ရတနာသုံးပါးနဲ့ မဟေမာ
*************************
တစ်ခါတုန်းက သီဟိုဠ်ကျွန်းလို့ခေါ်တဲ့ ယခုသီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာ မဟေမာ ဆိုတဲ့ အမျိုးသမီးလေး တစ်ဦး ရှိခဲ့ဖူးတယ်။ သူမဟာ ရုပ်ရည်အင်မတန် ချောမောလှပသလို အသိအလိမ္မာရှိပြီး ရတနာသုံးပါးကို အလေးထား ဦးစားပေးတဲ့ သူလည်းဖြစ်တယ်။ သူမရဲ့ မိဘတွေဟာ မဟေမာလေးကို ငယ်စဉ်အခါကတည်း ဘုရားသွား ကျောင်းတတ် အမြဲတမ်းခေါ်ဆောင် သွားလေ့ရှိခဲ့တယ်။ သို့အတွက်ကြောင့် သူမဟာ ငယ်စဉ်အခါကတည်းက ဗုဒ္ဓတရားတော်များနှင့် ရင်းနှီကျွမ်းဝင်ကာ ရတနာသုံးပါးဂုဏ်တော်များနှင့် ပဋ္ဌာန်း ၊ ဓမ္မစကြာ တရားတော်တွေကို နှုတ်တက်အာဂုံ ရွတ်ဆိုနိုင်ခဲ့တယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာ မဟေမာဟာ မဟာတိတ္ထလို့ခေါ်တဲ့ သမုဒ္ဒရာဆိပ်ကမ်း တစ်ဘက်မှာ နေတဲ့ သင်္ဘောသားလေး တစ်ယောက်နဲ့တွေ့ဆုံပြီး ချစ်ကြိုက်မိခဲ့တယ်။ တစ်နေ့မှာတော့ သင်္ဘောသားလေးဟာ ကုန်ရောင်းသွားရင်း လမ်းခရီးမှာ ဖျားနာနေတဲ့ အတွက်ကြောင့် သူမထံ ပြန်ရောက်မလာခဲ့ဘူး။ ဒါနဲ့သူမဟာ အရဲစွန့်ပြီး ချစ်သူ သင်္ဘောသားလေးနောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ သူမမှာ ရတနာသုံးပါးမှ တစ်ပါး အခြား အားကိုးစရာမရှိတဲ့ အတွက်ကြောင့် သူမအိမ်က ထွက်ကတည်းက ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကိုအာရုံပြုပြီး ပဋ္ဌာန်းနဲ့ ဓမ္မစကြာတရားတော်တွေကို ရွတ်ဖတ် ပွားများလာခဲ့တယ်။ သူမရင်ထဲမှာ အချစ်သောကမီးအပူတွေ တောက်လောင်လို့နေပေမဲ့ သူမဟာ ရတနာသုံးပါးကို မေ့မသွားခဲ့ဘူး။ သို့သော်လည်း သူမဟာ ပုထုဇဉ်ဖြစ်သည့်အလျောက် သူမသေရမှာထက် ချစ်သူနဲ့ ခွဲခွါရမှာကို ပိုပြီးကြောက်ရွံ့နေခဲ့တယ်။

ဒီလိုနဲ့ သူမဟာ တစ်ဦးတည်း ချစ်သူရှိတဲ့အရပ်ဆီသို့ ထွက်လာခဲ့ရာ မြစ်ဆိပ်တစ်ခုကို ရောက်လာခဲ့တယ်။ အဲဒီမြစ်ဆိပ်ကနေ သူမဟာ လှေငယ်လေး တစ်စီးကို လှော်ခတ်ကာ သမုဒ္ဒရာကြီးကို အရဲစွန့်ပြီး ကူးခဲ့ပါတယ်။ သမုဒ္ဒရာအလယ်အရောက်မှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူမလှေကလေးဟာ လှိုင်းလုံးတွေကြားမှာ တိမ်းမှောက်ပြီး ရေထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို အာရုံပြုလျက် သမုဒ္ဒရာအတွင်းမှာ ဆက်လက် ကူးခတ်နေခဲ့ပါတယ်။

