ကံ၏သဘော ဘယ်လိုစောကြော
======================
သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္စျတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။

သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး
အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်၊
နိရုဇ္စျမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊
သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န
နိရုဇ္စျတိ-ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍
အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊
ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊
သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို
(သတ္တိဓာတ်ကလေးကို)၊ နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက်
သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္စျတိ-ဥပါဒ် ဌီ ဘင် အစဉ်စေ့ရောက်
ချုပ်ပျောက် ပျက်စီးရလေသတည်း။
ကံတွေပါလာ
---------------

ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။
ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။
လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။
သိပ်ပေါတော့ ကိုယ့်ပစ္စည်း ဘယ်နား ဘာရှိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး၊ သတိမထားမိဘူး ပေါလိုက်တာ။
ဒါပေမယ့် သုံးချင်တဲ့အခါ သတိထားလိုက်တော့ ဟာ ဘယ်နားမှာ ဘာပစ္စည်းတွေရှိတယ်ဆိုပြီးတော့ အလွယ်တကူ ယူပြီး သုံးနိုင်တယ်။
အဲဒီလိုပဲ ကံတွေကလဲ အများကြီး။
ကိုယ့်ကံတွေကိုတောင် မမှတ်မိဘူး။
ဟိုဘဝများစွာ သံသရာက ကံတွေဆိုတာ သာပြီးတော့ မမှတ်မိသေး။

ကောင်းကံက လွှမ်း
---------------------

ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ ပါလာတယ်။
အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။
အဲဒီ မကောင်းကံတွေကို အကျိုးပေးခွင့်မရအောင် ကောင်းကံတွေကို အများကြီး ပြုရတယ်။
အများကြီးပြုလို့ ကောင်းကံတွေက လွှမ်းနေပြီဆိုမှဖြင့် မကောင်းကံတွေက
အကျိုးပေးမယ်လို့ ကပ်လာပါရဲ့။ ကောင်းတဲ့ကံတွေက လွှမ်းသွားလို့
အကျိုးပေးခွင့်မရလိုက်ဘူး။

မကောင်းကံတွေက အကျိုးပေးမယ်လို့ နေပြန်ရော။
ကောင်းတဲ့ကံတွေက အများကြီးက လွှမ်းလိုက်ပြန်ရော။
မကောင်းကံတွေ အကျိုးပေးခွင့် မရပြန်ဘူး။
အဲဒီလိုနည်းအားဖြင့် မကောင်းကံတွေလေ အကျိုးပေးမယ်လို့ စောင့်နေပေမယ့်
အခွင့်မရလို့ ဟိုနောက်ဘဝကျတောင် သူတို့ အကျိုးပေးမယ်လို့ ကြံစည်ရာက
မရတာနဲ့မို့လို့ ဒီလိုနဲ့ပဲ အဟောသိကံ=အကျိုးမပေးနိုင်တဲ့ ကံအဖြစ်နဲ့
ပရိနိဗ္ဗာန်စံတော့ ကျန်ရစ်ကြတယ်။

ဒါတောင် ကပ်ကပ်သပ်သပ် ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဘဝက
မှားမှားယွင်းယွင်း ကံကလေးတွေအချို့ ပြုခဲ့မိလို့လေ .. ခါးတော်နာရတယ်၊
ဘုရားဖြစ်တော့ စိ ဉ္စမာနဝိကာတို့ရဲ့ အစွပ်အစွဲ ခံရတယ်။ အရှင်ဒေဝဒတ်တို့ရဲ့
ကျောက်လှိမ့်ချခံရတယ်။ ဒီ့အပြင် နောက်ဆုံးကျတော့ ဝမ်းတော်လားရတယ်။

ကောင်းကံတွေ ပြုလို့
-----------------------

ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။
အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။
အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ
ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊ သီလဆောက်တည်ရင်း၊
ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊ နေ့စဉ်
နေ့စဉ် တွေ့ရာမြင်ရာနဲ့ စကားပြောတဲ့အခါ မေတ္တာသံနဲ့ စကားပြောရင်း,
ကရုဏာသံနဲ့ စကားပြောရင်း ကောင်းတဲ့ကံတွေချည်း ခုလို တတ်သိနားလည်တဲ့ ဘဝမှာ
စုသွားရတယ်။

နို့မို့လို့ရှိရင် အကုသိုလ်ကံတွေက အခွင့်သာလို့ မကောင်းကျိုးတွေ
ပေးမှဖြင့် မိမိတို့လဲ မကောင်းလူတွေဖြစ် မကောင်းသတ္တဝါတွေဖြစ်
မကောင်းစိတ်တွေဖြစ်ပြီးတော့ မကောင်းကံတွေ ပြန်ပြီးတော့ တိုးပွားလာပြန်တာပဲ။
ဒါကြောင့် ဒီဘဝ အထိုက်အလျောက် လူကောင်းဖြစ်တယ်ဆိုရင် ပိုကောင်းအောင် လုပ်ရတယ်။
အထိုက်အလျောက် သူတော်ကောင်း ရဟန်းသံဃာဖြစ်တယ်ဆိုရင် ပိုကောင်းအောင် ကြိုးစားရတယ်။
မကောင်းကံတွေက ပါ,ပါနေသေးလို့မို့ ပိုကောင်းအောင် ကြိုးစားရတယ်။
အရှင်ဇနကာဘိဝံသ