လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည်သို့ ကြွရောက်တော်မူ၍ ပြည်သူတို့၏ ကျရောက်သော ဘေးရန်အန္တရာယ်များကို ပယ်ရှားရှင်းလင်းပေးတော် မူပြီးနောက် ရာဇဂြိုဟ်ပြည်သို့ ပြန်လည်ကြွတော်မူကာ စတုတ္ထ ၀ါဆိုတော်မူသည်။

၀ါကျွတ်ပြီးနောက် မကြာမီ သံဃာတော်အပေါင်းအား ဂမိကဝတ်ကို နှိုးဆော်တော်မူ၍ ဒေသစာရီကြွချီတော်မူလေသော် လိစ္ဆဝီမင်းတို့၏နေရာ ဝေသာလီပြည်သို့ရောက်၍ မြို့၏နောက်မျက်နှာ တစ်ဂါဝုတ်ကွာသောအရပ်တွင် တန့်ရပ်မှီတင်း သီတင်း သုံးတော်မူသည်။ မင်းနှင့်ပြည်သူအပေါင်းလည်း ဝမ်းသာအားရချဉ်းကပ် ပူဇော်ကြ၍ ပစ္စည်းလေးပါးဖြင့် ဖိတ်မန်ကြသည်။ မြတ်စွာဘုရားနှင့် တပည့်သားသံဃာတော်တို့အတွက် ကျောင်းကန် ဇရပ် မဏ္ဍပ်ကနား တရားသဘင် တို့ကိုလည်းကောင်း၊ နေ့သန့်ရာ ညဉ့်သန့်ရာ ကမ္မဠာန်းစီးဖြန်းရာ လိုဏ်သာဥမင်တို့ကိုလည်းကောင်း ဆောက်လုပ်လှူဒါန်း ကြ၏။

ယင်းသို့ ဝေသာလီပြည်ကြီးတွင် မြတ်စွာဘုရားသီတင်းသုံးတော်မူ၍ တစ်လကျော်ကာလသို့ ရောက်လျှင် ကပိလဝတ်ပြည်မှ အမတ်တစ်ယောက်သည် “အရှင်ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၌ ကြီးမား သည်းထန်သော ရောဂါကပ်ငြိနေ ပါကြောင်း” ဖြင့်ရောက်ရှိ၍ လျှောက်ထားလာသည့်အတွက် သံဃာအချို့ကိုချန်လျက် ကပိလဝတ်သို့ သံဃာတော်အပါးငါးရာဖြင့် ကြွတော်မူကာ ခမည်းတော်မင်းကြီးအား တရားဖြင့်ချီးမြှင့်တော်မူသည်။

နိဂြောဓါရုံကျောင်းတွင် မြတ်စွာဘုရားသီတင်းသုံးတော်မူ၍ သုံးရက်မြောက်သောနေ့တွင် သုဒ္ဓေါဒန မင်းကြီးသည် သိအပ်သော တေဘုမ္မက ဓမ္မကို သင်္ခါရသို့တင်၍ ဆင်ခြင်သုံးသပ်သဖြင့် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန် စံယူတော်မူလေ၏။ မြတ်စွာဘုရားလည်း ခမည်းတော်၏ အလောင်းကို စကြဝတေးမင်းတို့ကို ဖုတ်ကြည်းသဂြိုလ်သောနည်းဖြင့် သဂြိုလ်တော်မူကာ ကျောင်းတော်ဝယ် စံပယ်တော်မူနေစဉ် မိထွေးတော် မဟာပဇာပတိ ဂေါတမီ မိဖုရားသည် မြတ်စွာဘုရား ထံသို့ ရောက်လာကာ ဤသို့ လျှေက်ကြား၏။

“ဘုန်းတော်ကြီးသောမြတ်စွာဘုရား သားတော်မြတ် ပညတ်ဟောပြောဆုံးမသော သာသနာ၌ အကျွနု်ပ်တို့ မာတုဂါမများသည် အိမ်ရာထောင်သော လူ၏ဘောင်မှ ခွာရှောင်ပယ်သန်း၍ ရဟန်းအဖြစ်ကို ရလိုပါ၏။ မယ်တော်မှစ၍ မာတုဂါမတို့ကို ရဟန်းပြုတော်မူပါ။”

“မယ်တော် ငါဘုရား၏ သာသနာ၌ မာတုဂါမတို့ကို ရဟန်းပြုခြင်းငှာ မသင့်။ ပြုသဖြင့်လည်း ရှည်မြင့်စွာမစင်ကြယ်ရာ၊ ထို့ကြောင့် ရဟန်းအဖြစ်ကို မနှစ်သက်လင့်”မယ်တော်ဂေါတမီလည်း သုံးကြိမ်တိုင်အောင် တောင်ပန်းလျှောက်ထားသော်လည်း မြတ်စွာဘုရားသည် ခွင့်သနားတော်မမူချေ။ ထို့ကြောင့် ဆာပူလှိုက်လှဲ ဆင်းရဲငြိုငြင်သော နှလုံးဖြင့် ယူကျုံးမရ တသငိုယိုကာ နန်းတော်သို့ ပြန်သွားလေသည်။

ဗုဒ္ဓ မြတ်စွာလည်း ဝေသာလီပြည်သို့ ပြန်လည်ကြွမြန်းကာ မဟာဝုန်တော၏ ကူဋာဂါရ ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်ဝယ် မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် မိမိ အလိုလိုပင် ဆတ္တာသည်တို့ကိုခေါ်၍ ဆံပင်ကိုဖြတ်စေပြီးသော် ဖန်ရည်စွန်းသော အဝတ်တို့ကို ဆီးလျက် သာကီဝင်မင်းသမီးငါးရာတို့လည်း ၎င်းနည်းတူ ပြုလုပ်ကာ ဝေသာလီပြည်သို့ လိုက်လာကြသည်။

မြေပြင်ကို ခြေနင်းဖူးခြင်းမရှိသော ဤသာကီဝင်မင်းသမီးတို့နှင့် မိဖုရားကြီးအတွက် မှူးမတ်များက ဝေါယာဉ်ရထားယာဉ်တို့ကို စီစဉ်ပေးသော်လည်း မြတ်စွာဘုရားကို မရိုသေရာ ရောက်မည် စိုးသဖြင့် ခြေကျင်လာကြသည်။ ဝေသာလီနှင့် ကပိလဝတ်သည် ၅၁ ယူဇနာဝေးကွာသည်။ ဆင်းရဲသားတို့၏ ခြေဖြင့်ဆိုသော် ၅၁ ရက်ခရီးရှိ၏။ မြေပြင်ကို ခြေမချဖူးသော မင်းသမီးတို့အတွက်ကား ထိုထက်ကြာရှည်ဖြစ်ရာ ခရီးလမ်းတစ်လျှောက်လုံးလိုက်လံစောင့်ရှောက်ပေးကြသည်။

မဟာပဇာပတိဂေါတမီ အမှုးပြုသော သာကီဝင်မင်းသမီးငါးရာတို့သည် ၅၁ယူဇနာခရီးကို ခြေကျင်လာခဲ့ ရသောကြောင့် ခြေဖဝါးများပေါက်ပြဲကာ သွေးယိုစီးလျက်ရှိသည်။ ခြေဖမိုးများလည်း ရောင်ကိုင်းနေသည်။ တစ်ကိုယ်လုံးလည်း ချွေးနှင့်ဖုန်နှင့် လုံးထွေးလျက်ညစ်ပတ်ပေကျံနေကြသည်။၎င်းတို့သည် မဟာဝုန်တောရှိ ကူဋာဂါရကျောင်း ပရိဝုဏ်ဝသို့ ရောက်လာသော်လည်း မလှမပသောကိုယ်ဖြင့် မြတ်စွာဘုရား ရှေ့တော်သို့ဝင်ရန် မသင့်သဖြင့် စုရုံးနားနေကြသည်။ နားနေစဉ်အတွင်း ညည်းတွားသူက ညည်းတွား၊ ငိုယိုသူကငိုယိုကြရာ ထိုငိုသံကို အရှင်အာနန္ဒာကြားသဖြင့် အပါးသို့လာ၍ ရှုလတ်သော် မယ်တော်မိဖုရား၏ အခြင်းအရာ ပူဆာပင်းပန်းသောအဖြစ်ကို မြင်၍ စုံစမ်းမေးမြန်းတော်မူသည်။

“ကျေးဇူးရှင် ဒါယိကာမ၊ အဘယ်ဆန္ဒ မပြည့်ဝ၍ ဤမျှလောက်ပင် ရှိုက်ငင်ငိုယိုဘိသနည်း။ ဝေးလံကြမ်းတမ်း ဤသည့်လမ်းကို ပင်ပန်းဆင်းရဲစွာ ဘယ်ခြင်းရာကြောင့် လာခဲ့သနည်း။”

“ချစ်သား အရှင်အာနန္ဒာ၊ သားတော်ဘုရား၏ သာသနာဝယ် မယ်တော်နှင့်တကွ မာတုဂါမတို့သည် ရဟန်းပြုလိုကြပါသည်။ ထိုအကြောင်းကို ခွင့်တောင်းရန်လာပါသည်။”

ထိုစကားကို ကြားလျှင် အရှင်အာနန္ဒာကလည်း “မယ်တော် အကျွနု်ပ်သွား၍ နောင်တော်ဘုရားအား နားတော်လျှောက်ဦးမည်။ ဤနေရာတွင် ဆိုင်းဦးလော့”ဟု ဆိုကာ မြတ်စွာဘုရားထံ ချည်းကပ် လျှောက်ထားလေသည်။

