နောက်ကျိ၍ ဘောင်ဘင်ခတ်နေသော ရေအိုင်ထဲ၌ ငါးတို့သည်ရှိကြကုန်၏။ ခရု၊ ယောက်သွား၊ ကျောက် စရစ်ခဲစသည်တို့သည်လည်း ရှိကြကုန်၏။ ယင်းသို့ ရှိနေကြသည်သာဖြစ်သော်လည်း ၄င်းတို့ကိုမမြင်ရ ပေ။ အကြောင်းမူကား ရေအိုင်သည် နောက်ကျိ လျက် ရေပြင်သည်လည်း မတည်မငြိမ်လှိုင်းခတ် နေသောကြောင့်ပေတည်း။
အကယ်၍ထိုရေအိုင်သည် ကြည်လင်လျက် လှိုင်းဘောင်ဘင်မခတ်ဘဲ တည်ငြိမ်နေပါမူ ငါးတို့ကိုကောင်းစွာ မြင်နိုင်၏။ ခရု၊ ယောက် သွား၊ ကျောက်စရစ်ခဲ စသည်တို့ကို ကောင်းစွာ မြင်နိုင်ရာ၏။
ဤဥပမာဖြင့် နောက်ကျိသောစိတ်နှင့်ကြည်လင် သောစိတ်ကို နှိုင်းယှဉ်၍ သိနိုင်ပေသည်။
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစသော ကိလေသာအညစ်အကြေး ဖုံးလွှမ်းနေလျှင် အမှန်ကိုမမြင်နိုင်။ မသိနိုင်။ နောက်ကျိညစ်ထေးသော ကိလေသာစိတ် သည် အမှား အမှန် အဆိုး၊ အကောင်းကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။
လိုချင်တပ်မက်မှုကြီးလွန်းခြင်း၊ အမျက် ဒေါသ ကြီးလွန်းခြင်း၊ ပလွှားဝင့်ဝါလွန်းခြင်း၊ မနာလိုဝန်တိုခြင်းစသည့် ကိလေသာ အညစ်အကြေးတို့မှ ကင်းသောစိတ်သည် ကြည်လင်သောစိတ်မည်၏။
ကြည်လင်သောစိတ်သည် အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို ပိုင်းခြားသိမြင်နိုင်စွမ်း သည်သာတည်း။ (ဧကကနိပါတ်၊ ပဏိဟိတအစ္ဆဝဂ်၊ စတုက္က သုတ်နှင့်ပဥ္စမသုတ်) ဗုဒ္ဓ၏ဥပမာတစ်ထောင်၊ လေးမြိုင်၊ စာ-၁၇၈။
လူသည် ရုပ်နှင့်စိတ်တို့ပေါင်းစပ်ဖွဲ့စည်းထား ရာဖြစ်ပါသည်။ ရုပ်ကျမ်းမာဖို့လိုသလိုစိတ် ချမ်းသာဖို့လည်းလိုပါသည်။ ရုပ်ခန္ဓာနှင့် စိတ်သည် အပြန်အလှန်မှီတွယ်ဆက်နွယ် နေပါသည်။ ရုပ်ခန္ဓာမကျန်းမာလျှင်စိတ်ကို ပင်ပန်းဆင်းရဲစေပါသည်။ ထို့အတူစိတ် ဆင်းရဲပူပန်လွန်းရလျှင်လည်း ရုပ်ကျန်း မာရေးကို ထိခိုက်စေပါသည်။ အမှန်တော့ ရုပ်နှင့်စိတ်တွင် စိတ်ကဦးဆောင်သူဖြစ်ပါ သည်။ ကာယကံမှု၊ ဝစီကံမှုတို့မည်သည် စိတ်ကစေခိုင်းသည့်အတိုင်း ပြုမူဆောင် ရွက်ကြရခြင်းဖြစ်ပါသည်။
