သိက္ခာထပ်တိုင်း ရဟန်းဒကာ ဖြစ်မဖြစ်

အခုနောက်ပိုင်း ခေတ်စားလာတဲ့ `ရဟန်းအမိ ရဟန်းအဖ´ ဆိုတဲ့အကြောင်းကို လေ့လာသုံးသပ်မိတယ်၊
လူတော်တော်များများဟာ ရဟန်းခံ သိက္ခာထပ်ပေးလိုက်ရုံနဲ့
ရဟန်းအမိ ရဟန်းအဖအဖြစ် လွယ်လွယ်ကူကူ
ခံယူတတ်ကြတယ်။
ဒါ မှန်ကန်နိုင်ပါ့မလား `ရဟန်းအမိ ရဟန်းအဖ´တဲ့နော်
ကျွန်ုပ် သုံးသပ်မိတာကတော့ ရဟန်းခံပေးတိုင်း ရဟန်းအမိရဟန်းအဖ မဖြစ်နိုင်သလို၊ ရဟန်းမခံပေးသည့်တိုင်း
ရဟန်းအမိ ရဟန်းအဖ ဖြစ်နိုင်တယ်ဆိုတာပါပဲ။
`ရဟန်းဒကာ ဒကာမ´
ဟုတ်ပါတယ် တစ်ချို့က
ရဟန်းရဲ့ကောင်းကွက်ကိုပဲ ကြည့်ပြီး ကိုးကွယ်ဆည်းကပ်တာ၊
အဲ့ဒီရဟန်းရဲ့ဆိုးကွက်လေးတွေ
တွေ့လာပြီဆိုရင် သိပ်မဆည်းကပ်ချင်တော့ပါဘူး၊
ဒီလိုပုဂ္ဂိုလ်တွေကို ရဟန်းခံပေးထားသည့်တိုင် ရဟန်းအမိ ရဟန်းအဖ မခေါ်ဆိုထိုက်ဘူးလို့ ထင်ပါတယ်၊
ဘာကြောင့်လဲဆိုရင် မိဘတစ်ယောက်ရဲ့ဂုဏ်သတ္တိတွေ
သူ့မှာ ရှိမနေလို့ပါပဲ၊
မဖြစ်မနေ ဂုဏ်ပြုရမယ်ဆိုရင်တောင် ရဟန်းဒကာ ဒကာမပေါ့။
`ရဟန်းအမိ ရဟန်းအဖ´
အချို့က ရဟန်းရဲ့ကောင်းကွက် ဆိုးကွက
် နှစ်ခုလုံးကို ကြည့်ပြီး
ကိုးကွယ်ဆည်းကပ်တာ၊ အဲ့ဒီရဟန်းရဲ့ကောင်းကွက်လေးတွေ
တွေ့ရင်လည်း အလွန်ဝမ်းမြောက်ပြီး အဲ့ဒီရဟန်းရဲ့ဆိုးကွက်ကို
တွေ့ပြန်ရင်လည်း အပြစ်တွေချည်း မြင်မနေပဲ
(မိဘက သားသမီးရဲ့အမှားကို အပြစ်ပဲ ပြောမနေပဲ) ကောင်းရာကောင်းကြောင်းလမ်းကို
ရောက်အောင် ညွန်ကြားပေးတယ်၊
မိဘတွေ သားသမီးအပေါ် ထားတဲ့ စေတနာမျိုးပေါ့၊ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးတွေကျတော့
ရဟန်းမခံပေးသည့်တိုင် `ရဟန်းအမိ ရဟန်းအဖ´ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။
သေချာတာတစ်ခုက ရဟန်းဖြစ်နေရုံနဲ့
အကောင်းချည်း မျော်လင့်လို့မရပါဘူး၊
ပုထုဇဉ်မို့ အကောင်းအဆိုး ဒွန်တွဲနေတာပါပဲ၊ အကောင်းတွေပဲ မျော်လင့်ပြီး ကိုးကွယ်ဆည်းကပ်မယ်ဆိုရင်
ရဟန်းမျိုးဆက် တုံးသွားပါလိမ့်မယ်၊
အဆိုးတွေ ပါနေလို့ရှိရင်လည်းပဲ ပြုပြင်ပေးပြီး ကိုးကွယ်ဆည်းကပ်သင့်တယ်၊
ဒါမှ သာသနာကို အရှည်တည်တံ့အောင် ထောက်ပံ့ပေးရာ ကျမှာပေါ့။
မယုံရင် ရဟန်းတစ်ပါးကို ဒကာ/မ တစ်ယောက်လောက်ကသာ