“အရှင်ဘုရား၊ မယ်တော်မိဖုရား ဂေါတမီသည် မိမိဆံများကို မိမိအလိုလို ဖြတ်ပယ်လျက် သာသနာ်တော်ဝယ် ရဟန်းပြုလိုသော ဆန္ဒဖြင့် ဖဝါးမှ သွေးဒီးဒီးယိုစီး ကွဲပြတ်အောင်လာ၍ မြူလွှာလိမ်းကျံသော ကိုယ်ဖြင့် ငိုယိုရှိုက်ငင် မမြင်ဝံ့မျှရှိ လျှက် ကျောင်းထွက်တံခါးဝ၌ နေလာပါသည်။

“အရှင်ဘုရား၊ အကျွနု်ပ်တောင်းပန်ပါအံ့၊ ကိုယ်တော်မြတ်သည် သိအပ်သော သာသနာတော်ဝယ် မာတုဂါမတို့ကို ရဟန်းပြုခြင်းငှာ အခွင့်ပေးတော်မူပါ”

“ချစ်သား အာနန္ဒာ၊ ငါဘုရား၏ သာသနာတော်၌ မာတုဂါမတို့ကို ရဟန်းပြုစေသဖြင့် မသင့်လျော်ချေ။ အကယ်၍ ပြုစေမူကာ ရှည်လျားစွာ မစင်ကြယ်ရာ။ ထို့ကြောင့် မာတုဂါမတို့၏ ရဟန်းဖြစ်ခြင်းကို သင် အလိုမရှိလင့်။”

အရှင် အာနန္ဒာလည်း ဤနည်းဖြင့်သာ သုံးခါ သုံးကြိမ်တိုင်အောင် လျှောက်ထားရာ မြတ်စွာဘုရား ခွင့်ပြုတော် မမူလေသော် မယ်တော်၏ ဂုဏ်ကျေးဇူးကို ချီးပ၍ ခွင့်ရအောင် တောင်းလိုသဖြင့် ဤသို့လျှောက်ထား၏။

“ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အရှင်ဘုရား၊ အရှင်ဘုရားသည် သိအပ်ရအပ် ဆုံးမအပ်သော သာသနာ၌ မာတုဂါမတို့သည် ရဟန်းဖြစ်ခြင်းငှာ မထိုက်ပါသလော၊ ထိုသူတို့ကို ရဟန်းပြုသဖြင့် မြတ်သော သောတာပတ္တိဖိုလ်ကို လည်းကောင်း၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်နှင့် အရဟတ္တဖိုလ်တို့ကိုလည်းကောင်း၊ မျက်မှောက်ပြုခြင်းငှာ မစွမ်းနိုင်ပါသလော၊ အကယ်၍ ထိုတရားတို့ကို ရနိုင်ကြသည်ဖြစ်အံ့၊ မာတုဂါမတို့အား ရဟန်းပြုခြင်းကို ခွင့်ပေးသင့်ပါ၏။”

“မြတ်စွာဘုရား မယ်တော်ဂေါတမီ မိဖုရားသည် ကိုယ်တော်မြတ်အား များသောကျေးဇူးရှိပေသည်။ ငယ်ကတည်းက ထိန်းယချီပိုးလျက် မြတ်နိုးတနာပြုပေသည်။ နို့ရည်ကျွေး၍ မွေးမြူပေသည်။ ကိုယ်တော်မြတ်ကို ဝမ်းဖြင့်လွယ်သော မယ်တော်ရင်းနှင့် ထက်အောက်ဆင်းသော မိထွေးချစ်လည်း ဖြစ်ပါသည်။ မယ်တော်ရင်းထက်တိုးတက်ကဲ၍ ဆင်းရဲခံသူလည်းဖြစ်ပါသည်။ ထိုမျှလောက်စင် ကျေးဇူးရှင်ကို သခင်ဘုရား ခွင့်မသနားက နောက်သားနောင်လာ လူများစွာတို့ မာတုဂုဏဝိသေသကို မနှိုင်းဆဘဲ ရှိကြပါလိမ့်မည်။ ထို့ကြောင့် မယ်တော်မြတ်ကို ရဟန်းပြုခွင့်ပေးသနားတော်မူပါ။”

“ချစ်သား အာနန္ဒာ၊ ငါ၏ မယ်တော် မိဖုရားသည် ရှစ်ပါးသော ဂရုဓမ္မကို အသက်တည်သမျှ မကျူးလွန်ရအောင် အမြဲဖြည့်စွမ်း သည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှာ ငါခွင့်ပေးတော်မူမည်။”

ထိုအခါ အရှင်အာနန္ဒာလည်း ဂရုဓမ္မရှစ်ပါးကို မြတ်စွာဘုရားထံတော်၌ သင်ကြားနာခံခဲ့ပြီးသော် မယ်တော်အထံသို့ လာ၍ ဟောညွှန်ပြတော်မူသည်။ အလေးပြုအပ်သော တရားတော်တို့မှာ ဤသို့ ဖြစ်ပေသည်။

(က) အဝါတစ်ရာရှိသော ဘိက္ခုနီမပင် ဖြစ်စေကာမူ ယနေ့မှ ရဟန်းဝတ်သော ရဟန်းယောင်္ကျားအား ညွတ်တွားရိုသေရခြင်း။
( ခ) ရဟန်းယောင်္ကျားကင်းသော အရပ်ဒေသ၌ ၀ါမကပ်ရခြင်း။
( ဂ) ရဟန်းယောင်္ကျားတို့အား လခွဲတစ်ကြိမ် နှစ်ပါးသော ဓမ္မတို့ကို တောင်းပန်ရခြင်း။
(ဃ) ၀ါကျွတ်သောအခါ ဥဘတော သင်္ဃာ၌ ပဝါရဏာ ပြုရခြင်း။
( င) ပက္ခမာနတ်ကို နှစ်စဉ်မပြတ် ကျင့်ရခြင်း။
( စ) သိက္ခမာန် အဖြစ်၌ ၂နှစ်တိုင်အောင် တည်ပြီးမှ ဥဘတော သင်္ဃာ၌ ဥပသမ္ပဒကံ ဆောင်ရခြင်း။
(ဆ) ရဟန်းယောင်္ကျားတို့ အား ပရိယာယ်စကားမျှဖြင့်လည်း မဆဲရေး မမြည်တမ်းရခြင်း။
( ဇ) ရဟန်းယောင်္ကျားတို့ ဟောကြား ဆုံးမတိုင်း လိုက်နာရခြင်း။

“အို - ကျေးဇူးတော်ရှင် မယ်တော် မိဖုရား ဤရှစ်ပါးသော ဂရုဓမ္မတို့ကို လုံ့လအားထုတ်၍ မယုတ်မယိုရအောင် အသက်တည်သမျှ ကျင့်မည်ဟု ဝန်ခံလျှင် သာသနာတော်ဝယ် မယ်တော်တို့ ရဟန်းဖြစ်ရတော့မည်။”

ထို စကားကိုကြားလျှင် ဂေါတမီ မိဖုရားသည် အားရဝမ်းသာစွာဖြင့် ဤသို့ တုန့်ပြန်လျှောက်ထား၏။

“ချစ်သား အာနန္ဒာ၊ ဤ ရှစ်ဖြာသော ဂရုဓမ္မတို့ကို ရိုသေလေမြတ်စွာဖြင့် မယ်တော်လည်းကျင့်ပါအ့ံ၊ အတူပါသော သာကီဝင် မင်းသမီးတို့ကိုလည်း ထို့အတူ ကျင့်ဆောင်ကြပါစေအံ့။”

ယင်းသို့ ဝန်ခံသော အခြင်းအရာကို မြတ်စွာဘုရားအား ကြားလျှောက်လျှင် မြတ်စွာဘုရားကလည်း “ ချစ်သား အာနန္ဒာ၊ မာတုဂါမတို့သည် ရဟန်းအဖြစ်ကို ရ၍ ဂရုဓမ္မရှစ်ပါးကို ရိုသေ လိုက်နာကြသည်ဖြစ်အံ့၊ ငါဘုရား၏ သာသနာသည် မာတုဂါမတို့၏ဘောင်၌ အနှစ်တစ်ထောင်ပတ်လုံး တည်ရစ်လတ္တံ။ ထို့ကြောင့် မာတုဂါမတို့ကို ရဟန်းပြုကြစေ။” ဟု ခွင့်ပြု၍ ဘိက္ခုနီဥပသမ္ပဒကံကို ပညတ်တော်မူ၏။

ထိုအခါ မဟာ ပဇာတိ ဂေါတမီ မိဖုရားသည် ငါးရာသောသာကီဝင်မင်းသမီးတို့နှင့်တကွ ရဟန်းအဖြစ်ကို ရကုန်၏။ မယ်တော်လည်းရဟန်းပြုပြီးလျှင် မြတ်စွာဘုရားထံတော်မှ လျောက်ပတ်သော ကမ္မဌာန်းကို သင်လျက် အစဉ်အတိုင်း အားထုတ်သဖြင့် လောကုတ္တရာ တရား၏ အထွတ်သို့ရောက်၏။ မြတ်စွာဘုရား သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသောအခါတွင် ဤဂေါတမီထေရီမအား ရတ္တညုဧတဒဂ် ပေးတော်မူ၏။ ကြွင်းသော ဘိက္ခုနီမတို့ကား နန္ဒကောဝါဒသုတ်ကို ဟောတော်မူပြီးသည့် အဆုံးတွင်မှ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

ဤသို့ မာတုဂါမတို့အား သာသနာတော်အတွင်း၌ ရဟန်းပြုခွင့်ပေးရမည့်အကြောင်းကို မြတ်စွာဘုရားသည် ကြိုတင်သိမြင်တော်မူပါလျက် ကပိလဝတ်တွင် ဂေါတမီ မိဖုရားတောင်ပန်းစဉ်က အဘယ်ကြောင့်ခွင့်မပြုခဲ့သနည်း။ တစ်ဖန် ဆင်းရဲပင်းပန်းစွာဖြင့် ဝေသာလီသို့ လိုက်လာခဲ့သော်လည်း အဘယ်ကြောင့် ရှောရှောရှုရှု ခွင့်မပြုပါသနည်း။ ဤအချက်ကို ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ထေရ်မြတ်သည် ဘုရား ဥပဒေတော်ကြီး စာမျက်နှာ ၃၁၈ ၌ ဤသို့ မှတ်ချက်ပြုတော်မူ၏။

မှတ်ချက်။ ။ ( မာတုဂါမတို့သည် အစစ်အမှန် သဒ္ဒါတရား အလွန်နည်းပါး၏။ ဖြစ်သမျှ သဒ္ဒါ အစစ်လည်း မတည်မြဲလှ။ ထို့ကြောင့် ရဟန်းပြုခွင့် တောင်းလျှင်တောင်းချင်း မပေးသေးဘဲ ခဲယဉ်းစွာတောင်းမှ ခွင့်ပြုတော်မူခဲ့ပေသည်။ ထိုသို့ ခွင့်ပြုပြန်ပါလည်း သာသနာတော်ကို သာ၍ လေးစားစေလိုသောကြောင့် ဂရုဓမ်ပညတ်ကို ထားပြီးမှ ခွင့်ပြုတော်မူသည်။)

ဂေါတမီ ထေရီမသည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် သင်္ကန်းဝတ် မိန်းမတို့တွင် အစဆုံး အကြီးဆုံးဖြစ်တော်မူကာ နှစ်ပေါင်းများစွာ သာသနာ့ဝန်ကို ထမ်းဆောင်တော်မူပြီးနောက် တနေ့သော အခါဝယ် ဆိတ်ငြိမ်ရာသို့ကပ်၍ ဤသို့ကြံတော်မူသည်။

“ငါသည် အသက် ၁၂၀ ရှိပြီ။ ရင့်ရော်ယိုယွင်း အိုမင်းခြင်းသို့ရောက်ပြီ။ မကြာမီ ပရိနိဗ္ဗာန်ပြုရတော့မည်။ ငါသည် အသက်အရွယ်အိုမင်းကြီးရင့်ပြီဖြစ်၍ ရှေးဦးစွာ ပရိနိဗ္ဗာန်ပြုရချေတော့မည်။”

“မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ကို လည်းကောင်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊အဂ္ဂသာဝကကြီးနှစ်ပါး ပရိနိဗ္ဗာန် စံတော်မူကြသည်ကိုလည်းကောင်း၊ ငါ၏သားတော် အရှင်နန္ဒ ထေရ်၊ မြေးတော် ရာဟုလာထေရ်၊ တူတော်အာနန္ဒာထေရ်တို့ ပရိနိဗ္ဗာန် စံတော်မူကြသည်ကိုလည်းကောင်း ငါမမြင်တော့ပြီ။ ငါသည် ယခုပရိနိဗ္ဗာန်ပြုအ့ံသောအကြောင်းကို မြတ်စွာဘုရားအား လည်းကောင်း၊ အဂ္ဂသာဝကကြီးနှစ်ပါးအားလည်းကောင်း၊ အရှင်မဟာကဿပ၊ အရှင်ကောဏ္ဍည၊ အရှင်မဟာကစ္စည်း၊ အရှင်အနုရုဒ္ဓါတို့အားလည်းကောင်း၊ ပန်ကြားပြီးမှ အာယုသင်္ခါရလွတ်၍ မြတ်စွာဘုရား ထံတော်၌ ခွင့်တောင်းပြီးလျှင် အမတ မည်ခေါ် ပြည်တော်အောင်ခန်း နိဗ္ဗာန်နန်းသို့ စံမြန်းခိုဝင်တော့အံ့”

ထို့အတူသာကီဝင် မင်းသမီး ငါးရာတို့နှင့် ခေမာထေရီသည်လည်း အကြံဖြစ်ကြ၏။ ထိုခဏ၌ ပထဝီမြေကြီးသည် ဟိန်းဟိန်းမည်လျက် တုန်လှုပ်လေ၏။ မိုးခြိမ်းခြင်း၊ ပဲ့တင်ဟည်းခြင်း၊ တော်လည်းခြင်းတို့သည် တစ်ပြိုင်နက် အုန်းအုန်းကျွက်ကျွက် မြည်ဟိန်း၍ သွားလေသည်။

ဘိက္ခုနီကျောင်းတိုက်၌ အမြဲစောင့်ရှောက်၍နေကြကုန်သော နတ်တို့သည်လည်း မဟာပဇာပတိ ဂေါတမီထေရီနှင့် ရဟန္တာမိန်းမ ငါးရာတို့၏ စိတ်အကြံကို သိကြ၍ သောကပူဆွေး ငိုကြွေးမြည်တမ်းကြကုန်၏။ ထိုနတ်သမီးတို့၏ ငိုကြွေးမြည်တမ်းကြသောအသံ၊ မိုးခြိမ်သံ၊ နတ်စည်ရွမ်းသံ၊ ပဲ့တင်သံ၊ တော်လည်းသံကိုကြားကြ၍ အတူနေဖေါ်ဖြစ်သော ဘိက္ခုနီအပေါင်းသည် ဂေါတမီခြေတော်ရင်းသို့ ကပ်ကာမေးလျှောက်ကြလေသည်။

မဟာပဇာပတိ ဂေါတမီသည် အကြောင်းအရင်းကို မေးလျှောက်ကြသော ဘိက္ခုနီတို့အား ဤသို့ မိန့်တော်မူပေသည်။

“အရှင်မတို့ ငါသည် အိုမင်းကြီးရင့်သော အရွယ်သို့ ရောက်၍ ပရိနိဗ္ဗာန် ပြုအံ့သောအခါသို့ ရောက်ပေပြီ။ အရှင်မတို့သည် ပရိနိဗ္ဗာန်ပြုခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အ့ံ၊ မြတ်စွာဘုရား အထံတော်၌ အခွင့်ပန်၌ ပရိနိဗ္ဗာန်ပြုကြကုန်အံ့။”

အရှင်မသည် ဘိက္ခုနီကျောင်းတိုက်ကို အမြဲစောင့်ရှောက်နေကြသော နတ်သမီးတို့ကိုလည်း “အို နတ်သမီး အပေါင်းတို့ သင်တို့သည် ငါ့အား သည်းခံ ခွင့်ပြုကြပါကုန်လော့။ ဤ ယခုမြင်ရခြင်းသည်ကား သင်နတ်သမီးတို့ကို နောက်ဆုံးမြင်ရခြင်းပင် ဖြစ်၏။” ဟု ဆိုတော်မူ၏။

ဤသို့ ဂေါတမီထေရီ၏ ပြောဆိုပန်ကြားသံကို ကြားရသော ဘိက္ခုနီတို့တွင် သောတာပန်၊ သကဒါဂမ်တို့သည် ရာဂမကင်းသေးရကား စိတ်ကိုမထိန်းနိုင်ဘဲ တပြိုင်နက် ငိုကြွေးကြ၏။

“တပည့်တော်မတို့ ဘုန်းကံနည်းလေစွတကား။ ရဟန္တာအရှင်မ ငါးရာနှင့်တကွ မိထွေးတော် ဂေါတမီ အရှင်မကြီးသည် ပရိနိဗ္ဗာန်ပြုသွားတော်မူသည်ရှိသော် ဤ ဘိက္ခုနီကျောင်းတိုက်ကြီးသည် တိတ်ဆိတ်၍သွားတော့မည်ပါတကား။ နံနက်လင်း၍ နေမင်းထွက်ပေါ်လာသောအခါ၌ နက္ခတ်တာရာ ကြယ်အပေါင်းကို မမြင်ရကုန်သကဲ့သို့ မြတ်စွာဘုရား၏ သမီးတော်ဖြစ်ကြကုန်သော ဤ ရဟန္တာ မိန်းမ ငါးရာတို့ကို မြင်ရတော့မည်မဟုတ်ပါတကား။”

ဘိက္ခုနီများနည်းတူပင် ဥပါသိကာမိန်းမတို့သည်လည်း ကျောင်းတိုက်မှထွက်လာသော အရှင်မ၏ခြေတော်ရင်း၌ ဝပ်စင်းဦးတိုက်ငိုကြွေးကြ၏။

“မိထွေးတော် ဂေါတမီ အရှင်မကြီးသည် ရဟန္တာမ ငါးရာတို့နှင့် အလုံးစုံ နိဗ္ဗာန်သို့ စံဝင်ကြလျှင် ဤနေ့မှ နောင်ကို ကျွနု်ပ်တို့ မြင်ရတော့မည်မဟုတ်ပါတကား။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာမှ ရေတို့သည် မဟာသမုဒ္ဒရာသို့ ဝင်၍သွားကြသကဲ့သို့ ရဟန္တာမငါးရာနှင့် မိထွေးတော်အရှင်မြတ်ကြီးသည် မဟာနိဗ္ဗာန်ပြည်ကြီးသို့ ဝင်ရောက်၍သွားသောအခါ တပည့်တော်မတို့ မြင်ရတော့မည် မဟုတ်ပါတကား။”