လူတစ်ဦးချင်းစီ၏စိတ်သည် ထိုသူ၏ ကံကြမ္မာကို လွှမ်းမိုးနေပါသည်။ စိတ်ဓါတ် ကြံ့ခိုင်လျှင် ဘဝလည်းကြံ့ခိုင်ပါလိမ့်မည်။ စိတ်ဓါတ်ရှင်းသန့်လျှင် ဘဝလည်းရှင်းသန့် ပါလိမ့်မည်။ စိတ်ဓါတ်ယိမ်းယိုင်လျှင်ဘဝ လည်း ယိမ်းယိုင်ပါလိမ့်မည်။ စိတ်ဓါတ် သေးသိမ်လျှင် ဘဝလည်းသေးသိမ် ပါလိမ့်မည်။ ထို့ကြောင့်လည်း မန္တလေး အနောက်မြို့နယ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အဂ္ဃိယဆရာတော်ကြီးက
ဖျင်းညံ့သဘော၊ စိတ်ဓါတ်ဟော၏။ စိတ်ဓါတ်မြှင့်တင်၊ ဖျင်းညံ့စင်၏။ ဖျင်းညံ့သဘော၊ စိတ်ဓါတ်ဟော၏။ စိတ်ဓါတ်လွင့်စင်၊ ဖျင်းညံ့ဝင်၏။ ဟုမိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။ စိတ်နှင့်ရုပ်အဆင်းလည်းဆက်နွယ်နေပါ သည်။ စိတ်အေးချမ်းနေသော်လည်း ရုပ်အဆင်းသဏ္ဍာန်လည်းနှုးညံ့သိမ်မွေ့ ပါလိမ့်မည်။ စိတ်ကြမ်းတမ်းခက်ထန် လျှင် ရုပ်အဆင်းသဏ္ဍာန်လည်းကြမ်း တမ်းခက်ထန်ပါလိမ့်မည်။ စိတ်မှုန်မှိုင်း ညစ်ထေးနေလျှင် ရုပ်ရည်အဆင်း လည်း မှုန်မှိုင်းနေပါလိမ့်မည်။ စိတ် ကြည်လင်နေလျှင် ရုပ်အဆင်းသဏ္ဍာန် လည်း ကြည်လင်ပါလိမ့်မည်။
အများအားဖြင့်လူတို့သည် စည်းစိမ် ဥစ္စာကိုမြတ်နိုးတန်ဖိုးထားတတ်ကြ သည်။ ရာထူးအရှိန်အဝါ၊ ဂုဏ်ပကာ သနတို့ကို မက်မောတတ်ကြသည်။ ကျော်ကြားထင်ရှားမှုကို လိုချင်ကြ သည်။ အမှန်စင်စစ် ထိုအရာတို့ထက် ပိုမို၍ တန်ဖိုးထားအပ် မြတ်နိုးအပ် လိုချင်မက်မောအပ်သောအရာတစ်ခု ကိုကား အများအားဖြင့် မေ့လျော့နေ ကြသည်။ ထိုအရာကား ငြိမ်းချမ်း ကြည်လင်ဖြူစင်သိမ်မွေ့သောစိတ် နှလုံးရှိခြင်းပင်ဖြစ်ပါ၏။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝခြင်းသည်ကောင်းပါ၏။ သို့တစေ ယင်းအရာများနှင့်ပြည့်စုံနေ စေကာမူ ကြည်လင်ဖြူစင်သောစိတ် နှလုံးမရှိသော် ဘဝတွင် နေရကျိုးမနပ် လေပါ။ ရုပ်ဝတ္ထုပစ္စည်းပြည့်စုံချမ်းသာ စေကာမူ စိတ်နှလုံးကြည်လင်ချမ်းသာ မှုမရှိသောဘဝတွင် နေပျော်လိမ့်မည် မဟုတ်ပါ။ ခေါက်ရှာငှက်ပျံနှင့်တူသော လောကဓံတရား၏ဒဏ်ကိုလည်း တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့မလွယ် ပါ။
