မိမိတို့ လူ့ဘဝကလေးဟာ အင်မတန်ရခဲပါတယ်ဆိုတဲ့ ဒုလ္လဘတရားထဲမှာလည်း အပါအဝင်ဖြစ်ပြီး ရထားတာကလေးကိုလည်း အလွဲသုံးစားနဲ့ သုံးပြီး မဖြုန်းဘဲနဲ့ အဖိုးတန်တဲ့အလုပ်နဲ့သုံးပြီး အချိန်ကုန်စေချင်တယ်။ ရခဲတဲ့ဘဝထဲမှာ ဘဝတဏှာခိုင်းတာနဲ့ပဲ အချိန်တွေအလကားဖြုန်းပြီး အိုခြင်းဆိုးတိုးနေတဲ့ဥစ္စာ။ သြော် ..... ငါတို့သည် မရစဖူး အရထူးတာကြီးကို အလွဲသုံးစားသုံးနေပါကလားဆိုတာကလေးကိုလည်း သိစေချင်တယ်။ ဘဝကြီးကို အလွဲသုံးစားနဲ့ အချိန်တွေဖြုန်းလိုက်တဲ့အတွက် အနာကြီးနာနေတယ်ဆိုတာ သိအောင်လည်းလုပ်ကြဖို့လိုတယ်။
တစ်နေ့တစ်နေ့ အိုခြင်း ဆိုးခြင်းတွေတိုးပြီး နာခြင်းဆိုးဘက်ပြေးသွားတဲ့ဥစ္စာ။ သေခြင်းဆိုးနဲ့ နီးကပ်သွားတာကို မသိလိုက်တဲ့အခါ ရလာတဲ့ဘဝကြီး အလွဲသုံးစားနဲ့ ဖြုန်းလိုက်တာ သေချာတယ်ဆိုတာ ဘာမျှပြောစရာမလိုတော့ဘူး။ ဒါကြောင့် ဒီနေ့ကစပြီး အလွဲသုံးစားဇာတ်ကို အသိမ်းကြီးသိမ်း၍ အငြိမ်းကြီးငြိမ်းတဲ့ နိဗ္ဗာန်ကို မရောက်ရောက်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်သန်သန်ထွားထွားကြီးမွေးရမယ်။ ၀ိပဿနာဆိုတာ နာမ်ခန္ဓာဉာဏ်ကပ်၍ ကံဖြတ်တဲ့အလုပ်မို့ သိရုံနှင့်မပြီးဘူး၊ ကျင့်မှရမယ်။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန်ရမှာ။ ဉာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်။ လူပြော၊ သူပြော၊ အရင်ကပြောတာတွေကို မယုံပါနှင့်။ ခန္ဓာက ပြောတာကို အယုံကြီးယုံပါ။ ခန္ဓာကိုယ်ရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု၊ ပျက်မှုပဲရှိတယ်။
ရည်ညွှန်း - “ဓမ္မသံဝေဂနှင့်သြဝါဒကထာများ” မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလ