ်။ ဒီအခါမှာ ဗြဟ္မဏဆရာကြီးက ပရိသတ်ထဲက သူ့ရဲ့ တူတော်စပ်တဲ့ အင်္ဂကလုလင်ကို ဥပမာပေးပြီး ရှင်းပြပါတယ်။

''အသျှင်တို့ ငါ၏တူဖြစ်သော ဤအင်္ဂကလုလင်ကို မြင်ကြကုန်၏ မဟုတ်လော''

''အသျှင် မြင်ကြပါကုန်၏''

“အသျှင်တို့ စင်စစ် အင်္ဂကလုလင်သည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏၊ ဤပရိသတ်၌ ရဟန်းဂေါတမကို ထား၍ ထို အင်္ဂကလုလင်နှင့် အဆင်းအားဖြင့် တူမျှသောသူ မရှိ။ အင်္ဂကလုလင်သည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။ ငါသည်ပင် ထို အင်္ဂကလုလင်အား ဝေဒကျမ်းတို့ကို ပို့ချပေးထား၏။ အင်္ဂကလုလင်သည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသော ဇာတ် ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အကဲ့ရဲ့မခံရ။

အကယ်၍ အင်္ဂကလုလင်သည် သူ့အသက်ကိုမူလည်း သတ်ငြားအံ၊ မပေးသည်ကို မူလည်း ယူငြားအံ၊ သူ၏ မယားကိုလည်း သွားလာငြားအံ၊ မမှန်သော စကားကိုမူလည်း ပြောငြားအံ၊ သေရည်ကိုမူလည်းသောက်ငြားအံ၊ အသျှင်တို့ ဤသို့ပြုရာ၌ အဆင်းသည် အဘယ်မူ အံ့နည်း၊ ဝေဒကျမ်းတို့သည် အဘယ်မူအံ့နည်း၊ ဇာတ်သည် အဘယ်မူအံ့နည်း၊ အသျှင်တို့ ပုဏ္ဏားသည်-သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။ ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏။ အသျှင်တို့ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏဟု ပညတ်ကုန်၏။ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း 'ငါ ဗြဟ္မဏ'ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာ” လို့ ဆိုပါတယ်။

- မြတ်စွာဘုရားက သီလ၊ ပညာ နှစ်ချက်ထဲကနေ တစ်ချက်ချက် ထပ်နှုတ်ပယ်နိုင်သေးလားလို့ ထပ်မေးရာမှာတော့ ဗြဟ္မဏဆရာကြီးက ငြင်းပယ်ပြီး သီလ၊ ပညာ နှစ်ချက်ထဲက တစ်ချက်ချက်နှုတ်ပယ်လိုက်ရင် ဗြဟ္မဏလို့ မခေါ်ဆိုနိုင်တော့ကြောင်း သီလနှင့် ပညာသည်သာလျှင် လောကမှာ အမြတ်ဆုံးဖြစ်ကြောင်း လျှောက်ထားပါတယ်။

-မြတ်စွာဘုရားက ပုဏ္ဏားကြီးရဲ့အဖြေကို လက်ခံတော်မူပါတယ်။ ထို့နောက် ပုဏ္ဏားကြီးရဲ့ တောင်းပန်ချက်အရ သီလ၊ ပညာသဘောတို့ကို အကျယ်ဖွင့်ပြ ဟောကြားတော်မူပါတယ်။

- ဒီဇာတ်တော်ကို ထောက်ထားပြီး အများက အလေးအမြတ်ပြုသင့်တဲ့သူဆိုတာ သီလနဲ့ ပြည့်စုံတဲ့ လူကောင်းလည်း ဖြစ်ရမယ်၊ ပညာနဲ့ ပြည့်စုံတဲ့ လူတော်လည်း ဖြစ်ရပါလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ လူတော်လူကောင်းဖြစ်ဖို့ အခြေခံအားဖြင့် ကိုယ်ကျင့်သီလ တရားနဲ့ ပြည့်စုံပြီး အသိပညာ၊ အတတ်ပညာတွေနဲ့လည်း ပြည့်စုံနေသင့်ပါတယ်။

--အကောင်းဆုံးကတော့ မဂ်သီလ၊ ဖိုလ်သီလနဲ့ လောကုတ္တရာပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ လောကုတ္တရာပညာကို ရသူများကတော့ သီလအကြွင်းမဲ့ လုံခြုံပြီး ဖြစ်နေပါတယ်။ လူတော် လူကောင်း အစစ်လည်း ဖြစ်နေပါတယ်။ လာဘ၊ သက္ကာရ၊ သိလောကကို အကြောင်းပြုပြီး လူတော်လူကောင်းဘဝကနေလည်း ပြန်လည်လျှောကျ ပျက်စီးခြင်း မရှိနိုင်တော့ပါဘူး။ လောကုတ္တရာသီလနဲ့ လောကုတ္တရာပညာကို ရရှိရခြင်းကြောင့် သံသရာမှာ ကြုံတွေ့လာနိုင်စရာ ရှိတဲ့ ဘေးရန်တွေ၊ ဆင်းရဲမှုတွေ အကုန်လုံး အရှိန်ကုန် ရပ်တန့် ကင်းပျောက်ကုန်ပါတယ်။ မသေရာ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုရပါတယ်။ ဒါဟာ အကြီးမားဆုံး အောင်မြင်မှုပါပဲ။
.
-ဒါကြောင့် ‘လူတော်၊ လူကောင်း၊ လူအောင်မြင်’အစစ် ဖြစ်လိုရင် နေ့စဉ် သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်တရားတို့နဲ့ မိမိစိတ်ဓာတ် အရည်အသွေးတွေ ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာတွေကို တိုးတက် ပြည့်စုံအောင် အားထုတ်ကြိုးစားရပါလိမ့်မယ်။