ဤကဲ့သို့ အကြိမ်ကြိမ် ပြောဆိုငိုကြွေးမြည်တမ်းကြလျက် ဘိက္ခုနီမတို့သည်လည်းကောင်း၊ သိက္ခမာန်မတို့သည်လည်းကောင်း၊ သာမဏေရီမတို့သည်လည်းကောင်း၊ မိထွေးတော် ဂေါတမီကို ရှိခိုးကာ မျက်ရည်စက်လက်ဖြင့် ငိုကြွေးလျက် လိုက်ပါလာကြ၏။

ဥပါသကာဒါယကာမကြီးငယ်အပေါင်းတို့သည်လည်း မျက်ရည်စက်လက်ဖြင့် လက်အုပ်ချီကာ ငိုကြွေးလျက် လိုက်ပါလာကြရင်း “မြတ်စွာဘုရား မယ်တော်အရှင်မကြီးဘုရား၊ ပရိနိဗ္ဗာန်ပြုဖို့ မတော်သေးပါ။ တပည့်တော်မတို့၏ ကိုးကွယ်ပူဇော်ရာဖြစ်၍ နေတော်မူပါဦး”

ထိုအခါအရှင်မသည် သောကပူဆွေးငိုကြွေးခြင်းမှ သက်သာရာရကြစေရန် ချိုသာသောအသံဖြင့် ဤသို့ ဆုံးမတော်မူလေသည်။

“အို ...ချစ်သမီး အပေါင်းတို့......

“ချစ်သမီးတို့သည် သောကပူဆွေးငိုကြွေးခြင်းငှာ မသင့်လျော်၊ ငိုကြွေးခြင်းကို မပြုလုပ်ကြကုန်လင့်။ ယခုအခါ ချစ်သမီးတို့အား ဝမ်းသာရမည့်အခါဖြစ်၏။

“ချစ်သမီးအပေါင်းတို့.......

“ငါသည် ဒုက္ခဖြစ်ကြောင်းတို့ကိုလည်း အကုန်အစင်ပယ်စွန့်သွား၏။ နိဗ္ဗာန်ကို မျက်မှောက်ပြု၍သွား၏။ လေးလှစွာသော ခန္ဓာကိုယ်ကြီးကို ရွက်ဆောင်၍နေရာမှ ဆင်းရဲစွာသော ခန္ဓာကိုယ်ကြီးကို ပယ်ချစွန့်ခွာ ချမ်းသာရာသို့ ငါသွား၏။ ထို့ကြောင့် ချစ်သမီးတို့သည် ဝမ်းသာရမည့်အခါဖြစ်၏။ စိုးရိမ်ရမည့် အခါမဟုတ်။

“ချစ်သမီးတို့......

“မြတ်စွာဘုရားသည်လည်း ထင်ရှားစွာတည်ရှိတော်မူ၏။ မြတ်စွာဘုရားဟောကြားသောမူသော တရားတို့သည်လည်း ထင်ရှားစွာ တည်ရှိကြ၏။ ထိုသို့ မြတ်စွာဘုရား ရှိဆဲအခါ၌ ငါသည် ပရိနိဗ္ဗာန် ပြုရအံ့သောအခါဖြစ်၏။ ချစ်သမီးတို့သည် စိုးရိမ်ပူဆွေးငိုကြွေးခြင်းကို မပြုကြကုန်လင့်။ အရှင်ကောဏ္ဍည၊ အရှင်နန္ဒ၊ အရှင်ရာဟုလာတို့သည်လည်း ရှိကြကုန်သေး၏။ ရဟန်းသံဃာအပေါင်းသည် လည်း ချမ်းသာစွာရှိကြ၏။ သြက္ကာက မင်းမျိုးမင်းနွယ်ဖြစ်သော မြတ်စွာဘုရားသည်လည်း ဒိဌထင်ရှား ရှိပါသေး၏။”

ချစ်သမီးတို့ ငါသည် ကမ္ဘာတစ်သိန်းကာလကြာအောင် တောင့်တလိုလား၍ ပါရမီတို့ကိုဖြည့်ရ၏။ ထိုသို့ တောင့်တလိုလားဆုတောင်း၍ ပါရမီဖြည့်ရသော အကျိုးသည် ယနေ့၌ပင်ပြည့်စုံတော့အံ့။”

“ချစ်သမီးတို့ .......

ယခုအခါ၌ ငါသည် အလုံးစုံးချမ်းသာသော နိဗ္ဗာန်အကျိုးသည် ပြီးစီးအံ့သောအခါဖြစ်၍ ချစ်သမီးတို့ မျက်ရည်ကျ ငိုရမည့်အခါ မဟုတ်။ ချစ်သမီးတို့ သောကပူဆွေး ငိုကြွေးမြည်တမ်းခြင်းသည် အကျိုးမရှိ။ အဘယ်ကြောင့် ချစ်သမီးတို့သည် မျက်ရည်ယို၍ ငိုကြဘိသနည်း။ ရွှင်လန်းဝမ်းသာစွာ နေရမည့်အခါပါတကား။

“ချစ်သမီးတို့.....

“အကယ်၍ ချစ်သမီးတို့သည် ငါ့ကို ချစ်ခင်ပါလျင် ငါ၏ကျေးဇူးကိုသိကြပါလျင် ချစ်သမီးတို့သည် တရားကိုသာလျင် အားထုတ်ကြကုန်လော့။ ချစ်သမီးတို့ .... မိန်းမများ ရဟန်းအဖြစ်ကို ရအောင် ငါသည် မြတ်စွာဘုရားကို တောင်းပန်ခဲ့၏။ ထို့ကြောင့် ငါသည် ရဟန်းအဖြစ်ကို နှစ်သက်သကဲ့သို့ ချစ်သမီးတို့သည်လည်း ရဟန်းအဖြစ်ကို နှစ်သက်စွာ နေကြကုန်လော့။”

အရှင်မ ဂေါတမီသည် ရဟန်းမိန်းမ၊ သိက္ခာမာန်မ၊ သာမဏေရီနှင့် ဥပါသိကာတို့အား ဆုံးမသြဝါဒပေးပြီးနောက် ငါးရာသောရဟန်းမိန်းမအပေါင်း ခြံရံလျက် မြတ်စွာဘုရားထံတော်သို့ ရိုသေစွာ ဆည်းကပ်၍ ဤသို့လျှောက်ကြား၏။

“ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား.....

“တပည့်တော်မ ဂေါတမီသည် အရှင်ဘုရား၏ လောကီအမိဖြစ်ပါသည်။ အရှင်မြတ်ဘုရားသည် တပည့်တော်မ ဂေါတမီ၏ လောကုတ္တရာ အဖ ဖြစ်ပါသည်။

“ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား.....

“အရှင်ဘုရား၏ ရူပကာယကို တပည့်တော်မသည် ကြီးပွားအောင် မွေးမြူပါ၏။ တပည့်တော်မ ဂေါတမီ၏ ဓမ္မကာယကို အရှင်ဘုရားသည် ကြီးပွါးအောင် မွေးမြူတော်မူ၏။ တပည့်တော်မသည် အရှင်ဘုရား၏ လောကုတ္တရာ သမီးတော်ကြီး ဖြစ်ပေသည်။

“အရှင်ဘုရားကို တပည့်တော်မသည် အာဟာရအစာ နို့ချိုရည်ကိုတိုက်ကျွေးရပါ၏။ တပည့်တော်မဂေါတမီကို အရှင်ဘုရားသည် အေးမြစွာသော တရားတော်နို့ရည်ချိုကို တိုက်ကျွေးတော်မူပေ၏။ သားဆုတောင်းကြကုန်သော မိန်းမတို့သည် စကြာမင်းလောင်း သားကောင်းရတနာ ရကြပါကုန်၏။ မန္ဓာတု စကြာမင်းကြီး၏ မယ်တော်ပင်ဖြစ်သော်လည်း ဘဝသံသရာ သမုဒ္ဒရာဝဲသြဃထဲ၌ နစ်မြှပ်၍နေကြရပါကုန်၏။ မာယာရင်နှစ် သားချစ်မြတ်ဖျား၊ အရှင်ဘုရားသည် တပည့်တော်မဂေါတမီကို သံသရာဝဲ ပင်လယ်ထဲမှ ထုတ်ဆွဲကယ်တင်တော်မူပါပေ၏။

“မာယာရင်နှစ် သားချစ်မြတ်ဖျား အရှင်ဘုရား .....

