သမထကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင်…
သမထကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင်ထွက်လေ ဝင်လေကို ဘယ်ပေါ် အသုံးချသလဲ။ခန္ဓာကိုယ်ရဲ့ ဣရိယာပုတ် တစ်ခုကို ရွေးရတယ်။ဣရိယာပုထ် ရွေးမယ်ဆိုရင် ဘာရွေးမလဲ။လမ်းလျှောက်နေမယ်ဆိုရင် လှုပ်ရှားနေသည့်အတွက်ကြောင့်စိတ်ကလမ်းကို ကြည့်ရတာတစ်မျိုး၊ထွက်လေ ဝင်လေကို ရှုရတာ တစ်မျိုးမို့ ဒီလိုဆိုရင်စိတ်ဟာ အလုပ်များတယ်။ အလုပ်တွေ မပိုဘူးလား။မကြည့်ရင်လည်း ခလုတ်တိုက်ဦးမယ်။အဲဒီနည်းက မသင့်တော်ဘူး။လမ်းလျှောက်ပြီးလည်း အားမထုတ်နဲ့။မတ်တတ်ရပ်ပြီး အားထုတ်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးလဲမသွားအောင် ထိန်းထားရဦးမယ်။အလုပ်တစ်ခု ပိုတယ်။အိပ်ပြီး အားထုတ်မယ်ဆိုရင် လုံ့လဝီရိယကလျော့ပြီး မကြာခင် အိပ်ပျော်သွားမှာ။အဲဒါကတော့ ဇိမ်ခံလွန်းအားကြီးတယ်။လဲလျောင်းနေတဲ့ ဣရိယာပုထ်လည်း မကောင်းဘူး။လမ်းလျှောက်နေတဲ့ ဣရိယာပုထ်လည်း မကောင်းဘူး။ရပ်နေရင်လည်း မကောင်းဘူး။❖အကောင်းဆုံးက မတ်မတ်ကလေး ထိုင်နေတဲ့ဣရိယာပုထ်က ငြိမ်သက်တယ်တဲ့။❖အဲဒါကြောင့် အာနာပါနကမ္မဋ္ဌာန်း အားထုတ်တဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို မြတ်စွာဘုရားက“ပလ္လင်္ကံ အာဘုဇိတွာ- တင်ပလ္လင်ခွေထိုင်ပါ”တဲ့။“ဥဇုံ ကာယံ ပဏိဓာယ”- ခါးအထက် ခန္ဓာကိုယ်ကိုဆန့်ဆန့်ထား။တင်ပလ္လင်ခွေ ထိုင်တဲ့အခါကျတော့ လူက လှုပ်ရှားမှုနည်းပြီးတော့ ငြိမ်သက်မှု ပိုလာတယ်။အိပ်နေတာလိုလည်း ဇိမ်ခံလွန်းနေတာ မဟုတ်ဘူး။လမ်းလျှောက်တာတို့ မတ်တတ်ရပ်တာတို့လိုလည်းထိန်းစရာ မလိုဘူး။ဒါကြောင့် အမျိုးသားတွေဆို တင်ပလ္လင်ခွေ ထိုင်။အမျိုးသမီးတွေဆို ထက်ဝက် တင်ပလ္လင်ခွေထိုင်ပြီးခါးအထက်ကိုယ်ကို ဆန့်ဆန့်လေး ထားတဲ့။
