ရခဲလှတဲ့ “ဒုလ္လဘ တရား ၅-ပါး”မှာ ဘဝတိုင်း ၊
ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှုရှိချင်မှရှိမယ်။
ဒါကြောင့်ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်း
မြန်မြန်မဂ်ဉာဏ်ရအောင်လုပ်ပါ။
သေမှာကို ကြောက်ရင် မဂ်ဉာဏ်ကိုရအောင်ယူ။
မဂ်ဉာဏ်ကိုရရင် သေမင်းမမြင်နိုင်တော့ဘူး။
သေမင်းရှာမတွေ့နိုင်တော့ဘူး။
ဒါကြောင့်ဝိပဿနာအလုပ်ကို မလုပ်ဘဲနေနေရင်
“နင်သေချင်လို့လား” လို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

မသေချင်ရင် ခန္ဓာ၅-ပါးအပေါ်မှာ ပေါ်တိုင်း၊ပေါ်တိုင်း
ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့။
ဘုန်းကြီးတရားကိုတော့ ကုသိုလ်ရချင်ရုံနဲ့ မနာကြနဲ့ ။
ရအောင်လုပ်ကြပါ။ ဝိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို
ပြောပြရဦးမယ်။

ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ၅၀၀-က
သွန်သင်ဆုံးမပါဥိီးဘုရားလို့ လျှောက်ထားထာနဲ့၊
အရှင်နန္ဒကဟောကြားဆုံးမတယ်။
သူဟောကြားဆုံးမတဲ့တရားကတော့၊ ကိုယ်ရယ်၊
လေရယ်၊ နေရယ်၊ ဒီ ၃-ခုရှိနေမှ “ဖဿ”ဆိုတဲ့
တွေ့ထိမှုဖြစ်ပေါ်လာတယ်၊ အခံဓာတ်၊ အဖိဓာတ်၊
အထိဓာတ်လို့ခေါ်တယ်။
ဒီ ၃-မျိုးကြောင့် အပေါ်ဓာတ် ပေါ်လာတယ်။
ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း
၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာ ပေါ်လာတာ
အကြောင်းကြောင့် ပေါ်တာ၊ ရေ၊ မြေ၊ လေ၊ နေတို့နဲ့
လွတ်အောင်မနေနိုင်တော့ဘူး။
၎င်းတို့ နဲ့ တွေ့ရင် ဝေဒနာ ပေါ်ရမယ်။
မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ်၊ ဆိုတာဝေဒနာတွေပဲ။
ခန္ဓာကိုယ်ထဲက ဖြစ်ပေါ်လာတဲ့ “ကာယ ဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာ”
(ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု၊ ) ပေါ်တိုင်းဖြစ်ပျက်
ရှုပေးလို့၊အရှင်နန္ဒက ဟောလိုက်တယ်။

ဥပမာပြရရင် မီးထွန်းတဲ့အခါ “ဆီ၊ မီးစာ၊ မီးတောက်”
ဒီ၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ။
ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊
အစိုးမရတဲ့အနတ္တ တရားတွေပဲလိို့ ဝေဒနာပေါ်တိုင်း
ဖြစ်ပျက်ကိုသာ ရှုကြပေတော့။
စိတ်တစ်မျိုး တစ်မျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊
ရုပ်ကလေးတစ်မျိုးတစ်မျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊
ခင်ဗျားတို့ အဖို့ အဘွားတွေ ဘယ်ရောက်ကုန်သလဲလို့
မေးရင် အနိစ္စ ရောက်ကုန်ပြီလို့ပြောကြပါမယ်။
ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ။
ခင်ဗျားတို့က မွေးမယ့် ကလေးတွေလဲ အနိစ္စပဲ။
သူတို့ကတစ်ဆင့်မွေးမှာလဲ အနိစ္စချည်းပဲ။
ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ တိုင်းဖြစ်ပျက်ရှုပါ။
ဖြစ်တာလဲဒုက္ခ၊ ပျက်တာလဲ ဒုက္ခလို့ မြင်အောင်ရှုပါလို့
ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ (ရဟန်းမ) ၅၀၀-ဟာ
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ
အသီးသီးဖြစ်ကုန်ကြတယ်။
ဒါကြောင့်ဝေဒနာရှုရင် တဏှာကုန်တယ်။
တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။
ရှုပုံရှုနည်းချည့် ဟောနေပါတယ်။
ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ။
ဒီ “ဖဿဝေဒနာ”တို့ဟာရောနေတော့၊
တစ်ခုရှုရင် အကုန်ပါတော့တာပဲ၊
ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ် ၊ ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့
ပျက်တာလို့သာ ရှုပေးဖို့လိုပါတယ်၊ ကိုယ်ပေါ်မှာ သုခ ပေါ်ပေါ်၊
ဒုက္ခ ပေါ်ပေါ်၊ ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊
စိတ်စေတသိက်၊ ရုပ်တွေကိုလဲ ပေါ်လာတိုင်း၊
ပေါ်လာတိုုင်းသာစောင့်ရှုပါ၊ ရှုရင်ရွံ့စရာ မုန်းစရာတွေပါကလား
လို့ ငြီးငွေ့တဲ့စိတ်တွေပေါ်လာတော့တာပါပဲ။
ဖြစ်ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေအဆင့်ဆင့်
ရင့်သန်လာပြီး ဒီ ခန္ဓာကြီးကို မလိုချင်တော့ဘူး။