“မိန်းမတို့အား စကြာမင်းမယ်တော် ဟူသော အမည်ကိုလည်းကောင်း၊ ဧကရာဇ်မင်းမြတ်၏ မယ်တော်ဟူသော အမည်ကိုလည်းကောင်း ရလွယ်ကြပါကုန်၏။ ဘုရားမယ်တော်ဟူသော အမည်ကိုမူကား အလွန်ရခဲလှပါ၏ ဘုရား။ တပည့်တော်မ ဂေါတမီသည် ဘုရားမယ်တော်ဟူသော ထိုအမည်ကို ရပါပြီ အရှင်ဘုရား။”

“ဘုရားမယ်တော်ဟူသော အမည်ကို ရအောင် ဆုတောင်းပတ္တနာပြု၍ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရပါသည်။ ထို ဆုတောင်းခြင်းသည် ယခု ပြည့်စုံပါပြီ။ ဤ ခန္ဓာကိုယ်ကို စွန့်ပစ်၍ ပရိနိဗ္ဗာန်ပြုခြင်းကို အလိုရှိပါပြီ။ တပည့်တော်မအား ခွင့်ပြုတော်မူပါဘုရား။”

“စက်လက္ခဏာချွန်တောင်း တံခွန်တို့ဖြင့်ရောပြွမ်းသော ခြေတော်မြတ်အစုံ ကြာပဒုံကို ဆန့်တန်းတော်မူပါဘုရား”
“မာယာရင်နှစ် သားချစ်မြတ်ဖျား စောဘုရား .....
“အရှင်ဘုရား၏ ခြေတော်အစုံကို ဦးတိုက်ရှိခိုးခြင်းကိုပြုပါအံ့။ ရွှေတုံးရွှေခဲနှင့်တူသော အရှင်ဘုရား၏ကိုယ်တော်မြတ်ကို ဖူးမြင်ပြီး၍ ပရိနိဗ္ဗာန် ပြုပါအံ့ဘုရား။”

ဤသို့ မိထွေးတော်ဂေါတမီ လျှောက်ကြာသောအခါ၌ မြတ်စွာဘုရားသည် ၃၂ပါးသော လက္ခဏာတော်တို့ဖြင့် ကောင်းမွန်စင်ကြယ် တင့်တယ်တော်မူသော ခြေတော်ကို မိထွေးတော်ဂေါတမီ ဖူးမြင်ရစေရန် ဆန့်တန်းပြတော်မူ၏။ ထိုအခါ မိထွေးတော်ဂေါတမီသည် ပွင့်သစ်စဖြစ်သော ကြာပဒုမ္မာ၊ တက်သစ်စဖြစ်သော နေလုလင်နှင့်တူသော စက်လက္ခဏာတော်တို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ဦးတိုက်၍ ရှိခိုးလေ၏။

ရှိခိုးပြီးသောအခါ ဤသို့ လျှောက်ကြားပြန်၏။

“နေမျိုး နတ်နွယ် ဖြစ်တော်မူသော မြတ်စွာဘုရား ..... အရှင်ဘုရားအား တပည့်တော်မ ဂေါတမီ၏ နောက်ဆုံးရှိခိုးခြင်းဖြစ်ပါသည်ဘုရား။ တပည့်တော်မ ဂေါတမီသည် ဤမှ နောက်ကို တစ်ဖန် အရှင်ဘုရားအား၊ မဖူးရတော့ပါဘုရား။

“လောကထွတ်ထား မြတ်စွာဘုရား .....

“မိန်းမတို့သည်ကား အလုံးစုံသော အပြစ်တို့၏ တည်ရာဖြစ်ပါသည်ဘုရား။ တပည့်တော်မဂေါတမီ၌ အကယ်၍ အပြစ်ရှိငြားအ့ံ၊ သည််းခံတော်မူပါအရှင်ဘုရား။ မိန်းမတို့အား ရဟန်းအဖြစ်ကိုရအောင် တပည့်တော်မသည် အကြိမ်ကြမ်အဖန်ဖန် တောင်းပန်ခဲ့၍ ထိုသို့တောင်းပန်ခြင်းကြောင့် အပြစ်ရှိငြားအ့ံ၊ ကန့်တော့ပါ၏ဘုရား။

“အရှင်ဘုရား ခွင့်ပြုတော်မူသည့် အတို်င်း ဘိက္ခုနီတို့အား တပည့်တော်မ ဂေါတမီသည် ဆုံးမသြဝါဒပေးပါသည်။ ထိုသို့ပေးရာ၌ အလွဲအမှားကို ဆုံးမမိသည်ဖြစ်ငြားအ့ံ၊ သည်းခံတော်မူပါဘုရား။

မိထွေးတော် ဂေါတမီအား မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

“မိထွေးတော် ဂေါတမီ......

“တောင်ပန်းကန်တော့ခြင်း မပြုသောသူ၌သော်လည်း သည်းခံခြင်းကို ပြုရသေး၏။ ဂုဏ်ကျေးဇူးတို့ဖြင့် တန်ဆာဆင်လျက် တောင်းပန်ကတော့သော မိထွေးတော်၌ အဘယ်အပြစ် ဖြစ်တော့အံ့နည်း။ နိဗ္ဗာန်သို့ သွားပါတော့အံ့ဟူ၍ ခွင့်တောင်းသော မိထွေးတော်အား အဘယ်သို့ဆိုနိုင်တော့မည်နည်း။

“မိထွေးတော် ဂေါတမီ၊ ငါဘုရား၏ တပည့်သာဝက ရဟန်းသံဃာတို့သည် စင်ကြယ်ကုန်၏။ ဤဘုံဘဝ ဒုက္ခအတွင်းမှ လွတ်ခြင်းငှာ သည်းခံခြင်း တရားရှိကြကုန်၏။ ငါဘုရား၏ တပည့်ရဟန်း သံဃာတို့ကိုလည်း ဖူးမျှော်ကန်တော့ဦးလော့”

ထိုအချိန်ဝယ် ရဟန္တာမိန်းမ ငါးရာတို့သည်လည်း မြင်းမိုရ်တောင်ကို နေလ နက္ခတာရာ၊ကြယ်အပေါင်းတို့သည် ခြံရံလှည့်လည်ကုန်သကဲ့သို့ မြတ်စွာဘုရား၏ ခြေတော်အစုံကို ဦးတိုက်ရှိခိုးနေကြ၏။ မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားအား ဖူးမျှော်ခွင့်တောင်းပြီး၍ မြေးတော်၊ သားတော်၊ တူတော်တို့ကိုလည်း ဖူးမျှော်ခွင့်တောင်းပြီး၍ မြေးတော်၊ သားတော်နှင့် တူတော်တို့လည်း ဖူးမျှော်ကန်တော့ပြီးလျှင် ဤသို့လျှောက်ကြား၏။

“ချစ်သား ချစ်မြေးတို့ ........

“အဆိပ် ထန်သောမြွေ၏ နေရာအိမ်နှင့်တူ၍ ရောဂါအပေါင်းတို့၏ တည်ရာ၊ ဇရာမရဏတို့၏ ကျက်စား ညှဉ်းဆဲ နှိပ်စက်ရာဖြစ်သော အထူးအထူးအပြားပြား များလှစွာသော အညစ်အကြေး အပြစ်ဘေးတို့၏ တည်ရာ ဒုက္ခအစုအပုံကြီးဖြစ်သော ဤခန္ဓာကိုယ်၌ မယ်တော်ကြီးသည် ငြီးငွေ့စက်ဆုပ်လှသည်ဖြစ်၍ ပရိနိဗ္ဗာန် ပြုခြင်းကို အလိုရှိလှပါ၏။ မယ်တော်အား အခွင့်ပြုပါ ချစ်သား ချစ်မြေးတို့”

ဤသို့ အခွင့်တောင်းသောအခါ အာသဝေါကင်းကြကုန်ပြီးသော အရှင်ရဟုလာ၊ အရှင်နန္ဒတို့သည် ဤသို့အကြံဖြစ်ကြကုန်၏။

“ရုပ်နာမ်စုပေါင်းခြင်း အကြောင်းကြောင့်ဖြစ်ပေါ်လာသော ရုပ်နာမ်ဓမ္မသင်္ခါရသည် စက်ဆုပ်ဖွယ်ဖြစ်စွတကား။ ခိုင်မြဲသော အနှစ်မဟုတ်ချေ။ အနှစ်ကိုရှာလည်း အကာမျှ မရ။ အခွံအဖတ်သာရှိသော ငှက်ပျောတုံးနှင် တူချေ၏။ မျက်လှည့် တံလျှပ် ထပ်တူပမာ ခဏမျှသာ တည်ချေ၏။ မရပ်မနားပျက်ပြား ဖောက်ပြန်တတ်ချေ၏။ အရှည်အခန့်တည်တံ့မနေ၊ ပျက်လွယ်ချေ၏။ မြတ်စွာဘုရားကို နို့ချိုတိုက်ကျွေး မွေးမြူပေးပေသော မြတ်စွာဘုရား၏ မိထွေးတော်ဖြစ်သော ဤမယ်တော်ကြီး ဂေါတမီသည်ပင်လျှင် သေခြင်းသို့ရောက်ရသေး၏။ အလုံးစုံသော သင်္ခတ တရားစုသည် အမြဲမရှိချေ။”

တူတော်ဖြစ်သော အရှင်အာနန္ဒာမှာကား သောတာပန်မျှသာ ဖြစ်သဖြင့် “မြတ်စွာဘုရား၏ မယ်တော်ဖြစ်သော မိထွေးတော် ဂေါတမီသည် နိဗ္ဗာန်ပြည်ကြီးသို့ ယခုမကြာသွားရောက်၍ ကွယ်ပျောက်ပါတော့မည်တကား။

မြတ်စွာဘုရားသည်လည်း မကြာမီပင် နိဗ္ဗာန်ခွင်သို့ကြွသွားလိမ့်မည် ပါတကား။ မီးစာကုန်ပြီးသော ဆီမီးတောက်ကဲ့သို့ ငြိမ်းပျောက်ကွယ်ပ၍ သွားတော့မည်ပါတကား” ဟု ငိုကြွေပြောဆို၏။