ဤလောက၌ မိမိ၏မိသားစုများဘဝပေး အခြေအနေများအပေါ်မိမိစိတ်ကြိုက် ပြုပြင်ဖန်တီး၍ ရနိုင်သည်တို့လည်း ရှိမည်။ မရနိုင်သည်တို့လည်းရှိမည်။ ဘဝပေးအခြေအနေအရ ပျော်ရာမှာ မနေရဘဲ တော်ရာမှာ နေရခြင်းမျိုး တွေရှိနေနိုင်ပေသည်။ မိမိ၏သား သမီးတို့ကိုဆုံးမ၍မရနိုင်သည်တို့ရှိ သလို ဆုံးမ၍ရသည်တို့လည်းရှိနေ နိုင်မည်။ ဆိုချင်သည်မှာ မိမိနှင့်ပတ် သတ်သူများ၊ ပြင်ပဗဟိဒ္ဓအခြေအနေ များအပေါ်မိမိစိတ်ကြိုက်ဖန်တီး၍မရ နိုင်လေပါ။ ထိုအရာများကို မိိမိမပိုင် လေပါ။ ဤကမ္ဘာပေါ်တွင် မိမိတစ်ဦး တည်းသာ သီးသန့်ပိုင်ဆိုင်ပြီး မိမိ စိတ်ကြိုက်ပုံဖော်ဖန်တီး၍ ရနိုင်သော အရာမှာ မိမိ၏စိတ်နှလုံးသာဖြစ်၏။ သည်စိတ်နှလုံးကို အေးချမ်းအောင်၊ နူးညံ့သိမ်မွေ့အောင်၊ သန့်စင်အောင်၊ ကြည်လင်ချမ်းမြေ့အောင် ထားနိုင်ဖို့ ကြိုးစားရမည်မှာ မိမိဘဝ၏အရေး အကြီးဆုံးနှင့်ပဓါနအကျဆုံးလုပ်ငန်း ဆောင်တာတစ်ရပ်ဖြစ်ပါ၏။
ဤလုပ်ငန်းဆောင်တာကို ထမ်းဆောင် ရန်အတွက် ပထမဦးဆုံးလိုအပ်ချက် မှာ စိတ်၏သဘောသဘာဝကိုနားလည် ထားဖို့ပင်ဖြစ်ပါသည်။ စိတ်ဟူသည် ပကတိအားဖြင့် ဖြူစင်ဝင်းလက်ပါ သည်။ သို့တစေ ကိလေသာကာမဂုဏ် အာရုံတို့၏ သွေးဆောင်မှုကိုခံရသော အခါ ညစ်နွမ်းသွားပါသည်။ ကိလေသာ တို့၏ အတိုက်ဓါတ်၊ အဆွယ်ဓါတ်နောက် သို့ မဆင်မခြင်လိုက်ပါသွားမိသောအခါ စိတ်၏နဂိုနေပျက်ယွင်းသွားသည်။ တည်ငြိမ်ရာမှ လှုပ်ရှားယိမ်းထိုးသွား သည်။ အေးချမ်းရာမှ ပူလောင်သွား သည်။ ကြည်လင်ရာမှ မှုန်မှိုင်းသွား သည်။ ထို့ကြောင့်စိတ်ကိုသတိထား စောင့်ကြည့်ဖို့လိုပါသည်။
တချို့က စိတ်ကိုစိတ်အတိုင်းထားပါဟု လွဲလွဲမှားမှား ဆိုတတ်ကြပါသည်။ စိတ်ကိုစိတ်အတိုင်း ပစ်ထား၍မရပါ။ အဘယ်ကြောင့်ဆိုသော်စိတ်သည် အာရုံအမျိုးမျိုးနောက်သို့ကောက်ကောက် ပါလိုက်နေတတ်သည်။ တစ်ခါတစ်ရံမျှ ငြိမ်သက်၍မနေ။ ထိုထိုဤဤယောက် ယက်ခတ်လှုပ်ရှားပြေးလွှားနေသည်မှာ စိတ်၏ အစုန်သဘောဖြစ်ပါသည်။ ဤသို့ အာရုံအမျိုးမျိုးတွင် ကပ်ငြိဗျာများနေသည် နှင့်အမျှ စိတ်အစဉ်တွင် ကြည်လင်မှုပျောက် ဆုံးနေပေလိမ့်မည်။ စိတ်ကိုစိတ်အတိုင်း ထားပါဟူသော အယူအဆသည် အကျိုး စီးပွားမဲ့စေသော အယူအဆမှားသာဖြစ် ကြောင်း ဓမ္မဒူတအရှင် ဆေကိန္ဒဆရာ တော်က ဤသို့မိန့်တော်မူခဲ့ပါ၏။