ဘာကြောင့် ဆန့်ဆန့်ကလေး ထားခိုင်းသလဲဆိုရင်ကျောမှာ အရိုးအဆစ်ကလေးတွေ ၁၈ ခုလောက်ရှိတယ်။ အဲဒီ အရိုးးလေးတွေကို မတ်မတ်ကလေးထားရမယ်။ ဒီလိုမထားဘဲ ခါးလေးကုန်းထိုင်မယ်ဆိုရင် အရိုးအဆစ်တွေ တစ်ခုနဲ့တစ်ခု ဖိနေသည့်အတွက်ကြောင့် ကြာလာတဲ့အခါ ခါးကိုက်တဲ့ရောဂါ၊ခါးညောင်းတဲ့ရောဂါ ခါးအောင့်တဲ့ရောဂါတွေဖြစ်လာနိုင်တယ်။အဲဒါကြောင့် ခန္ဓာကိုယ်ရော၊ ခေါင်းရောမတ်မတ်ကလေးထားလို့ ပြောတာ။စာပေက တရားထိုင်နည်းတွေ သေချာသင်ပေးတယ်။✦ပလ္လင်္ကံ အာဘုဇိတွာ - တင်ပလ္လင်ခွေ ထိုင်နည်း၊✦ဥဇုံ ကာယံ ပဏိဓာယ - ခါး အထက် ခန္ဓာကိုယ်ကိုမတ်မတ်ကလေးထားတဲ့။✦ပဋိမုခံ သတိံ ဥပဋ္ဌပေတွာ- အာရုံဘက်ကို စိတ်ကိုလွှတ်လိုက်။အာရုံကို စိတ်ကို ဦးတည်ထား။ဘယ်ကို ဦးတည်ပြီး သတိထားရမလဲဆိုရင်နှာခေါင်းက ထွက်နေတဲ့ လေကလေး ထိတဲ့နေရာကို သတိထားရတယ်။နှုတ်ခမ်း တိုတဲ့ လူကတော့ နှာခေါင်းဖျားမှာ ထိတယ်။နှုတ်ခမ်း ရှည်တဲ့ သူကျတော့ နှုတ်ခမ်းထိပ်ဖျားလေးမှာလေကလေး လာထိတယ်။ ဆိုလိုတာက ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကိုယ့်နှာခေါင်းမှာ -အသက်ရှူသွင်း လိုက်တဲ့အခါ လေထိတဲ့နေရာ။ရှိုက်ထုတ်လိုက်တဲ့အခါ လေထိတဲ့နေရာ။အဲဒီ ထိတဲ့နေရာကလေးမှာ စိတ်ကို ထားပါလို့ပြောတာ။သမထကျင့်စဉ်အရ အာနာပါန ကျင့်တော့မယ်ဆိုရင်“လေ” ကို မှန်မှန်လေးနဲ့ ဖြည်းဖြည်းရှူ။အေး တချို့ကျတော့ သမာဓိ မရနိုင်လို့ သမာဓိရအောင်ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတဲ့နည်းလည်းရှိတယ်။
အဲဒီနည်းက စာလာပေလာတော့ မဟုတ်ဘူး။ကြိုက်တဲ့သူက လုပ်နေကြတာ။ ရှူးရှဲ၊ရှူးရှဲလုပ်တဲ့နည်းက ကြာလို့ရှိရင် မောပြီးသွားတတ်တယ်။ခန္ဓာကိုယ်ကို ပင်ကိုရှူနေကျ အနေအထားလေးနဲ့ရှူလိုက်ပါတဲ့။စိတ်တွေ ဘာတွေ ဖြေလျော့ထားလိုက်။Tension လုပ်မထားနဲ့။အာရုံလေးပေါ်မှာ စိတ်ကလေးကို လွှတ်ထားပြီး၊ငြိမ်နေအောင် စိတ်နဲ့ခန္ဓာကိုယ်မှာ တင်းကျပ်နေတာမရှိစေဘဲနဲ့ အားလုံးအကြောတွေ ဖြေလျော့ထားပြီး၊နှာသီးဝမှာ လေကလေးထိတဲ့နေရာမှာ စိတ်ကိုငြိမ်သွားအောင် ထားပါတဲ့။လေကလေးကိုအာရုံပြုရင်းကနေ စိတ်ကလေး ငြိမ်လာတယ်။ထွက်လေ ဝင်လေလေး ရှုမှတ်နေတာကိုဘာနိမိတ်ခေါ်သလဲဆိုရင် “ပရိကမ္မနိမိတ်”(sign of preliminary) တဲ့။ပရိကမ္မနိမိတ် ဆိုတာ ဘာပြောတုံးဆိုရင်ပြင်ဆင်ပေးနေတဲ့ အာရုံနိမိတ်လို့ ပြောတာ။❖အဲဒီ အာရုံနိမိတ် အတော်လေး ကြာလာတဲ့အခါစိတ်ထဲမှာ တော်တော် ထင်ထင်ရှားရှားကြီး ဖြစ်လာတဲ့အခါကျလို့ရှိရင် စိတ်က မှတ်ယူနိုင်တဲ့ အနေအထားရောက်ရင် “ဥဂ္ဂဟနိမိတ်” လို့ ခေါ်တယ်။❖နောက်ဆုံးကျတော့ ဒီထွက်လေ ဝင်လေလေးဟာပုံသဏ္ဌာန်လေး ပြောင်းလာတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်လာတယ်။ သူက ပြောင်းတာ မဟုတ်ဘူး။ကိုယ့်စိတ်က ပြောင်းတာ။ လေလေးကို ရှူနေရင်းဒီထွက်လေ ဝင်လေလေးဟာ ဘာဖြစ်လာသလဲဆိုရင် မီးခိုးတန်းကလေး ထွက်လာသလိုမြင်လာတယ်။တချို့ကျတော့ ပုလဲလုံးကလေးတွေ ထွက်လာသလိုမြင်ရတယ်။တချို့ကျတော့ ဒီနှာခေါင်းဝ နှာသီးဖျားမှာဘောလုံးကလေးက လည်နေသလို မြင်တာမျိုးလည်းရှိတယ်။ အမျိုးစုံပေါ့။မီးခိုးတန်းကြီးလိုလည်း မြင်လာတယ်။အာရုံအလင်းတန်းကြီးနှစ်ခု ထွက်နေတယ်လို့လည်းမြင်လာတယ်။ ဒါလူတစ်ယောက်နှင့် တစ်ယောက်အမှတ်သညာချင်း မတူသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံနိမိတ်က တစ်ယောက်နှင့်တစ်ယောက် မတူဘူးတဲ့။အဲဒီ အာရုံနိမိတ်ပေါ်လာရင် ပေါ်လာတဲ့ နိမိတ်ပေါ်မှာဆက်ပြီး အလုပ်လုပ်ရမယ်တဲ့။ဒါကို “နိမိတ်ရတယ်” ခေါ်တယ်။
“နီဝရဏတရား ငါးပါးကင်းသွားတယ်”▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬အဲဒီ နိမိတ်ပေါ်မှာ ရှုမှတ်ပွားများပြီး သမာဓိစွမ်းအားတွေ မြှင့်မြှင့်ပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့သန္တာန်မှာ --နီဝရဏဆိုတဲ့ တရားတွေ ငြိမ်းလာတယ်။ဘာတွေ ငြိမ်းလဲဆိုရင် --အာရုံခံစားချင်တဲ့ ဆန္ဒတွေ ငြိမ်းလာတယ်။-ကာမစ္ဆန္ဒ လို့ဆိုတဲ့ ပျော်စရာရွှင်စရာတွေပေါ်မှာပျော်ရွှင်ချင်တဲ့ လောဘ နည်းလာတယ်။-အာရုံတစ်ခုပေါ်မှာ မုန်းတီးတဲ့ ဆန့်ကျင်တဲ့သဘောထားတွေ ပျောက်သွားတယ်။-စိတ်မငြိမ်မသက် ဖြစ်ပြီးတော့ စိတ်ထဲမှာပူပန်နေတာတွေ ပျောက်သွားတယ်။-အာရုံနဲ့ ဆက်ပြီးတော့ စိတ်ဟာ စွမ်းဆောင်နိုင်စွမ်းမရှိအောင် စွမ်းရည်သတ္တိတွေကျသွားတာ။ဒါတွေ မရှိတော့ဘူး။သူ ရှုမှတ်နေတဲ့ အာရုံပေါ်မှာလည်းပဲ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ အတွေးလေးတွေ သံသယတွေမရှိတော့ဘူး။ အဲဒါ မရှိတာကို“နီဝရဏတရား