အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မော်ကွန်းတင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-၀ါကာလပတ်လုံး ဟောကြားတော်မူသော တရားဒေသနာအားလုံးကို သူမတူနာယူမှတ်သားနိုင်သော ဉာဏ် ဝီရိယ သတိ သမာဓိတရား အားကောင်းသူဖြစ်သည်။ မျက်ကွယ်တွင် ဟောအပ်သော တရားတို့ကိုလည်း မြတ်စွာဘုရားက အကျဉ်းချုပ်ပြန်ဟောပြသဖြင့်တရားဓမ္မရေးရာ သူမသိတာမရှိ အပြည့်အစုံ စုဆောင်းထားသောဓမ္မဘဏ္ဍာတိုက်ကြီးပင်ဖြစ်သည်၊ “ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍစိုးကြီး”ဟုပင် ဂုဏ်ပြုခံရသည်။
မြတ်စွာဘုရားရှင်ထံ အနယ်နယ်မှ ရောက်လာသော ဘုရားဖူးများကိုလည်း ကာလဒေသ ပုဂ္ဂိုလ်လိုက်၍ စနစ်တကျ ဖူးတွေ့ခွင့်ရအောင် စီစဉ်တတ်သူလည်းဖြစ်သည်၊ အမျိုးသမီးတို့အတွက် နိဗ္ဗာန်လမ်းပွင့်စေမည့် ဘိက္ခုနီသာသနာတော်တစ်ရပ်ကို ထူထောင်ခွင့်ရအောင် အားပေးကူညီခဲ့သူ လည်းဖြစ်သည်။ နန်းတွင်းသူနန်းတွင်းသားများကိုလည်း သာသနာနှင့်ယဉ်ပါးအောင် တရားဓမ္မသင်ပြဟောပြောပေးရသူလည်း ဖြစ်သည်၊ မြတ်စွာဘုရား၏ ကိစ္စအဝဝကို မငြီးမငြူ တလေးတစား အခါအားလျော်စွာစီမံခန့်ခွဲတတ်သူလည်း ဖြစ်သည်၊ သာသနာတော်အရှည်တည်တံ့ရေး အတွက် ပထမသံဂါယနာပွဲကြီးတွင် သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋက ၀ိဿဇ္ဇက(အဖြေရှင်)အဖြစ် တာဝန်ယူတော်မူခဲ့သည်။ ဤသာသနာတော်ဝယ် ဧတဒဂ်ငါးတန် ရာထူးဋ္ဌာနန္တရ ငါးမျိုးပိုင်ရှင် ဖြစ်တော်မူ၏။ အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်ထေရဝါဒဗုဒ္ဓသာသနာတော်သည် ယနေ့တိုင် မတုဘက်နိုင်သည့် အယူဝါဒရေးရာ မီးရှူးတန်ဆောင်ကြီးတစ်ရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူစဉ်အရှင်အာနန္ဒာအလောင်းလျာမှာ ပဒုမုတ္တရ မြတ်စွာဘုရား၏ ဖတူ မိကွဲ ညီငယ် သုမနမင်းသား ဖြစ်လေသည်။ သုမနမင်းသားသည် နယ်စွန်ရှိ သူပုန်ဘေးကို ငြိမ်းအေးအောင်ပြုသဖြင့် ခမည်းတော်က ဆုချရာ နောင်တော် မြတ်စွာဘုရားကို ၀ါတွင်းသုံးလ ပြုစုခွင့်ပြုရန် တောင်းဆိုခဲ့သည်။ “မြတ်စွာဘုရား၏ သဘောထားတော်ကို ရယူပါဦး”ဟု ခမည်းတော်က ဆိုသဖြင့် ဘုရားရှင်ထံလာခဲ့ရာဘုရားရှင်အားဖူးတွေ့ခွင့်ရရန် အခြားရဟန်းတို့ မတတ်နိုင်၊ ဥပဋ္ဌာကအလုပ်အကျွေးသုမနထေရ်ကသာ ဆောင်ရွက်ပေးနိုင်သဖြင့် သုမနမထေရ်ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို တစ်ဝါတွင်းလုံး ပြုစုလုပ်ကျွေးပြီး ဥပဋ္ဌာကအလုပ်အကျွေးဆုကို ပန်ခဲ့လေသည်။ ပဒုမုတ္တရဘုရားရှင်ကလည်း “နောင်သောအခါဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာအမည်ဖြင့် ဥပဋ္ဌာကဘုရားအလုပ်အကျွေး ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထို့နောက် သံသရာဝယ် ဘဝမျိုးစုံကျင်လည်ခဲ့ရသည်။ အထူးအားဖြင့် ဖြစ်လေရာရာ ဘဝတိုင်း ဘုရားအလောင်းတော်၏ ပါရမီ ကူညီ ဖြည့်သူအဖြစ်များလေသည်။