စိတ်ကိုစိတ်အတိုင်းထားပါ။ စိတ်ဆိုတာ ဖြူစင်ပြီးသားပါလို့ အပြောသက်သက်နဲ့ လူပြိန်းအကြိုက်နည်းတွေလည်းရှိတတ်ပါ တယ်။ စိတ်ဆိုတာ နဂိုက ပြိုးပြိုးပြက်ပြက် အရောင်ထွက်တယ်။ သန့်ရှင်းတယ်လို့ မြတ်ဗုဒ္ဓရဲ့စကားကိုယူပြီး ကိုယ့်အကြိုက် ကိုယ်ပြောဆိုနေကြတာပါ။ ပုထုဇဉ်တွေရဲ့ စိတ်ဟာမကောင်းမှုမှာသာအပျော်များ တယ်။ အဖြစ်များတယ်လို့လဲမြတ်ဗုဒ္ဓက ဟောတော်မူခဲ့ပါတယ်။
စိတ်ကိုစိတ်အတိုင်းထားလို့မရပါဘူး။ ကိလေသာအခံရှိတဲ့စိတ်က ပုထုဇဉ်တွေရဲ့ စိတ်ပါ။ ကိလေသာဓါတ်ဆိုးတွေကိုမပယ် သတ်နိုင်သရွေ့ ဒီဓါတ်ဆိုးတွေကဒီစိတ်ကို ခြယ်လှယ်ကြပါတယ်။ စိတ်ကိုစိတ်အတိုင်း ထားလိုက်ပါလို့လွယ်လွယ်ပြောတဲ့နည်းနဲ့ ဘုရားရှင်ရဲ့စိတ်ချမ်းသာစွာနေနည်းက မတူပါဘူး။ လုံးဝဆန့်ကျင်ဘက်ပါ။
သို့ဖြစ်၍ စိတ်ကိုကြည်လင်အေးချမ်းစေ လိုသော် စိတ်ကိုစိတ်အတိုင်းထား၍မရပါ။ စိတ်ကိုပစ်ထားလျှင် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ သာဋ္ဌေယျစသော ဆူးပင်ရိုင်းများစိတ် ဥယျာဉ်အတွင်း အပြိုင်းအရိုင်းတောထ နေပေလိမ့်မည်။မကောင်းမှုပြုရမှာမရှက် ခြင်း၊ မကောင်းမှုကိုမကြောက်ခြင်း၊ ပျံ့ လွင့်ခြင်း၊ တပ်မက်ခြင်း၊ အမြင်မှားခြင်း၊ ထောင်လွှားခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ ဝန်တိုခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း၊ စိတ်မအီမသာဖြစ်ခြင်း၊ ဆုံးဖြတ်မှုမရှိခြင်း စသည် စိတ်တွင်မစင်ကြယ်မှုများဖြင့် ပြည့်လျှမ်းနေပေလိမ့်မည်။ စိတ်ထဲသို့ အညစ်အကြေးများ ဝင်ရောက်မလာစိမ့် သောငှါ စိတ်တွင် မည်သို့ဖြစ်နေသည်ကို သတိဖြင့် စောင့်ကြည့်ဖို့လိုပါသည်။ မိမိ၏ စိတ်ကို သတိနှင့်စောင့်ကြည့်မှသာ မိမိ၏ အတွင်းသန္တာန်တွင် လေပြည်လေညင်း တိုက်ခတ်နေသလား၊ တည်ငြိမ်အေးချမ်း နေသလား၊ ပူလောင်ဆူပွက်နေသလား ဟူသည်ကို ကြည်ကြည်လင်လင်သိမြင် နိုင်ပေသည်။