ငါးပါးကင်းသွားတယ်” လို့ ပြောတာ။ဘယ်သူက ကင်းအောင် လုပ်တာလဲဆိုရင်“သမာဓိစွမ်းအား” က ဖယ်ရှားပစ်လိုက်တာ။စိတ် စိတ်ချင်း ဖယ်ရှားနေတာ။စိတ်ထဲမှာ ခုနကပြောတဲ့ အညစ်အကြေးတွေမလာတော့ဘူး။ နီဝရဏတရား ငါးပါး လုံးဝပျောက်ကင်း သွားတယ်။❖ခုနက နိမိတ် အလင်းတန်း သို့မဟုတ် မီးခိုးတန်းလေးနှစ်ခု ပေါ်တယ်။ နောက် ဘာတွေ ဆက်ဖြစ်နေလဲဆိုရင် ဒီအာရုံနိမိတ်ပေါ်မှာ စိတ်ကူးနေတာတွေပေါ်လာတယ်။❖စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ် ကူးနေတာကို ခေါ်တာ။ ဆိုလိုတာက စိတ်နှင့် အာရုံ မပြတ်ထိနေတာ။ပေါင်းကူးပေးနေတဲ့ သဘောကို စိတ်ကူးတယ်လို့ ခေါ်တယ်။ အဲဒါကို စာပေလိုပြောရင်“ဝိတက်”လို့ ခေါ်တယ်။မိမိရဲ့ စိတ်ကလေးကို အာရုံပေါ် တွန်းပို့နေတာ။အဲဒီသဘောလေးဟာ ထင်ထင်ရှားရှား ပေါ်လာတယ်။သူ့ရဲ့ စွမ်းဆောင်ချက်တွေက ကောင်းလာတယ်။ပေါ်လာတဲ့ နိမိတ်ကလေးပေါ်မှာ ကိုယ့်ရဲ့စိတ်ကစဉ်ဆက်မပြတ် စိတ်ကူးနေတဲ့ ဒီ ဝိတက်သဘောတွေ ပေါ်လာတယ်။❖နောက်တစ်ခုက အဲဒီ အာရုံနှင့် စိတ်ကလေးကိုချည်နှောင်ထားသလို အာရုံပေါ်မှာ စိတ်ကလေးကရစ်ဝဲပြီးနေတဲ့ “ဝိစာရ” ဆိုတဲ့ သဘောပေါ်လာတယ်။“ကြံစည်တယ်” လို့ မြန်မာလို ပြောကြတယ်။ကြံစည်တယ်ဆိုတာ ဒီအာရုံ အနီးကလေးမှာရစ်ဝဲနေတယ်။ စိတ်ကလေးက အာရုံနဲ့ ကွာမသွားဘူး။အမြဲတမ်း တွဲနေတာ ဖြစ်တယ်။ဒါ “ဝိစာရ ရဲ့ စွမ်းရည်သတ္တိ။”❖နောက် ဘာဖြစ်လာသလဲဆိုရင် အဲဒီအာရုံကလေးပေါ်မှာခုနက မီးခိုးတန်း အလင်းတန်း ကလေးပေါ်မှာစိတ်ကလေးက နှစ်ခြိုက်နေတယ်ပေါ့။ဒါကို “ပီတိ” လို့ ခေါ်တယ်။❖ကျေနပ်နေတယ်။ နှစ်ခြိုက်နေတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုရင် ကိုယ်ရော စိတ်ရော ပေါ့ပေါ့ပါးပါးဖြစ်နေတယ်။ ခန္ဓာကိုယ်မှာ ညောင်းတာ ညာတာ ၊ကိုက်တာ ခဲတာတွေ မရှိဘူး ပျောက်သွားတယ်။စိတ်ထဲမှာလည်း ပူပန်တာ တစ်ခုမှ မရှိဘူး။စိတ်ကလေး ချမ်းမြေ့လာတယ်။ဒါကို “သုခ” လို့ ခေါ်တယ်။အဲဒီလိုဖြစ်နေအောင် ဘယ်သူက စွမ်းဆောင်ပေးသလဲဆိုရင် နောက်ပိုင်းက “သမာဓိ ဆိုတဲ့ စွမ်းအား”ကအာရုံပေါ် စိတ်တွေ စုသွားအောင် ထိန်းထားတယ်။