ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တဝန်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။
ရှေးအခါက ဝင်္ဂတိုင်းကို အစိုးရသော ဝင်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှှ နှင်ထုတ်လိုက်၏။
မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွ့ံ၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။
မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ဝင်္ဂတိုင်းသို့ ထွက်ပြေး၏။ ဝင်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ဝင်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း သိသွားသဖြင့် ဝင်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။
ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ဝင်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန် လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။
မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကိုမပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည် ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။
ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ဝင်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။
သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ဝန်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။
အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။
( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်နဝါရီလ )