မြတ်စွာဘုရားရဲ့ အဆုံးအမအမှန်တွေဟာ ဒီ tradition ကနေ ခွဲထွက်ဖို့လိုအပ်တယ်၊ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေးဝင်ရောက်နေတာ ဗုဒ္ဓရဲ့အဆုံးအမအစစ်က ခုနကပြောတဲ့အတိုင်းပဲ ဘယ်အချိန်အလုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲ၊ ကောင်းကင်က ကြယ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊ အကုသိုလ်မဖြစ်အောင် လုပ်ရမယ်၊ ကုသိုလ်ဖြစ်အောင် သတိ ဆောင်ရမယ်၊ ဒါမြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။
မြတ်စွာဘုရားရဲ့အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ လုပ်ကောင်းတယ်၊ အကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်၊ တချို့ကျတော့ ဒါလုပ်ကောင်းလား မလုပ်ကောင်းဘူးလား၊ တချို့ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား မေးတဲ့လူကရှိသေးတယ်နော်၊ သြော် ဒါ သံဃာတွေ သီတင်းသုံးနေတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ်၊ respect ပေးလို့ ချွတ်ရင်ကုသိုလ်ရတယ်၊ ဒါမှန်တယ်၊ မချွတ်ချင်ဘူးဆိုရင်လဲ မလေးမစားလုပ်တာ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။
သံဃာတွေနဲ့တွေ့ရင် ချွတ်တယ်၊ သို့သော် ဗမာပြည်မှာ လိုက်နာမှုနှစ်ခုဟာ ဆန့်ကျင်နေတာ တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် စက်ဘီးပေါ်ကမဆင်းဘူး၊ မော်တော်ဆိုင်ကယ်ပေါ်က မဆင်းဘူး၊ ဖိနပ်တော့ချွတ်တယ်၊ ဒါ အဓိပ္ပါယ်မရှိဘူးနော်၊ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ၊ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေ့ါ၊ ဒီလိုဆိုလိုတာပေါ့၊ ရှေးတုန်းကဆိုရင် ဘုရားကျောင်းကန် ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်၊ ဖိနပ်စီးပြီးဝင်လာကြတယ်၊ ဘုရားနဲ့တွေ့တဲ့အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်၊ ဒီလိုကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ အလေးပြုရာကနေ ပေါ်လာတာ၊ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး၊ စီးသည့်အတွက်ကြောင့် အပြစ်မရှိဘူး၊ စော်ကားလို၍ လုပ်ရင်တော့ အပြစ်ရှိတယ်၊ လေးစားလို့ လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ်လုပ်တယ် ဒီလိုပြောရမယ်၊ ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ကျောင်းရှေ့ကဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွားကြတယ်၊ ဒါ အစဉ်အလာ တစ်ခုပဲနော်။
tradition လို့ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊ ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး၊ အခုတော့လဲ စီးနေကြတာပဲ။
အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊ တချို့က သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းဘူးလို့ ပြောကြတယ်၊ မဟုတ်ပါဘူး၊ မဝင်ကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ အိမ်မြှောင်တွေတောင် သိမ်ထဲမှာနေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်၊ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်၊ ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့သိမ်က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲ သမုတ်ထားတယ်၊ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံးရှိနေတာပဲနော်၊ ဒါကြောင့်မို့ မဝင်ကောင်းဘူးဆိုတာမဟုတ်ဘူး။
တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်၊ ဆရာတော် သိမ်ထဲမှာ အိမ်သာ “ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရသလား၊ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့မေးတယ်၊ ရှင်သာရိပုတ္တရာ သမုတ်တဲ့သိမ်ထဲမှာတော့ ဘယ်ကုဋီတင်ကမှာတုန်း၊ သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့ ကိုယ့်ဟာကိုယ် သင့်တော်၏ မသင့်တော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်၊ အေး ဒါကြောင့်မို့လို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