မြတ်စွာဘုရား ဟောကြားတော်မူအပ်သော
ဘုံဘဝတို့သည် အကျဉ်းချုပ်အားဖြင့် သုဂတိဘုံဘဝ=
ကောင်းမြတ်သော ဘုံဘဝ၊ဒုဂ္ဂတိဘုံဘဝ=
မကောင်း ယုတ်ညံ့သော ဘုံဘဝဟူ၍ (၂)မျိုးး
ဖြစ်ပေသည်။ ထို(၂)မျိုးတို့တွင် လူ့ဘုံဘဝသည်
ကောင်းမြတ်သော ဘုံဘဝဖြစ်ပေသည်
လူပုဂ္ဂိုလ်တို့သည် ကောင်းမြတ်သော လူ့ဘုံဘဝ၌
ဖြစ်ရတာချင်းတူကြပါသော်လည်း အချို့က
ယုတ်ညံ့နေကြပေသည်။
အချို့က မြင့်မြတ်နေကြပေသည်။
ယင်းကဲ့သို့ အချို့က ယုတ်ညံ့နေ၍ အချို့က
မြင့်မြတ်နေရခြင်း အကြောင်းကို မြတ်စွာဘုရား
ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်
သုဘအမည်ရှိသည့် လူငယ်တစ်ယောက်က
မြတ်စွာဘုရားအား လျှောက်ထားသည်မှာ
မြတ်စွာဘုရား လူတို့သည် -
(၁)။ အချို့က အသက်တိုကြ၊ အချို့က အသက်ရှည်ကြ၊
(၂)။ အချို့က အနာများကြ၊ အချို့က အနာနည်းကြ၊
(၃)။ အချို့က အဆင်းမလှကြ၊ အချို့က အဆင်းလှကြ၊
(၄)။ အချို့က တန်ခိုးနည်းကြ၊ အချို့က တန်ခိုးကြီးကြ၊
(၅)။အချို့က ပစ္စည်းရှားကြ၊အချို့က ပစ္စည်းပေါများကြ၊
(၆)။ အချို့က အမျိုးယုတ်ကြ၊ အချို့က အမျိုးးမြင့်မြတ်ကြ။
(၇)။ အချို့က ပညာနည်းပါးကြ၊ အချို့က ပညာကြီးမား
ကြ၍ အယုတ်အမြတ်အားဖြင့် ဖြစ်နေကြတာကို
တွေ့မြင်ရပါသည်ဘုရား။
(ဥပရိပဏ္ဏာသ-၂၄၃)
ယခုလို အယုတ်အမြတ်အားဖြင့် ဖြစ်ကြရသည်မှာ
ဘာ့ကြောင့် ပါလဲဘုရားဟု လျှောက်ထားသဖြင့်
မြတ်စွာဘုရားက ပုဂ္ဂိုလ်သတ္တဝါတို့အယုတ်အမြတ်အားဖြင့်
ဖြစ်ကြရခြင်းအကြောင်းမှာ ပုဂ္ဂိုလ်သတ္တဝါတို့
ပြုအပ်သော ကံကြောင့်ပင် ဖြစ်ကြရပေသည်ဟု
ဟောကြားတော်မူလိုက်ပါသည်။
❖(၁)။ အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း
(ပါဏာတိပါတ)ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည့်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ
အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။
အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့
မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌
တစ်ဖန်ပြန်ဖြစ်ကြလျှင် အသက်မရှည်ကြ။
အသက်တိုကြရပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း
(ပါဏာတိပါတ)ကံ ကို မပြုကြပေ။
ရှောင်ကြဉ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။
အကယ်၍ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ်
နတ်ပြည်၌ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင်
အသက်ရှည်ခြင်းနှင့် ပြည့်စုံကြရပေသည်။
❖(၂)။အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်း
ကင်းမဲ့၍ တုတ် စသည်ဖြင့် ညှဉ်းဆဲခြင်း(ဝိဟေဌက)
ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့်
ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌
ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ
ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အနာရောဂါ
များကြရပေသည်။
မကျန်းမမာ ဖြစ်နေတတ်ကြပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်းရှိသည်
ဖြစ်၍ ညှဉ်းဆဲခြင်း (ဝိဟေဌက)ကံကို မပြုကြပေ။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်
သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။
အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍
လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ဗြဟ္မာပြည်
တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင်
အနာရောဂါကင်းခြင်း၊ကျန်းမာခြင်းနှင့် ပြည့်စုံ
ကြပေသည်။
❖(၃)။အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသ
ထွက်ခြင်းများ၍၊မကောင်းသော ကိုယ်မှုနှုတ်မှု
တို့ကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်
သွားသောအခါ အပါယ်ငရဲသို့ ကျရောက်
ကြရပေသည်။ အကယ်၍ ကံကောင်းထောက်မသဖြင့်
အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊
သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌
တစ်ဖန်ပြန် ဖြစ်ကြလျှင် အဆင်းမလှဘဲ အလွန်
အရုပ်ဆိုးနေတတ်ကြပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသထွက်ခြင်းမရှိဘဲ၊
မေတ္တာရှေ့ထား၍ ကိုယ်မှု၊နှုတ်မှုများကို ပြုကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌
ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌
မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်
ဖြစ်ကြလျှင် ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းနှင့်
ပြည့်စုံကြရပေသည်။
❖(၄)။ အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့လာဘ်ရခြင်း၊
အပူဇော်ခံရခြင်း စသည်များကို တွေ့မြင်ရသောအခါ
မကျေနပ်ကြ၊ဣဿဖြင့် ငြူစူတတ်ကြကုန်၏။
ပြစ်မှားတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့်
ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် လူ့ပြည်၌ ပြန်ဖြစ်ကြရလျှင်၊
သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ
ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ဘုန်းကံ
မရှိခြင်း ဖြစ်ကြရပေသည်။ အရာရာတွင် အောက်ကျ
နောက်ကျ၊ မကြည်မသာ ဖြစ်နေတတ်ကြရပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့ လာဘ်ရခြင်း၊
အပူဇော်ခံရခြင်း စသည်တို့ကို တွေ့မြင်ရသောအခါ
မငြူစူကြကုန်။ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌
ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌
မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်
ပြန်ဖြစ်ကြလျှင် ဘုန်းကံကြီးးမားကြပေသည်။
အရာရာတွင် ရှေ့တန်းမှနေရ၍ ကြည်သာ
ရွှင်လန်းလျက် ရှိကြပေသည်။
❖(၅)။အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊
လှူသင့်လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူခြင်း
မပြုကြကုန်၊မပေးလှူဘဲ နေတတ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် အပါယ်ငရဲသို့
ကျရောက်သွားတတ်ကြပေသည်။ (ပစ္စည်းဥစ္စာတို့၌
စွဲလမ်းမူကြောင့် ပြိတ္တာများ ဖြစ်နေတတ်ကြပေသည်။)
အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့
မကျရောက်မူ၍ လူပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်
ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ ရှားပါးနေတတ်ကြ၊
မရှိနွမ်းပါးနေတတ်ကြပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊လှူသင့်
လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူတတ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။
အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင်
ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် နတ်ပြည်၌ဖြစ်ပြီးမှ
ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ
ပေါများကြွယ်ဝနေတတ်ကြပေသည်။
❖(၆)။အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနကြီးး၍
ရှိခိုးထိုက်သူ၊ အရို အသေ ပြုထိုက်သူ၊
အလေးပြုထိုက်သူများကို ရှိမခိုး၊
အရိုအသေမပြု၊အလေးမပြုဘဲ နေကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌
ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့
ကျရောက်ပြီးမှ ဤလူ့ပြည်၌ ပြန်ဖြစ်ကြလျှင်
ဒွန်းစဏ္ဍားစသည့် ယုတ်နိမ့်သော အမျိုးအနွယ်တို့၌
ဖြစ်ကြရပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနမကြီးမူ၍
နှိမ့်ချသောစိတ်ရှိသည်ဖြစ်၍ ရှိခိုးထိုက်သူ၊
အရိုအသေပြုထိုက်သူ၊ အလေးပြုထိုက်သူတို့ကို
ရှိခိုးကြကုန်၏။ အရိုအသေပြုကြကုန်၏။
အလေးပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ
နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍
နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ပြန်ဖြစ်ကြလျှင်
သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌
တစ်ဖန်ပြန်ဖြစ်ကြလျှင် မင်းမျိုး သူဌေးမျိုး စသည့်
မြင့်မြတ်သော အမျိုးအနွယ်တို့၌
ဖြစ်ကြရပေသည်။
❖(၇)။ အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ
ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့ ပြုလုပ်ခြင်းကား
ကုသိုလ်ဖြစ်၊မဖြစ်၊ အကုသိုလ်ဖြစ် ၊မဖြစ်၊ အပြစ်ရှိ၊မရှိ၊
ဤပုဂ္ဂိုလ်များကို မှီဝဲအပ် မမှီဝဲအပ် စသည့်
မေးမြန်းဖွယ်များကို မမေးမြန်းဘဲ နေကြကုန်၏။
အမှားမှားအယွင်းယွင်း ပြုလုပ်တတ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍
လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့
ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင်
ပညာနည်းပါး၊ ပညာမဲ့သူများ ဖြစ်ကြရပေသည်။
အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ
ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့
ပြုလုပ်ခြင်းသည်ကား ကုသိုလ်ဖြစ်၊မဖြစ်၊
အကုသိုလ်ဖြစ်၊မဖြစ်၊ အပြစ်ရှိ မရှိ၊
ဤပုဂ္ဂိုလ်များကို မှီဝဲအပ်၊မမှီဝဲအပ် စသည်ဖြင့်
မေးမြန်းတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ
နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍
နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ဖြစ်ကြရလျှင်၊
သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်
ပြန်ဖြစ်ကြလျှင် ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်များ
ဖြစ်ကြရပေသည်။
ဤကဲသို့ ပုဂ္ဂိုလ်သတ္တဝါတို့၏ ယုတ်ညံ့သည်၏အဖြစ်နှင့်
မြင့်မြတ်သည်၏အဖြစ်တို့သည် ကံကြောင့်သာ
ဖြစ်ကြရပေသည်ဟု မြတ်စွာဘုရား ဟောကြား
တော်မူခဲ့ပါသည်။ သို့ဖြစ်၍ မြင့်မြတ်သည့်အဖြစ်ကို
အလိုရှိကြသော အမျိုးကောင်းသား၊ အမျိုးကောင်း
သမီးတို့သည် မြင့်မြတ်ကြောင်း ဖြစ်သောကံ(၇)မျိုး
တို့ကိုသာ ပြုကြရမည် ဖြစ်ပေသည်။