နေ့စဉ်နှင့်အမျှကိုယ့်စိတ်ကိုယ်သိပြီးစိတ် ကလေးကို အေးနေအောင်ထားတတ်ဖို့ လိုပါသည်။ မိမိဘဝင်မကျတာ၊ အလို မကျတာ၊ မနှစ်မြို့နိုင်တာတွေ့ကြုံရ သည့်တိုင် အကြီးအကျယ်တုန်လှုပ်မသွား ဖို့လိုပါသည်။ စိတ်တွင်အလွန်အမင်းထိ ခိုက်ခြင်းမျိုး အဖြစ်မခံဖို့လိုပါသည်။ မည်သို့သောအခြေအနေမျိုးနှင့်ကြုံတွေ့ ဆုံစေ မိမိ၏စိတ်ကြည်လင်အေးချမ်းမှု မပျက်ပြားအောင် ထိန်းသိမ်းဖို့လိုပါ သည်။ မိမိ၏စိတ်ကြည်လင်အေးချမ်းမှု သည် မိမိ၏လက်ထဲမှာသာရှိရမည်ဟု စွဲစွဲမြဲမြဲသန္နိဋ္ဌာန်ချထားသင့်ပါသည်။
စိတ်ကြည်လင်အေးချမ်းစေသောနောက် တစ်နည်းမှာ အတောမသပ်သော အပိုလို အင်ဆန္ဒများနောက်သို့ ကောက်ကောက်ပါ မလိုက်ပါရန်ဖြစ်ပါသည်။ အပိုလိုအင်ဆန္ဒ များလေ စိတ်လှုပ်ရှားဗျာများရလေ၊ စိတ် မချမ်းသာဖြစ်ရကာ နယ်နိမိတ်မဲ့သောအပို လိုအင်ဆန္ဒများကို ဇတ်သတ်ထိန်းချုပ်မှသာ စိတ်နှလုံးအနားရပေလိမ့်မည်။ စိတ်ကြည်လင် အေးချမ်းအောင်ဆောင်ရွက်သောနည်းလမ်း များထဲတွင် အကောင်းဆုံးနည်းလမ်းမှာ ၀ိပဿနာဘာဝနာတရားအားထုတ်ခြင်းဖြစ် ပါသည်။ ဤသည်နှင့်စပ်လျဉ်း၍ဆရာတော် ဦးဇောတိကက
တရားအားထုတ်ရင်စိတ်ကြည်လင်တယ်။ အေးချမ်းလာတယ်။ အသိဉာဏ်တွေသန့်ရှင်း လာတယ်။ မလုပ်သင့်တာတွေမလုပ်ဖြစ်ဘူး။ အမှားအယွင်းနည်းသွားတယ်ဆိုရင်ပဲစိတ် ချမ်းသာလာတယ် ဟု မိန့်တော်မူခဲ့ပါသည်။
ပကတိကြည်လင်သန့်စင်နေသောကြေးမုံ ပြင်တွင် ထင်သည့်ပုံရိပ်များသည်ပြတ်သား ရှင်းလင်းသည်။ ထို့အတူစင်ကြယ်သန့်ရှင်း သော ကြည်လင်အေးချမ်းသော၊ စိတ်အစဉ် ၌သာ သိမ်မွေ့နက်ရှိုင်းသောတရားဓမ္မများ အသိပညာအတွေးအခေါ်များ ပီပီပြင်ပြင် ထင်ဟပ်နိုင်ပါလိမ့်မည်။ စိတ်အညစ်အကြေး များဖြင့် ညိုမောင်မှုန်မှိုင်းနေသော စိတ်ထဲ သို့ သိမ်မွေ့နက်ရှိုင်းသော ဓမ္မအသိများ၊ အတွေးအခေါ်များ ဝင်ရောက်နိုင်မည်မဟုတ် ပါ။
နေ့စဉ်နှင့်အမျှစိတ်ကို အေး နေအောင်၊ တည်ငြိမ်နေအောင်၊ ကြည်လင်နေအောင် ထားတတ်သူသည် စိတ်ထားပိုကောင်းလာ ပါသည်။ စိတ်ပေါ့ပါးနူးညံ့လာပါသည်။ သည်လိုလူမျိုးက သူ၏မိသားစုနှင့်သူ၏ ပတ်ဝန်းကျင်ကို ကောင်းစွာအကျိုးပြုနိုင်ပါ သည်။ ဘဝတိုတိုမှာ နေရစဉ်အခိုက်စိတ် အညစ်အကြေးရှင်းရှင်းနှင့် ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်းနေနိုင်မှသာ ဘဝဟာ အဓိပ္ပါယ်ရှိပြီးနေပျော်သော မင်္ဂလာ ရှိသော ဘဝဖြစ်လာပေလိမ့်မည်။
မင်းနန်(မော်ကျွန်း)