အဲဒီလို သူမ သမုဒ္ဒရားအတွင်းမှာ ကူးခတ်နေစဉ်မှာပဲ သမုဒ္ဒရာစောင့် နဂါးမင်းဟာ သူမရွတ်ဖတ်နေတဲ့ ဂုဏ်တော်တွေရဲ့ အသံကို ကြားပြီး သူမထံ ရောက်လာခဲ့တယ်။ ပြီးတော့ နဂါးမင်းက….
“အို….. မိန်းကလေး၊ သင့်ရဲ့ အဆင်းရုပ်ရည်းကား တင့်တယ်လှပပါပေစွ၊ အဘယ့်ကြောင့် လှိုင်းလေ အင်မတန်ပြင်းထန်ပြီး၊ ငါးမန်းတွေ အလွန်ပေါတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးထဲမှာ အသက်စွန့်ပြီး လက်ပစ်ကူးနေရပါသလဲ” လို့ မဟေမာကို မေးလိုက်တယ်။
“အို …. အရှင်နဂါးမင်း၊ အကျွန်ုပ်ရဲ့ နှလုံးသားကို အချစ်ဆိုတဲ့ ရာဂဘီလူးဟာ သန်လျက်ဓားနဲ့ ခုတ်ဖြတ်ထားအပ်ပြီ၊ အကျွန်ုပ်ဟာ သမုဒ္ဒရာမှာအလယ်မှာ ရေနစ်သေရမှာထက် ချစ်သူနဲ့ ခွဲရမှာကို ပိုပြီး ကြောက်လှပါတယ်။ ဒါကြောင့် သေလိုကသေစေ၊ ရှင်လိုက ရှင်စေဆိုပြီး သမုဒ္ဒရာကို လက်ပစ် ကူးနေရခြင်း ဖြစ်ပါတယ်”
“အို… ချစ်လှစွာသော နှမငယ်၊ သင်သည်မပြုအပ်၊ မပြုထိုက်သော အမှုကို ပြုဝံ့လေစွ၊ ချစ်ခြင်း ရာဂတရားဟာ သင့်ကို အနိုင်အထက် နှိပ်စက်လေခြင်းကား အံ့သြဖွယ်ရှိပါပေစွ။ နှစ်နှမ… သင်တို့ သီဟိုဠ်ကျွန်းသူတို့ မည်သည်မှာ ဘုရား၊ တရားကို သိတတ်ကြကုန်၏။ မြတ်စွာဘုရားရှင်၏ တရားတော်တွေကို နှုတ်တတ်အာဂုံ ဆောင်နိုင်တယ်လို့ ငါကြားသိရ ဖူးပါတယ်၊ သင်ကော မည်သည့် တရားတော်များကို အာဂုံဆောင်ခဲ့ပါသနည်း”
“ဟုတ်ပါတယ် အရှင်နဂါးမင်း၊ အကျွနု်ပ်ကား နေ့စဉ်ပင်လျှင် ရတနာသုံးပါးရဲ့ဂုဏ်တော်တွေကို ပွားများကာ ဘုရားရှင်ကို ပူဇော်လျက်ရှိပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်ကို နှုတ်တတ်အာဂုံဆောင်ခဲ့ပါတယ်”
“အို…. ကောင်းလိုက်လေခြင်း ချစ်နှမ၊ ငါဟာ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာကို အင်မတန ်နာယူလိုလှပါတယ်၊ ငါ့အားဟောကြားပေးပါ ချစ်နှမ။”
“ကောင်းလှပါပြီ အရှင်နဂါးမင်း၊ ကျွနု်ပ်ရွတ်ဖတ်ပူဇော်ပေးပါ့မယ်။ နားထောင်ပါလေ”
ထိုခဏမှာပဲ နဂါးမင်းကြီးဟာ တရားတော်နာယူဖို့ ရတနာမဏ္ဍပ်ကြီးကို သမုဒ္ဒရာအတွင်းမှာ ဖန်းဆင်း ပေးလိုက်ပါတယ်။ ပြီးတော့ မဟေမာလေးကို ရတနာမဏ္ဍပ်အတွင်း ခင်းထားတဲ့နေရာမှာနေစေပြီး ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်ကို မဟေမာထံမှ ရိုရိုသေသေနာယူခဲ့တယ်။ မဟေမာလည်း မိမိနှုတ်တတ်အာဂုံဆောင်ထားတဲ့ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်တွေကို အသံကြည်ကြည်လင်လင်ဖြင့် ရွတ်ဖတ်ပူဇော်လိုက်တယ်။ ပြီးတဲ့အခါမှာတော့ နဂါးမင်းကြီးဟာ တရားတော်ကို ကြည်ညိုစွာ နာကြားခွင့်ရတာမို့ ဝမ်းမြောက်ဝမ်းသာနဲ့ မဟေမာအား နဂါးပြည်ဖြစ် နတ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ပေးပြီး ရွှေငွေကို အလိုရှိတိုင်း ပေးတတ်တဲ့ ပတ္တမြားရတနာ တစ်ခုကိုလည်း ဆုချလိုက်ပါတယ်။ နောက်ပြီး နဂါးမင်းဟာ သူ့ရဲ့ တန်ခိုးနဲ့ပဲ မဟေမာကို မဟာတိတ္ထအရပ်ရှိ သင်္ဘောသား လုလင်ရဲ့အိမ်ကို အရောက်ပို့ပေးလိုက်ပါတယ်။