နောက်ဆုံးဘဝဝယ် ကပိလဝတ်နေပြည်တော်၌ သုဒ္ဓေါဒနမင်းကြီး၏ ညီတော် အမိတောဒနသာကီဝင်မင်း၏သား ဖြစ်လာလေသည်။အာနန္ဒာမင်းသားဟု မည့်ခေါ်ခဲ့ကြသည်။ မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်သို့ ပထမဆုံးအကြိမ် ကြွရောက်တော်မူသည့် မဟာသက္ကရာဇ် ၁၀၄-ခုနှစ်တွင် ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ်၊ ဥပါလိတို့နှင့်အတူ အနုပိယသရက်ဥယျာဉ်၌ အရှင်ဗေလဋ္ဌသီသကို ဥပဇ္စျာယ်ပြု၍ ရဟန်းပြုခဲ့ကြသည်။ မန္တာဏီပုတ္တ အရှင်ပုဏ္ဏမထေရ်၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ခဲ့သည်။
ပဌမဗောဓိခေါ် မြတ်စွာဘုရားရှင် ၀ါတော်နှစ်ဆယ်အတွင်း၌ အမြဲတမ်းအလုပ်အကျွေးမထေရ် မရှိခဲ့ပေ၊ တခါတရံ အရှင်နာဂသမာလထေရ်၊ တခါတရံ နာဂိတထေရ်၊ တခါတရံ ဥပဝါနထေရ်၊ တခါတရံ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း၊ တခါတရံ အရှင်သာရိပုတ္တရာ၏ညီ စုန္ဒ၊ တခါတရံ သာဂတမထေရ်၊ ရာဓထေရ်၊ မေဃိယထေရ် စသူတို့လုပ်ကျွေးပြုစုကြသည်။ ထိုသို့ အလုပ်အကျွေးထေရ်မမြဲသဖြင့် မြတ်စွာဘုရားအတွက် ရံခါ အခက်အခဲ တွေ့ရတတ်သည်။
တနေ့သော် မြတ်စွာဘုရားသည် ဇေတဝန်ကျာင်းတော်၌ သံဃာတော်များကို စည်းဝေးစေပြီး “ယခုအခါ ငါဘုရားသက်တော် ၅၅-နှစ်ကျော်ခဲ့ပြီ၊ အမြဲတမ်း အလုပ်အကျွေးမထေရ်ရှိမှ သင့်တော်မည်”ဟုမိန့်တော်မူသည်ကို ကြားရသောအခါ ရဟန်းတော်တို့ သန္တာန်ဝယ် သံဝေဂကြီးစွာ ဖြစ်လေသည်။
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် စသော (အသီတိမဟာသာဝက) တပည့်ကြီး ရှစ်ကျိပ်တို့ အသီးသီး ထ၍ ထ၍ ပြုစုလုပ်ကျွေးခွင့်ပြုပါမည့်အကြောင်း တောင်းပန်ကြသော်လည်း မြတ်စွာဘုရားက မြစ်ပယ်တော်မူသည်။ ရဟန်းအချို့က အရှင်အာနန္ဒာကို အလုပ်အကျွေးအရာတောင်းဆိုရန် တိုက်တွန်းကြသည်။ မြတ်စွာဘုရားသည် တပည့်တော်ကို မြင်တော်မူပါသည်။ အကယ်၍အလိုရှိတော်မူပါလျှင် “အာနန္ဒာ-ငါဘုရားကို လုပ်ကျွေးလော့ ဟုမိန့်တော်မူလိမ့်မည်၊ တောင်းမှရသော ရာထူးမျိုးကို မလိုချင်ပါ”ဟုပြန်လည်ပြောဆိုလေသည်။ မြတ်စွာဘုရားကလည်း “ချစ်သားတို့-အာနန္ဒာကို မတိုက်တွန်းကြနှင့်၊ အာနန္ဒာသည် သူ့အလိုလိုပင် ပြုစုလုပ်ကျွေးပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည်“ပယ်လေးတန် ပန်လေးပါး” ခေါ်ဆုရှစ်ပါးကို တောင်းခဲ့လေသည်။
(၁) မြတ်စွာဘုရား - အရှင်မြတ်ဘုရား လက်ခံရရှိသည့် ကောင်းမြတ်သောသင်္ကန်းနှင့်
