“ဥပုသ်”ဟူသော စကားသည် “ဥပေါသထ” ဟူသော
ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊
“ဥပ+ဝသထ” ဟု ပုဒ်ခွဲ၊
ဥပ=ညစာ မစားခြင်း ၊သူ့အသက် မသတ်ခြင်း စသော
အကျင့်ကောင်းနှင့် ပြည့်စုံ၍၊+
ဝသထ-နေခြင်း၊

ညစာမစားခြင်း ၊သူ့အသက်မသတ်ခြင်း စသော
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍
ဘုရား ဂုဏ်တော်၊တရားဂုဏ်တော် စသော အာရုံများကို
အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ
စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို
“ဥပုသ် စောင့်”ဟု ခေါ်သည်။

[ဆောင်] မိမိစိတ်မှာ၊စင်ကြယ်လာအောင်၊အင်္ဂါရှစ်တန်၊
သီလခံ၍၊ ခြိုးခြံအောင့်အည်း၊
တဖြောင့်တည်းဖြင့်၊စောင့်စည်း အား ထုတ်၊
တရားကုတ်၊ ဥပုသ်စောင့်ဟုမှတ်။

(၁)။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော
သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌
အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှာ
မလျော်သောကြောင့် ယနေ့လို အခါကပင်
အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။

(၂)။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင်
နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊
[ဥပုသ်စောင့်ခိုက် ခါတိုင်း ထက်
ကောင်းကောင်းစားဖို့ကား မစီမံသင့်]။

(၃)။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန်
ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ် ၊
သောက်ဖွယ်များကို ပြီးစီး စေအောင် စီမံထားရာ၏။

(၄)။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင်
ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ
သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။

(၅)။ ပန်းပန်မှု၊နံ့သာလိမ်းမှုနှင့်
အထူးတလည် ပြင်ဆင်မှုကို မပြုရာ။

(၆)။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊
[သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင်
မြန်မာလို ဆောက်တည်နိုင်ပါသည်။
ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော
ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ
ဆို၍လည်း ဆောက်တည်နိုင်၏။ ]

(၇)။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်
ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ ၊မရှိက မိမိအတွက် သင့်တော်ရုံမျှသာ
စီမံ၍ စားသောက်ရာ၏၊
[တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင်
စားသောက်ခွင့်ရှိ၏။]

(၈)။ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက်
မစင်ကြယ်က ရေချိုးရာ၏၊
[ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ
တရားအာရုံပြု၍ ကောင်းသည်။]

(၉)။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင်
တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က
သဘောတူ အဖော်နှင့် တကွ သင့်တော်သော
ဆိတ်ငြိမ်ရာဌာန၌ “ဗြဟ္မာ ဥပုသ်” ကို စောင့်လိုလျှင်
ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။

(၁၀)။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း
ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊
[ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ
စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]

(၁၁)။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။

(၁၂)။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။

(၁၃)။ ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို
ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း
ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။

“အောက်မေ့ပုံ”
~~~~~~~~~~~~~
“ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း၊
သူ့ဥစ္စာကို ခိုးယူခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့မှ
ရှောင်ကြဉ်၍ ညဉ့်စာစားမှု၊ ပန်းနံ့သာစသည် လိမ်းကျံမှုများကို
မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု
အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့်
တူပေသည် တကား” ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ
ရဟန္တာ ယောကျာ်း ၊ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင်
ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင်
မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။

၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော
အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ
မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်။
[ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ
ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။

“ဥပုသ်ကာလ အပိုင်းအခြား”
••••••••••••••••••••••••••••••••••••
ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်၊
အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊
ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ
၂ ရက် ၃ ရက် စသည်ဖြစ်စေ၊ တစ်နေ့ တစ်ညဉ့်လုံး ဖြစ်စေ၊
နေ့ဝက် ညဉ့်ဝက်ဖြစ်စေ၊တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ
စောင့်ကောင်းပါသည်။

အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည်
ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ
ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ
နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော်
“ရုက္ခစိုးနတ်” ဖြစ်ရသည်၊

ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ၊ရက်၊
အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။

သို့သော် 。。。ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ်
စသည်၌ ကား “မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ”
ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား
မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို
ဓမ္မကထိကတို့က ချပေးကြ၏၊

“ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့်
မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်”ဟုလည်း
ပြောဆိုကြပြန်သေး၏၊
ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။

-【မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ၏ “ရတနာ့ဂုဏ်ရည်ကျမ်း”
နှာ ၂၃၉-၂၄၂ မှ- ကောက်နှုတ်ပူဇော််မျှဝေပါသည်။