ရွံ့မုန်းလာပြီး ခန္ဓာရဲ့လွတ်ရာလွတ်ကြောင်းကို
သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊
ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့
ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှ တစ်ပါး ဘာမျှမရှိဘူး။
ဖြစ်ပေါ်ပြီးပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ
ပျက်ဒုက္ခသာရှုကြ၊ သတိိ ပညာနှင့် ရုပ်ပျက် နာမ်ပျက်တို့ကို ကြည့်
ရှုနေလို့ ဖောက်ပြန်ပျက်စီးပြီးနေတာပါကလားလို့
သိလားပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ်
ပေါ်လာတော့တာပဲ။

မြတ်စွာဘုရားသခင်က ဟောတယ်။
ဝိပဿနာ မရှုသောသူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်။
သေခါနီး သား သမီး လင်မယား ပစ္စည်းခင်တွယ်တာတွေကြောင့်
အပါယ်ဘေးနဲ့ နီးလွန်းလှတယ်။ဒါကြောင့်ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကိုရအောင်ရောက်အောင်လုပ်ကြရမယ်။
ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူးမှ
အပါယ်ငရဲဘေးမှလွတ်ကြမယ်။
သောတာပန်များဟာ သေရမှာမကြောက်ကြတော့ဘူး။
အပါယ်ငရဲဆိုတဲ့အောက်သံသရာဘေး မကျရောက်တော့လို့
မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်ပြီး(လွတ်ပြီး)
လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်။
ဘုရားတောင် တရားကို ပူဇော်ကိုးကွယ်သေးတယ်။

ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးဟာ
ဤတရား ရတနာကို ရတနာအမှန်ဧကန်ဖြစ်ကြောင်း
သိသဖြင့်ထီးနန်းကိုစွန့်ပြီး တက္ကသိုလ်ကခွာ၍
ဘုရားရှင်ထံအရောက်သွားရန် ရည်းမှန်းပြီး
၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်း၊
ဖိနပ်မစီးဘဲ ဇွဲကြီးစွာဖြင့်ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ
ရာဇဂြိုလ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး
တရားနာယူကျင့်သုံးတာနဲ့ ကျွတ်တမ်းဝင်သွားတယ်။
ဒီတော့အဲဒီ ပက္ကုသာတိမင်းကြီး ကိုနှလုုံးမူပြီး
မင်းတို့ကြိုးစားကြပါလို့သတိပေးပါတယ်။

အဲဒီ ပက္ကုသာတိ မင်းကို ဟောတဲ့တရားကတော့၊
ပထဝီဓာတ်၊ အားပေါဓာတ်၊ တေဇောဓာတ်၊
ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ်
လို့ဓာတ်ခြောက်ပါးရှိတယ်။
ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့သဘော သူဆောင်တာပဲ။
လူတို့ရဲ့သဘောကို မလိုက်ဘူး။
သတ္တဝါဆိုတာ ဒီဓာတ် ၆-ပါးအစုအဝေးကြီးပဲ။
ဒီဓာတ် ၆-ပါးဟာသူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ။
သူ့သဘော သူဆောင်တာပဲ၊ ဒီလိုဓာတ် ၆-ပါးရဲ့ဖြစ်ပျက်
သဘောကိုမြင်အောင်ရှု။
သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊
သူ့သဘော သူ ဆောင်နေတာပါလား။
မိမိအလို မလိုက်ပါကလား၊ အစိုးမရပါကလား၊
အနတတ္တတရားပါကလား လို့ဓာတ်တွေရဲ့
ဖောက်ပြန် ပျက်စီးယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ်
ဆင်ခြင် မပြတ်မလပ်ထင်မြင်လျှင်
ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရမှာမို့၊
ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက် ရှုကြပေတော့
ဒကာ ဒကာမတို့ 。。。။ ။

ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
-【အရှင်ဉာဏဓဇ- မိုးကုတ်ဝိပဿနာ
မင်္ဂလာမဂ္ဂရိပ်သာ၊ပင်မသံဝေဇနိယဌာန၊အမရပူရမြို့။】