ထိုအခါ ဂေါတမီထေရီမကြီးသည် အရှင်အာနန္ဒာအား ဤသို့ ဖျောင်းဖျ တရားချ၏။

“သမုဒ္ဒရာ ကျယ်ဝန်းစွာသို့ များစွာသုတ ရှိပေလှသည့် ဗုဒ္ဓလုပ်ကျွေး ကျေးဇူးကြွယ်ဝ ချစ်မဝသည့် သားလှသည်းချာ အာနန္ဒဟု သညာတော်မှတ် အရှင်မြတ်။

“သောကပူဆွေး ငိုကြွေးဖို့ရာ မသင့်ပါဘုရား၊ ဝမ်းသားရွှင်လန်းအေးချမ်ဖို့ရာ ခွင့်အခါ၌ ပူစရာမဟုတ်ပါဘုရား၊ ဝမ်းမြောက်ရွှင်လန်းအေးချမ်းဖို့သာဖြစ်ပါသည်။ တပည့်တော်မ ဂေါတမီသည် အလွန်ချမ်းသာသည့် နိဗ္ဗာန်သို့ရောက်၍ အလွန်ချမ်းသာမည့်အခါ ဖြစ်ပါသည်။

“အလွန်ချမ်းသာလှစွသော နိဗ္ဗာန်ရွှေပြည်ကြီးသို့ ရောက်အောင် အရှင်ဘုရားကူညီ၍ ပို့ပေးသောကြောင့်သာလျှင် တပည့်တော်မဂေါတမီသည် နိဗ္ဗာန်သို့ရောက်ရပါသည်။ တပည့်တော်မသည် နိဗ္ဗာန်သို့ရောက်ခြင်းငှာ ရဟန်းမိန်းမအဖြစ်သို့ ခွင့်တောင်းသောအခါ၌ အရှင်အာနန္ဒာကူညီ၍ ခွင့်တောင်းပေးသောကြောင့်သာ မြတ်စွာဘုရားသည် တပည့်တော်မအား ရဟန်းမိန်းမပြုစေရန် အခွင့်ပေးပါသည်။

“သားကြီး အာနန္ဒာ၊ နှလုံးမသာ မရှိပါလင့်။

“သားကြီးအာနန္ဒာသည် မြတ်စွာဘုရား အထံတော်၌ တောင်းပန်လျှောက်ကြားသောစကားများသည် မိထွေးတော်မှာ အကျိုးကျေးဇူးရှိလှပါသည်။ သားကြီးခွင့်တောင်း၍ပေးခြင်းကြောင့် မိထွေးတော်တို့ မိန်းမတွေမှာ ရဟန်းအဖြစ်ကိုရပါသည်။

“ဘုရားသာသနာတော်ကို စောင့်ရှောက်ပေသော သားတော်အာနန္ဒာ အရှင်ဘုရား၊ သားတော်ကြီးကို ယခု မိခင်မြင်ရခြင်းသည်ကား နောက်ဆုံး မြင်ရခြင်း ဖြစ်ပါ၏။ ထိုနိဗ္ဗာန်ပြည်တော်ကြီးသို့ ယခုမိခင် သွားတော့အ့ံ၊ အားမငယ်ပါနှင့်၊ မြတ်စွာဘုရားလည်းရှိနေပါသေးသည်။”

ထို့နောက်တွင် မြတ်စွာဘုရားသည် ဂေါတမီထေရီအား ဤသို့ မိန့်တော်မူပေသည်။

“မိထွေးတော်ဂေါတမီ.......

“မိန်းမတို့၏ တရားအထူးကို သိမြင်ခြင်း၌ သူမိုက်တို့သည် မသိဝိုးဝါး ယုံမှားရှိကြ၏။ ထိုသူမိုက်တို့၏ အယူမှားကို ပယ်ခြင်းငှာ တန်ခိုးကိုပြခဲ့ဦးလော့။”

ထိုအခါ ဂေါတမီထေရီသည် မြတ်စွာဘုရား၏ခြေတော်ကို ဦးတိုက်ရှိခိုး၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် များစွာသောတန်ခိုးတို့ကို ပြလေ၏။ ပြပုံမှာ တစ်ပါးတည်းကို အများဖြစ်အောင် ဖန်ဆင်း၍ ပြခြင်း၊ အများကိုလည်း တစ်ပါးတည်းဖြစ်အောင်ပြခြင်း၊ တံတိုင်း နံရံခြားရာသို့ ငြိကပ်ခြင်းမရှိ ဖောက်ထွင်း၍သွားခြင်း၊ မြေကြီးအတွင်းသို့ ငုပ်၍ပြခြင်း၊ ရေပေါ်၌ စကြံ င်္လျှောက်ခြင်း၊ ကောင်းကင်၌ ထက်ဝယ်ပလ္လင်ဖြင့် ထိုင်နေလျက် ငှက်များကောင်းကင်၌ ပျံဝဲသွားနေသကဲ့သို့ ပျံဝဲပြခြင်း စသည်တို့ဖြစ်၏။

တစ်ဖန် ထေရီအရှင်မသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကိုယ်ဖြင့်တက်သွားသည်ကို လူအများ မြင်အောင် ပြတော်မူ၏။ မြင်းမိုရ်တောင်ကြီးကို ထီးရိုးပြု၍၊ ပထဝီမြေကြီးကို ထီးရွက်ပြုကာ ထက်အောက်ပြောင်းပြန်လှန်လျက် ထီးကဲ့သို့ မိုးဆောင်းပြီး ကောင်းကင်၌ စကြံ င်္ကြွ၍ ပြတော်မူ၏။ ကောင်းကင်၌ စကြာမင်းကြီးသည် စကြာရတနာ ရထားကိုစီး၍ စစ်သည်ဗိုလ်ထု ပရိသတ် အပေါင်းနှင့်တကွ သွားလာပုံကိုလည်း ဖန်ဆင်း၍ ပြတော်မူ၏။

ထိုမှ တစ်ပါး ဂဠုန်ယောင်၊ နဂါးယောင်၊ ခြင်္သေ့ယောင် အမျိုးမျိုး ဖန်ဆင်း၍ပြတော်မူ၏။ အလွန်များစွာသော ရဟန်းမိန်းမ ပရိသတ်ကြီး ကောင်းကင်၌ စျာန်ကြွနေပုံကိုလည်း ဖန်ဆင်း၍ပြတော်မူ ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးလျက် ကောင်းကင်မှပင် ဤသို့ လျှောက်ထား၏။

“ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားဆုံးမတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရား ဆုံးမတော်မူတိုင်း ပြုကျင့်တတ်သော အရှင်ဘုရား၏ မိထွေးတော်ပါတည်း။ မိမိအလိုရှိရာ အကျိုးပြီးစီးခြင်းသို့ အစဉ်ရောက်ပြီ။ စက္ခုငါးပါးဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရား၏ ခြေတော်အစုံကို ရှိခိုးပါ၏။”

ဂေါတမီထေရီအရှင်မကြီးသည် လောကဝိဝရဏ အလုံးစုံသော စကြဝဠာ တစ်သောင်းကို လင်းစေနိုင်သော တန်ခိုးတော်ကို ဓိဌာန်၍ လူတို့ကို ငရဲဘုံ နတ်ဗြဟ္မာဘုံတို့မှ မြင်ရလေအောင်၊ ငရဲဘုံ နတ်ဗြဟ္မာဘုံတို့ကိုလည်း လူတို့ကမြင်ရအောင် ပြတော်မူ၏။ ငရဲသူ ငရဲသား ငရဲထိန်း ငရဲမီးလျှံတို့ကို လူတို့မြင်ရလေအောင်ပြတော်မူ၏။ ငရဲသူ ငရဲသားတို့က နတ်ဗြဟ္မာတို့ကို မြင်ရအောင်၊ ရဟန်း သံဃာတော်တို့ကို ငရဲသူ ငရဲသားတို့ မြင်ရအောင် တန်ခိုးပြတော်မူ၏။

စကြဝဠာ သုံးခုတို့၏ အကြား၌ နေလ နက္ခတ်တာရာ အရောင်အလင်းမရှိ၊ အခါခပ်သိမ်းမှောင်၍ အောက်ဖက်၌ ဆားငန်ရေသာရှိပြီး စကြဝဠာတံတိုင်းကို လင်းနို့ကဲ့သို့ တွယ်ကပ်၍နေကြသော လောကန္တရိတ် ငရဲသူတို့ကို လူတို့မြင်ရအောင် တန်ခိုးတော်ဖြင့်ပြ၏။ ထိုလောကန္တရိတ် ငရဲသူတို့သည်လည်း မြတ်စွာဘုရား၊ ရဟန်းသံဃာတော်နှင့် နတ်လူဗြဟ္မာတို့ကို မြင်ကြရ၏။ ရဟန်းသံဃာနှင့် နတ်ဗြဟ္မာတို့ကလည်း မြင်နေကြရ၏။

ထို “လောကဝိဝရဏ တန်ခိုးတော်” ကို ပြသောအခါ၌ ထက်အောက်စကြဝဠာ ဖီလာထုတ်ချင်း အလင်းပြုသောကြောင့် အဝီစိ ငရဲမှစ၍ အလုံးစုံသော ငရဲကြီး ငရဲငယ် ငရဲဟူသမျှတို့သည် လည်းကောင်း၊ အလုံးစုံသော စကြဝဠာတစ်သောင်း၌ နေသူလူအမျိုးမျိုးတို့သည်လည်းကောင်း၊ အလုံးစုံသောနတ်ဗြဟ္ဗာတို့သည်လည်းကောင်း စကြဝဠာတစ်သောင်းအတွင်း၌ အချင်းချင်းမြင်ကြရသည်။