(၂) ဆွမ်းတို့ကို မချီးမြှောက်စေလိုပါ၊
(၃) မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋီတတိုက်တည်းနေရန် ခွင့်မပြုစေလိုပါ၊
(၄) ဘုရားရှင်တစ်ပါးတည်းကိုသာ သီးခြားပင့်သော နေရာသို့ ဘုရားတပည့်တော်အား ခေါ်မသွားစေလိုပါ။
ဤပယ်လေးတန်ကို ခွင့်ပြုတော်မူရန် တောင်းခံလိုက်သည်၊ အကြောင်းမှာ“အာနန္ဒာပြုစုလုပ်ကျွေးသည်မျာ လာဘ်လာဘကို မျှော်ကိုး လုပ်ကျွေးခြင်းဖြစ်သည်”ဟု ပြောဆိုဖွယ် မရှိစေလိုသောကြောင့် ဖြစ်သည်။
တဖန် မထေရ်မြတ်တောင်းခံသည့် ပန်လေးဆုမှာ -
(၁) မြတ်စွာဘုရား - ရှင်တော်ဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်ကို ကြွတော်မူစေချင်ပါသည်၊
(၂) ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေ့ခွင့် ပေးတော်မူစေချင်ပါသည်၊
(၃) ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့် ပြုတော်မူစေချင်ပါသည်၊
(၄) ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို ဘုရားတပည့်တော်အား ပြန်လည်ဟောပြ ပေးတော်မူစေချင်ပါသည်။
ထိုအခါမှစ၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးရသူ ဖြစ်လာလေသည်။
မြတ်စွာဘုရားအား ရေပူရေချမ်း ကမ်းလှမ်းခြင်း၊ ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်း၊ ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်းစသည်တို့ကို ပြုစုပေးတော်မူရသည်။ တနေ့လုံး မြတ်ဘုရားအနီးါပါးဝယ်ဝတ်ကြီးဝတ်ငယ်ပြုစုပြီး ညအခါ ဆီမီးတိုင် ဆွဲကိုင်လျက် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီကျောင်းတော်ကို လှည်လည်ကာ ပြုစုစောင့်ရှောက်တော်မူသည်။
မြတ်စွာဘုရားသည် သံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်အာနန္ဒာမထေရ်အား -
(၁) ဗဟုဿုတ ဧတဒဂ် = အကြားအမြင်အများဆုံး၊
(၂) သတိမန္တ ဧတဒဂ် = သတိအကောင်းဆုံး၊
(၃) ဂတိမန္တ ဧတဒဂ် = ဉာဏ်ပညာအကောင်းဆုံး၊
(၄) ဓိတိမန္တ ဧတဒဂ် = ဝီရိယအကောင်းဆုံး၊
(၅) ဥပဋ္ဌာက ဧတဒဂ် = ပြုစုလုပ်ကျွေးသူတို့တွင် အတော်ဆုံး ဟူသော ဧတဒဂ်ဘွဲ့ထူး ရာထူးဌာနန္တရငါးမျိုးတို့ကို ချီးမြှင့်တော်မူသည်။
အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အချိန်ပြည့် ပြုစုလုပ်ကျွေးနေရပြီး သာသနာတော်ရေးရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသဖြင့်ကိုယ်ရေးကိုယ်တာ ၀ိပဿနာရူပွားမူများကို အလေးမပေးနိုင်ခဲ့ပေ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလနှင့် ၄-ရက်အကြာ သံဂါယနာတင်ရန်အတွက် သံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အပါး ၅၀၀-ရွေးချယ်ကြရာ ဆဠဘိည၊ တေဝိဇ္ဇ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ၄၉၉-ပါးကို အရှင်မဟာကဿပက ရွေးချယ်ခဲ့သည်။ မြတ်စွာဘုရား၏ တရားဒေသနာအားလုံးကို အစအဆုံးအပြည့်အစုံသိသူမှာ အရှင်အာနန္ဒာသာဖြစ်၍ အရှင်အာနန္ဒာမပါသော သံဂါယနာပွဲသည် ပြည့်စုံမည့်ပွဲမဖြစ်နိုင်ပေ၊ သို့ဖြစ်၍ အရှင်မဟာကဿပသည် နောက်ဆုံးတစ်ပါးကို ရွေးချယ်ရန်အတွက်သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူသည်၊ သံဃာ့ပရိသတ်ကလည်း အရှင်မဟာကဿပမထေရ်ကြီး လျာထားသည့်အတိုင်း အရှင်အာနန္ဒာကိုပင် မှန်ကန်စွာ ရွေးချယ်ပေးခဲ့ကြသည်။
အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သေးသဖြင့် ဘာကြောင့် ရွေးချယ်ရပါသနည်းဟု အရှင်မဟာကဿပက မေးတော်မူသောအခါ“အရှင်မြတ်ဘုရား-အရှင်အာနန္ဒာသည် မြတ်စွာဘုရားနှင့် အမြဲထာဝရ အနီးကပ်ပြုစု လုပ်ကျွေးနေထိုင်သူဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြားသမျှ မျက်မှောက် မျက်ကွယ် တရားအားလုံးကို တစ်ခုမကျန် ပြန်လည်နာကြားသင်ယူရသူဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို စုစည်းရာ သံဂါယနာပွဲသဘင်သည်အရှင်အာနန္ဒာမပါလျှင် ပြီးပြည့်စုံသောပွဲသဘင် ဖြစ်မည်မထင်ပါ။ အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သော်လည်း အဂတိလေးပါး လိုက်စားမည့်သူ မဟုတ်ပါ၊ ထို့ကြောင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အဖြစ် ရွေးသင့်ပါသည်”ဟု လျှောက်ထားကြသည်။အမှန်မှာမူ အရှင်မဟာကဿပကိုယ်တော်တိုင်လည်းအရှင်အာနန္ဒာမပါက မဖြစ်နိုင်ကြောင်း သိတော်မူပြီး ဖြစ်ပါသည်၊ သို့သော်မိမိနှင့် ရင်းနှီးသူဖြစ်သဖြင့် မျက်နှာလိုက် ရွေးချယ်သည်ဟု သူတပါးတို့အပြစ်တင်စကား ပြောကြားမူကင်းဝေးစေရန် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူခြင်း ဖြစ်သည်။
သံဂါယနာတင်ရေးကိစ္စ ရဟန္တာအရှင်မြတ်ကြီးများ ကြောင့်ကြမူ များနေကြသလောက် အရှင်အာနန္ဒာကမူ လှည့်လည်၍ တရားဟောနေ၏၊ဝဇ္ဇပုတ္တကမထေရ်ကြီးသည် တရားလှည့်လည်ဟောနေသော အရှင်အာနန္ဒာအား “ကိ ံ” တေ ဗိဠိဗိဠိကာ ကရိဿတိ-ငါ့ရှင် လှည့်လည်ပြီး တရားတွေ ဗလစ် ဗလစ် ဟောပြောနေဖို့အချိန်မဟုတ်တော့ဘူး၊ ရဟန္တာဖြစ်အောင် အားသွန်ကြိုးပမ်းပါတော့လား”ဟု သတိပေးခဲ့ဖူး၏၊ ထိုအခါ အရှင်အာနန္ဒာသည် သံဂါယနာတင်အမီ ရဟန္တာဖြစ်ရေးအတွက်ကြိုးစားအားထုတ်တော်မူသည်၊ ဤသံဃာပရိသတ်တွင် ကိလေသာညှီစောနံသူ တစ်ဦးရှိသေးသည်ဟု သီတင်းသုံးဖော် မထေရ်အချို့ကလည်း ပြောဆိုကြသည်။