အဲဒီအခါ မဟာတိတ္ထရွာသားတွေဟာ မဟေမာထံက အလွန်ထူးဆန်းလှတဲ့ ပတ္တမြားရနာကို တွေ့မြင်ပြီး “ဒီရတနာကို ဘယ်လိုရသလဲ” ဆိုတာကို မေးမြန်းစုံစမ်းကြပါတယ်။ အဖြစ်မှန်ကို မဟေမာက ရှင်းပြပေမယ့် ဘယ်သူမျှ မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ ရွာသားတွေ ကုန်းချောလျှောက်ထားလို့ ရှင်ဘုရင်ထံတော်မှောက်အထိ မဟေမာ ရောက်သွားရပါတယ်။ နန်းတော်တွင်း ရောက်တဲ့အခါ ဘုရင်မင်းမြတ်က မဟေမာထံက ပတ္တမြား ရတနာကို သိန်းယူစေပါတယ်။ အဲဒီအခါ မဟေမာလက်ထဲက လွှတ်လိုက်တာနဲ့ ပတ္တမြားရတနာဟာ ကျောက်ခဲ အသွင်ပြောင်းသွားပါတယ်။ ဘုရင်မင်းမြတ်လည်း အင်မတန်အံ့သြပြီး သုံးကြိမ်တိတိ ပေးလိုက်ယူလိုက် စမ်းသပ်ပေမယ့် မဟေမာ လက်ထဲက ယူတိုင်းယူတိုင်း ပတ္တမြား ရတနာဟာ ရိုးရိုးကျောက်ခဲ အဖြစ် ပြောင်းပြောင်းသွားပါတယ်။ အဲဒါနဲ့ ဘုရင်မင်းမြတ်လည်း အကြောင်းစုံ သိသွားပြီး မဟေမာကို ဆုတော်ငွေ များစွာ ဆုလာဘ်တော်အဖြစ်ပေးပြီး မဟာတိတ္ထရွာကိုလည်း အပိုင်စားပေးလိုက်ပါတယ်။

အဲဒီအချိန်ကစပြီး မဟေမာလေးဟာ ရတနာသုံးပါရဲ့ ကျေးဇူးတော် ဂုဏ်တော်တွေကို ပိုမို သိမြင်လာကာ၊ ဘုရားရှိခိုးခြင်း ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း ဝတ်တို့ကို နေ့စဉ်မပျက် ပြုပါတယ်။ ကြွယ်ဝလာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ သာသနာတော်ကိုလည်း အစွမ်နိုင်ဆုံး ချီးမြှောက်ပူဇော်ကာ လူအဖြစ်နဲ့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေရပြီး၊ သေလွန်တဲ့အခါ တုသိတာ နတ်ပြည်ကို လားရောက် ရပါတယ်။

ဒါက သီဟိုဠ်ရာဇဝင်မှာလာတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် အသက်မသေဘဲ ချမ်းသာရာ ရခဲ့တဲ့ မဟေမာရဲ့ဝတ္ထုဇာတ်လမ်းလေးပါ။

ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကိုသိပြီး အမြဲမပြတ် နှလုံးသွင်း ပွားများနိုင်ကြပါစေ…..
အရှင်ပညာဝုဓ (ဓမ္မရိပ်သာ) 20.10.15