ထိုမှတစ်ပါး များစွာသော တန်ခိုးဣဒ္ဓိပါဒ်တို့ကိုလည်း ပြသေး၏။ ထိုအခါ ထိုအရှင်မ၏ တန်ခိုးတော်ကို ကြည့်ရှု့ ဖူးမြင်ကြရသော ပရိတ်သတ်ကြီးသည် လက်အုပ်ချီလျက် လျှောက်ထားကြ၏။

“မြတ်စွာဘုရား၏ မယ်တော်ဖြစ်သော အရှင်မဘုရား၊ ဤကဲ့သို့ အတုမရှိသော တန်ခိုးတို့ကိုပြနိုင်ရန် အဘယ်ကာလမှစ၍ အဘယ်ကဲ့သို့သော ပါရမီများကို ဖြည့်ကျင့်ဆည်းပူးခဲ့ပါသနည်း။ တပည့်တော် တပည့်တော်မတို့အား မှတ်သားနည်းယူဖွယ်ဖြစ်သော အပဒါန်တရားများကို ဟောကြားတော်မူပါ။”

ဂေါတမီထေရီသည် ရဟန်းမိန်းမ ပရိတ်သတ်တို့၏ အလယ်၌ တင့်တယ်စွာ ထိုင်နေလျက် ရှေးဘဝတို့၌ ပြုကျင့်ဆည်းပူးခဲ့သော ပါရမီအပဒါန်တရားတို့ကို ဟောကြားတော်မူရာ အကျဉ်းအားဖြင့် ဖေါ်ပြလိုက်ပေသည်။

ထိုမိထွေးတော်ဂေါတမီသည် ပဒုမုတ္တရ ဘုရားပွင့်တော်မူတော်အခါက မထင်မရှားသော အမျိုး၌ ဖြစ်၍ သင့်သောအရွယ်သို့ကျသောအခါ မြတ်စွာဘုရားအထံသို့ ဆည်းကပ်လျက် တရားတော်မြတ်ကို နာယူဆောက်တည်သတည်း။

တစ်ရံသောကာလ မြတ်စွာဘုရား၏ မိထွေးတော်ဖြစ်သော ဘိက္ခုနီသည် နောက်လိုက်နောက်ပါ ဘက္ခုနီများနှင့် မြတ်စွာဘုရားထံတော်သို့ ချဉ်ကပ်လာရာ မြတ်စွာသည် “ရတ္တညုဧတဒဂ်” အရာ၌ ထား၍ မြှောက်စားချီးမြှင့်တော်မူ၏။ ဂေါတမီအလောင်းဒါယိကာမသည် ထိုအရှင်မကဲ့သို့ ဖြစ်ချင်သောဆန္ဒရှိသဖြင့် ဘုရားအမှုးရှိသော သံဃာတော်တို့အား အလှူကြီးပေး၍ “နောင်မြတ်စွာဘုရားတို့၏ သာသနာတော်ဝယ် ဤ ဘိက္ခုနီမကဲ့သို့ ဘုရား၏မိထွေးတော် ဖြစ်ပါစေသော၊ ဧတဒဂ်ကို ရပါစေသော”ဟု ဆုတောင်း၏။

ဘုရားမြတ်စွာလည်း အနာဂတံသ ဉာဏ်ဖြင့်ကြည့်၍ ပြည့်စုံလိမ့်မည်ကို မြင်တော်မူသဖြင့် ဗျာဒိတ်စကားကြားတော်မူပေသည်။

“သင်သည် ငါဘုရားပွင့်တော်မူရာ သာရကမ္ဘာ၏နောက် ကပ်တစ်သိန်းကျမြောက်သော ဘဒ္ဒကမ္ဘာ၌ ဥက္ကာရာဇ် နေမြစ်နွယ်ရိုးမှ ဂေါတမအမည်ရှိသော ဘုရားသည် ထင်ရှားဖြစ်လတ္တံ့။ ထိုအခါ မဟာပဇာပတိဂေါတမီ အမည်ရသော ဘုရားမိထွေးတော်ရင်းဖြစ်၍ အစ်မတော်သား ဘုရားအလောင်းကို ကောင်းစွာနို့ကျွေး၍ မွေးရလတ္တံ့။

ထိုအခါမှစ၍ ထိုဒါယိကာမလည်း ဒါန သီလများစွာပြုလျက် အသက်အတိုင်းနေ၍ စုတေလတ်သော် တာဝတိ ံသာနတ်ပြည်၌ဖြစ်၏။ ထိုဘဝမှ စုတေခဲ့ပြန်ခဲ့လျင် ဗာရာဏသီပြည် သူဌေးအိမ်ဝယ် ငါးရာသောသူခစားတို့၏ အကြီးအကဲဖြစ်၍ ဇေဋ္ဌကဒါသီ အမည်ရပေ၏။

ဇေဋ္ဌကဒါသီ၏ လက်အောက်ခံအစေခံမတို့သည် ၎င်းတို့၏ လင်သားနှင့် တစ်အိမ်တွင်နေ၍ နေ့အခါဝယ် အရှင်အမှုကို ဆောင်ရွက်ရသဖြင့် ညဉ့်အခါကျမှသာ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စကို ပြုလုပ်ကြရ၏။

၀ါလနီးသော နေ့တစ်နေ့ဝယ် ဂန္ဓမာဒနတောင်၌ သီတင်းသုံးသော အရှင်ပစ္စေကဗုဒ္ဓါ ငါးပါးသည် ၀ါဆိုကျောင်း ပြုပြင်ရန် ကိစ္စအတွက် ဗရာဏသီ သူဌေးအိမ်သို့ ကြွလာတော်မူကြ၏။ ထိုအချိန်တွင် အစေခံမှုး ဇေဋ္ဌကဒါသီသည် ရေအိုးရွက်လျက် မြစ်ဆိပ်သို့ သွားခိုက်ကြုံ၏။ သူဌေးကြီးလည်း အရှင် ပစ္စေက ဗုဒ္ဓါတို့အား ကြွလာသော အကြောင်းကို မေးမြန်း၍ သိရလျှင် “အကျွနု်ပ်ကား အားလပ်သော အခွင့်ကိုမရပါ။ အလုပ်များသောကြောင့် သင့်တင့်ရာ၌ ရပ်ပါဦးလော့” ဟု ဆိုကာ ကန့်တော့လိုက်၏။

အရှင်မြတ်တို့လည်း သူဌေးအိမ်မှ ထွက်ခဲ့ကြရာ မြစ်မှ ရေခပ်၍ ပြန်လာသော ဇေဠကဒါသီနှင့် တွေ့သဖြင့် မေးလျှောက်၏။
“အရှင်ဘုရားတို့ သူဌေးအိမ်သို့ ယခုဝင်၍ ယခုပင်ပြန်ထွက်လာသည်မှာ မည်သည့်ကိစ္စ ရှိပါသနည်း။”
“ငါကပ်မည့်ကျောင်းပြုပြင်ရန် ကြွလာကြပေသည် ဒါယကာမ”
“ရခဲ့ကြပါ၏လော ဘုရား”
“မရခဲ့ချေ။ ငါတို့ သင့်တင့်ရာ၌ ရှာဖွေရပေဦးမည်”
“ကိုယ်တော်မြတ်တို့၏ ကျောင်းကို သူဌေး သူကြွယ်နှင့် မင်းစိုးရာဇာများ ဆောင်ရွက်မှသာ ဖြစ်ပါသလော။ အမှုလုပ် သူခစား စသည်တို့လည်း ဆောင်ရွက်၍ ဖြစ်နိုင်ပါသလော။”
“ဒါယိကာမ မည်သူမဆို ပြုလုပ်ဆောင်ရွက်ပေးနိုင်၏”
“ဤသို့ ဖြစ်ပါက ကျောင်းကို တပည့်တော်မတို့ ကြိုးစား၍ပြုပြင်ပါမည်။ နက်ဖြန်တွင် တပည့်တော်မတို့၏ ဆွမ်းကို ခံယူတော်မူကြပါဘုရား”
ဇေဠကဒါသီသည် ဝမ်းသာအားရစွာဖြင့် အိမ်သို့ပြန်လာခဲ့ပြီးနောက် အစေခံမများ စုံညီချိန်တွင် အားလုံးကို စုဝေးခိုင်းလျက် ဤသို့မေး၏။
“ရှင်မတို့သည် ကျွန်အဖြစ်မှ လွတ်လိုကြသလော၊ မလွတ်လိုကြသလော။”

“သင်တို့ ငါတို့သည် ရှေးက ပုည အထူးဆည်းပူးသမျှ မပြုခဲ့ကြ၍ ယခုဘဝ၌ သူတစ်ပါးကျွန် ဖြစ်သည်မဟုတ်လော။ ကုသိုလ်အစု ကောင်းမှုဥစ္စာ ရတနာသာလျှင် ငါတို့ကို တော်လှန်အောင် ပြုပေ လတ္တံ့သည်ကား။ ယင်းသို့ဖြစ်၍ ကျောင်းပြုပြင်ရန် ဟတ္ထက ရှာဖွေသော ပစ္စေကဗုဒ္ဓါတို့အား နက်ဖြန်အတွက် ငါဆွမ်းဖိတ်ခဲ့ပြီ၊ သင်တို့၏ လင်တို့ကို ကြည်လင်စေကြောင်း ဖျောင်းဖျပြောဆို၍ ကျောင်းကို ပြုပြင်ကြစို့။”