“အာနန္ဒာ-သင်သည် ပါရမီဘုန်းကံကြီးသူဖြစ်သည်။ ရဟန်းတရားကိုသာ အားထုတ်ပါ၊ မကြာမီရဟန္တာဖြစ်ပါလိမ့်မည်”ဟု တချိန်က မိန့်တော်မူခဲ့ဖူးသော မြတ်စွာဘုရား၏ စကားတော်တို့ကိုကြားယောင်မိသည်။ ထိုအချက်များအားလုံးကို ဆင်ခြင်သုံးသပ်ပြီး “ငါသည်သေက္ခအဖြစ်ဖြင့် သံဃာ့အစည်းအဝေးသို့ ဝင်ရန်မသင့်လျော်ဟု”စိတ်ကူးက အပြင်းအထန် တရားအလုပ် အားထုတ်တော်မူသည်။
သံဂါယနာမတင်မီ တစ်ရက်အလိုတွင် ကာယဂတာသတိတရားကို အပြင်းအထန် ရူပွားတော်မူရာ ဝီရိယလွန်သဖြင့် တရားထူးမရဖြစ်နေ၏၊ အရုဏ်တက်ရန် နီးလာပြီဖြစ်သဖြင့် ခေတ္တမျှ အပန်းဖြေနားနေတော်မူရန် စင်္ကြ ံဦးမှ ဖယ်ခွာ၍ အိပ်ရာသို့ သတိပဋ္ဌာန်းတရားဖြင့် ကြွသွားတော်မူသည်။ အိပ်ရာပေါ်သို့ အရောက်တွင် အသာအယာခန္ဓာကိုယ်ကို လှဲချတော်မူစဉ် ကိလေသာအာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးတွင် မည်သည့် ဣရိယာပုတ်နှင့်နေ့စဉ် ရဟန္တာဖြစ်တော်မူသည်ဟု ပြော၍မရ၊ ဣရိယာပုတ်လေးပါးမှ လွတ်၍ ရဟန္တာဖြစ်တော်မူသည်။
ဘုရင်အဇာတသတ်သည် ဂိဇ္စျကုဋ်တောင်ယံ စရည်းပင်ပေါက်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၌ ကြီးကျယ်ဆန်းပြား ခမ်းနားစွာ မဏ္ဍပ်ကြီးငယ်တို့ကို ဆောက်ကာ ပစ္စည်းလေးပါးတာဝန်ယူ၍ ပထမသံဂါယနာပွဲကိုကူညီအားပေးခဲ့သည်။ သံဃာအားလုံး စုံညီချိန်၌ အရှင်အာနန္ဒာသည် တန်ခိုးဖြင့် မြေ၌ငုပ်လျှိုုးလာကာ မိမိအတွက်ထားသောနေရာ၌ တက်သစ်စနေဝန်းအလား ဘွားကနဲထွက်ပေါ် ထိုင်နေတော်မူလာသည်၊ အရှင်မဟာကဿပ မထေရ်ကြီးသည် ဝမ်းသာပီတိဖြစ်ကာ“အကယ်၍များ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိပါမူ ယနေ့ရဟန္တာအဖြစ် မြင်တွေ့ရသော အရှင်အာနန္ဒာကို ချီးကျူးတော်မူပေလိမ့်မည်၊ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသွားပြီးဖြစ်၍ ဘုရားရှင်ကိုယ်စား ငါကပင် ကောင်းချီးပေးတော့အံ့”ဟု တွေးကြံတော်မူကာ အရှင်အာနန္ဒအား ချီးကျူးတော်မူသည်။
သာသနာတော်နှစ် ၁-နှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့ ပထမသံဂါယနာသဘင်တွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ရဟန္တာမထေရ်ကြီး အပါး (၅၀၀) ကြွတော်မူကြသည်။ အရှင်မဟာကဿပ က သံဃနာယကထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး ပိဋကသုံးဖြာ၏ ပုစ္ဆကထေရ်တာဝန်ကို ယူတော်မူသည်။ ၀ိနယပိဋက၏ ၀ိဿဇ္ဇကခေါ် အဖြေရှင်တာဝန်ကို အရှင်ဥပါလိက ယူတော်မူသည်။ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက နှစ်ပုံ၏ အဖြေရှင်တာဝန်ကို အရှင်အာနန္ဒာကပင် ယူတော်မူသည်။