ကိုယ့်ရဲ့သားလို ညီလို မောင်လို ဂရုစိုက်ပြပါ၊
အဲ့ဒီရဟန်း သာသနာမှာ မပျော်ရင်တောင်
လွယ်လွယ်နဲ့ လူမထွက်ရဲတော့ပါဘူး၊
လူထွက်ချင်တိုင်း သူတို့မျက်နှာ ပြေးမြင်တတ်ပါတယ်၊ သူတို့ကို အားနာစိတ်တွေဖြစ်တတ်ပါတယ်၊ အားနာရင်းကနေ တစ်သက်လုံး
ရဟန်းဘဝမှာ ပျော်မွေ့သွားတတ်ပါတယ်။
သာသနာမှာလည်း မပျော်ဘူး၊ ထောက်စရာမျက်နှာလည်း
မရှိဘူးဆိုရင်တော့ အဲ့ဒီရဟန်း လူပြန်တော်ဖြစ်ဖို့ သေချာသလောက်ပါပဲ၊
သာသနာမှာ မပျော်တဲ့ရဟန်း ထွက်သွားပေါ့ ဘာလုပ်မှာလဲတော့ မပြောနဲ့၊
ငါ တစ်သက်လုံး သာသနာမှာ နေသွားမယ်ဆိုတဲ့စိတ်နဲ့ ရဟန်းဝတ်နေသူကတော့
တစ်ရာမှာ တစ်ယောက်ပဲ ရှိပါလိမ့်မယ်၊
ရဟန်းတွေ ရှာမရဖြစ်သွားပါလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကိုယ်ရင်ငယ် ရဟန်းငယ်တွေ တော်တော်နည်းသွားပါတယ်၊ ရဟန်းအလတ်ဖြစ်တဲ့ ဓမ္မကထိကတွေ BA.MA.PhDတွေ
စာချဘုန်းကြီးတွေ သိပ်မလျော့ပါဘူး၊
ကိုယ်ရင်ငယ် ရဟန်းငယ်တွေပဲ လျော့ကျသွားတာပါ၊ ဒါကို သုံးသပ်ရင် အဖြေပေါ်နိုင်ပါတယ်၊
ဓမ္မကထိက BA.MA.PhD စာချဘုန်းကြီးတွေမှာ
မိဘလို ဂရုစိုက်သူတွေများပြီး ကိုယ်ရင်ငယ် ရဟန်းငယ်တွေမှာတော့ မူးလို့ ရှုစရာတောင်မရှိပါဘူး၊
အသက်အရွယ်ကြောင့်လည်း ထွက်ကျတာ ဖြစ်နိုင်ပေမယ့် ထောက်ထားစရာ မျက်နှာမရှိတာက ပိုပြီး အဓိကကျတယ်လို့ မြင်မိတယ်။
အခုခေတ်မှာတော့ ရဟန်းခံပေးပြီး ရဟန်းအမိ ရဟန်းအဖ ဂုဏ်ပြိုင် ခံယူနေတဲ့သူတွေသာများပြီး ရဟန်းအမိ ရဟန်းအဖဂုဏ်ပုဒ်နဲ့
ထိုက်တန်သူကတော့ အလွန်ရှားပါးနေပါပြီ၊
ဒါဟာ ရေရှည်သာသနာအတွက် စိုးရိမ်စရာတစ်ခုပါ။
လူတွေဟာ သာသနာကို သာသနာထဲက
ပုဂ္ဂိုလ်တွေပဲ
ဖျက်လို့ ပျက်မယ်ဆိုတာနဲ့ တစ်ခါတည်း ရဟန်းတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်၊
တကယ်တော့ သာသနာဆိုတာအဆုံးအမပါ၊ အဲ့ဒီအဆုံးအမအထဲမှာ နေသူတိုင်းကို
ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် သာသနာထဲကလို့ ပြောလို့ရပါတယ်၊ ဒါကြောင့် သာသနာဟာ ရဟန်းတွေကြောင့်ပဲ ကွယ်နိုင်တာမဟုတ် ငါတို့ ပယောဂကြောင့်လည်း ကွယ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။