သံဃာ့မထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုတ်တခု တခုကို မေးစစ်တော်မူတိုင်း “ဧဝံ မေ သုတံ - ဤသို့ ကြားနာမှတ်သားဆောင်ထားဖူးပါသည်”ဟု အစချီကာ အရှင်အာနန္ဒာ၏ ဖြေကြားချက်သည် ပိဋကစာပေများအပေါ် အကြောင်းထုပ္ပတ်နှင့်တကွ မည်မျှခိုင်မာကြောင်း အာမခံချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ပိဋကရေးရာ သုတ်ဒေသနာများကို စနစ်တကျမေးဖြေစိစစ်လျက် မှတ်တမ်းတင်တော်မူကြရာ သံဃာတော်အများကအတည်ပြုသောအားဖြင့် တညီတညာတည်း စုပေါင်းရွတ်ဆိုတော်မူကြသည်။ သံဂါယနာတင်ပွဲသည် ၇-လတိုင်တိုင် ကြာမြင့်ခဲ့၏၊ ဤသို့ အာဏာစက်နှင့် ဓမ္မစက် နှစ်ရပ် ပေါင်းစပ်ညီညာ သံဂါယနာတင်လိုက်ခြင်းဖြင့် အဓမ္မဝါဒီတို့ပျောက်ကွယ်သွားလေတော့သည်။
အရှင်အာနန္ဒာမထေရ်သည် သက်တော် ၁၂၀-အထိ သာသနာတော်အကျိုးစီးပွားကို များပြားစွာ ဆောင်ရွက်တော်မူပြီးသာသနာတော်နှစ် ၄၀-ခုနှစ်တွင် ကပိလဝတ်နှင့် ကောလိယအကြားရောဟိဏီမြစ်အလယ်ထက်ကောင်းကင်၌ တေဇောဓာတ်လောင်၍ ပရိနိဗ္ဗာန် ပြုတော်မူလေသည်။ သရီရဓာတ်တော်များကို မြစ်နှစ်ဘက်ရှိ ပြည်သူများ ကိုးကွယ်ရန် အဓိဋ္ဌာန်ခဲ့၍ နှစ်ဖြာခွဲကာကျရောက်လာကြကုန်၏၊ တစ်သာသနာတွင်မှ တစ်ယောက်ဟု ဆိုစလောက်သော အရှင်အာနန္ဒာ၏ စွမး်ရည်နှင့် ဂုဏ်ကျေးဇူးကား ထေရဝါဒ သာသနာ့သမိုင်း၊ ပိဋကစာပေသမိုင်းတွင်အနိူင်းမဲ့ဖြစ်ပေတော့သည်။
အရှင်အာနန္ဒာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြဝါဒတရားတော် -
ဗဟုဿုတံ ဥပါသေယျ၊ သုတဥ္စ န ၀ိနာသယေ။
တံ မူလံ ဗြဟ္မစရိယဿ၊ တသ္မာ ဓမ္မဓရော သိယာ။
အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရမည်၊ မှီဝဲဆည်းကပ်၍ ရအပ်သောအကြားအမြင်ကိုလည်း မပျောက်မပျက်အောင် မှတ်သားရမည်။ ထိုသို့အကြားအမြင်များပြားခြင်းသည် မဂ်တည်းဟူသော မြတ်သောအကျင့်၏ အကြောင်းရင်းမူလဖြစ်သည်၊ ထို့ကြောင့် ရှေးဦးစွာ တရားစာပေကို သင်ယူမှတ်သား ဆောင်ထားထိုက်ပေ၏။
ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တ ယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။
တရားတော်လျှင် မွေ့လျော်ရာရှိသော၊ တရားတော်၌ မွေ့လျော်သော၊ တရားတော်ကို အဖန်ဖန် ဆင်ခြင်ရူမှတ်သော၊ တရားတော်ကို အဖန်ဖန် အောက်မေ့ပွားများသော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်နိုင်။
အဗ္ဘတီတသဟာယဿ၊ အတီတဂတသတ္ထုနော။
နတ္ထိ ဧတာဒိသံ မိတ္တံ၊ ယထာ ကာယဂတာသတိ။
မြတ်စွာဘုရားတည်းဟူသော ဆရာလွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှ ကင်းကွာခဲ့ရသော ငါ့အား ကာယဂတာသတိသည်ပင် ငါ၏ အကျိုးစီးပွားကို ဆောင်တတ်သောအဆွေခင်ပွန်းကောင်း အစစ် ဖြစ်ပေတော့၏။
(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)