အစေခံ မိန်းမများလည်း ဝမ်းမြောက်စွာ သဘောတူကြ၍ ၎င်းတို့၏ လင်များ အလုပ်ခွင်မှ ပြန်လာသော ကာလ၌ ထိုအကြောင်းကို ပြောဆိုကြ၏။ လင်ယောင်္ကျားတို့ကလည်း သဒ္ဒါသောစိတ်ဖြင့် ဝမ်းမြောက်ရွှင်လန်းစွာ သဘောတူကြ၍ ဇေဠကဒါသီ၏ အိမ်၌ စုဝေးကြကာချက်ပြုတ်ပြင်ဆင်ကြပြီး မိုးသောက်ချိန်ဝယ် ကြွလာသော အရှင်ပစ္စေက ဗုဒ္ဓါတို့အား မွန်မြတ်သော ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းကြ၏။

ပြီးလျှင် ရှေးရှိရင်းကျောင်းနေရာကို မေးမြန်းလျှောက်ထားကာ စုပေါင်း၍ ပြင်ဆင်မွမ်းမံသည့်အပြင် ထပ်မံ၍လည်း စင်္ကြ ံ မဏ္ဍပ် ဇရပ် တဲနန်း နေ့ည သန့်စရာ နေရာစသည်တို့ကို အသစ်ဆောက်လုပ်လှူဒါန်းကြရုံသာမက ထိုအရှင်မြတ်တို့အား ၀ါတွင်းသုံးလပတ်လုံး အလှည့်အလှယ်ထား၍ နှစ်ပါးသောပစ္စည်းတို့ဖြင့် လှူဒါန်းကြ၏။ ၀ါလကျွတ်သောအခါ အသပြာတစ်ရာစီ စုဆောင်းထည့်ဝင်ကြ၍ တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းဆက်ကပ်ကြ၏။

ဇေဠကဒါသီအမှူးပြုသော အစေခံတို့သည် အသက်အတိုင်းနေ၍ စုတေသော် တုသိတာနတ်ပြည်၌ ဖြစ်ကြ၏။ ထိုနတ်ပြည်မှ ထပ်မံစုတေပြန်သောအခါ ဇေဠကဒါသီသည် ဗာရာဏသီပြည်၏ အနီး ငါးရာသောရက်ကန်းသည်တို့ကို ကြီးမှူးသူ၏ သမီးဖြစ်လာကာ အရွယ်ရောက်ချိန်၌ သူကြွယ်တစ်ဦး၏ မယားဖြစ်ကာ စည်းစိမ်ချမ်းသာဖြင့် ထင်ရှားကြီးကျယ်စွာ နေထိုင်ရပေသည်။
တစ်ရံသောအခါ ပဒုမဝတီ မိဖုရား၏ သားဖြစ်သော ပစ္စေကဗုဒ္ဓါတို့နှင့် တွေ့ကြုံရ၍ ၀ါတွင်းသုံးလပတ်လုံး ကိုးကွယ် လုပ်ကျွေး၏။ ထိုမျှလောက်သော ကုသိုလ်ကောင်းမှုပြု၍ လူ့ပြည် နတ်ပြည်လှည့်လည်ကာ ကမ္ဘာတစ်သိန်း ပတ်လုံး စံစားခဲ့၍ ငါတို့ဘုရား ထင်ရှားဖြစ်တော်မူခါနီးလတ်သော် ဘုရားဘိုးတော်မြတ်ဖြစ်သော အဥ္စနမင်းကြီး၏ ကြင်ဖော် ယသော်ဓရာဝမ်းဝယ် စွဲလမ်း ဖြစ်ထွန်း လာသတည်း။

အမည်မှည့်အံ့သောအခါ လက္ခဏာဖတ်သော ပုဏ္ဍားတို့က “ဤမိန်းမငယ်သည် အကယ်၍ သားယောကျင်္ားကို ဖွားမူ စကြဝတေးမင်းဖြစ်လတ္တံ။ မိန်းမဖွားမူကား စကြဝတေးမင်း၏ မိဖုရားဖြစ်လတ္တံ့”ဟု ဟောကြ၏။ ထိုစကားကို အစွဲထား၍ “မြတ်သော သမီးသားတို့၏ အရှင်ဖြစ်မည့်သူ” ဖြစ်သောကြောင့် မဟာပဇာပတိ ဂေါတမီ ဟူသော အမည်ကို မှည့်၏။ အရွယ်သို့ ရောက်ကာလ အစ်မတော် သီရိမဟာမာယာနှင့်တကွ ညီအစ်မ နှစ်ယောက်လုံးကိုပင် ကပိလတ်ဝတ်ပြည့်ရှင်ဖြစ်သော သုဒ္ဒေါဒနမင်းနှင့် ဆောင်နှင်းကြသတည်း။

ငါတို့ဘုရားလောင်းသည် နတ်ပြည်မှလာ၍ မာယာမိဖုရားကြီး၏ ဝမ်း၌ စွဲလမ်းတော်မူလျှင်ပင် သုဒ္ဓေါဒနလည်း ညီမတော်ဂေါတမီကို အဂ္ဂမဟေသီအရာ၌ ထားတော်မူ၏။ ထား၍မကြာမီပင် နန္ဒမင်းသားကို မျက်နှာမြင်သတည်း။

ထို့နောက်မှ အစ်မတော် သီရိမဟာမာယာတွင် ဘုရားလောင်းကို ဖွားမြင်၍ ခုနစ်ရက်မြောက်၌ နတ်ပြည်စံလေသော် ညီမတော် ဂေါတမီ မိဖုရားသည် နန္ဒမင်းသားကို နို့ထိန်းတို့အားအပ်၍ မိမိမှာ ဘုရားလောင်းကိုသာ ကောင်းစွာ နို့ကျွေး၍ မွေးမြူခဲ့ရပေ၏။

ဤသို့လျှင် ဂေါတမီထေရီ အရှင်မကြီးသည် ရှေးဘဝအကြောင်းကို ပြန်ပြောင်း ဟောပြောတော်မူပြီးနောက်၊ ၎င်းနှင့်အတူတကွ ရဟန္တာဖြစ်ခဲ့ကြသော သာကီဝင် မင်းမျိုး ရဟန်းမိန်းမ ငါးရာတို့သည် ပရိနိဗ္ဗာန် ပြုခါနီး၌ မြတ်စွာဘုရားခွင့်ပြုတော်မူသည့်အတိုင်း မြတ်စွာဘုရား၏ခြေတော်ကို ဦးခိုက်ရှိခိုးကြပြီးလျှင် ကောင်းကင်သို့ပျံတက်ကြ၍ ကြယ် နက္ခတ်တာရာများကဲ့သို့ မိုးကောင်းကင် အပြည့် အထူးထူးအပြားပြား များစွာသော တန်ခိုးတို့ကို ပြကြရာ မြတ်စွာဘုရားရှေ့တော်မှောက်၌ ရောက်ရှိနေကြသော ပရိသတ်ကြီးမှာ အ့ံသြချီးမွမ်း ရင်သပ်ရှုမောနေကြရလေသည်။

ထို ရဟန္တာမ ငါးရာတို့သည် တန်ခိုးပြကြပြီးနောက်တွင် ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရားကို ဦးတိုက်ရှိခိုးကာ သင့်တင့်ရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး၊ မိထွေးတော် ဂေါတမီ၏ ဂုဏ်ကျေးဇူးနှင့် မိမိတို့ ကိုယ်စီရကြသော တရားအထူးတို့ကို အောက်မေ့ဝမ်းမြောက်လျက် ဥဒါန်းကျူးကာ ဟောပြောကြ၏။

“ဘုရားမယ်တော် မိထွေးတော်ဂေါတမီသည် ငါတို့အား သနားကရုဏာ ကြင်နာထောက်ထား အကျိုများကို လိုလားတော်မူပေ၏တကား။ ရှည်ကြာမြင့်လှ ရှေးဘဝမှ ပစ္ဆိမရောက် နောက်ဆုံးကာလ ယခုဘဝတိုင်အောင် အတူတကွနေရပေ၏တကား။

“ဘုရားမယ်တော် အရှင်မကြီးဘုရား .....
“တပည့်တော်မတို့သည် အရှင်မ၏ ပုညသမ္ဘာ ပါရမီတော် ဘုန်းကံရိပ်ကို ခိုလှုံကာ နေထိုင်ရ၍ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ၊ ဘေးဒုက္ခ အပေါင်း၊ မကောင်းသော အာသဝေါ ဘေးရန်တို့မှ ကင်းလွတ်၍ ချမ်းသာစွာ နေရပေ၏တကား။

“တပည့်တော်မတို့သည် တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းလွတ်ပါကုန်ပြီ။ အလုံးစုံသော ဒုက္ခဘုံဘဝကို တစ်စမကျန် ပယ်လှန်နုတ်ပစ် အမြစ်မကြွင်း သန့်ရှင်းသုတ်သင် ကုန်စင်လေပြီ။
“သံကြိုးဖြင့် ဖွဲ့ချည်၍ ကျဉ်းမြောင်းကျပ်တည်း ဖိစီးနှောင့်ယှက်နှိပ်စက် ညှင်းဆဲ ဆင်းရဲလှစွာသော ဆင်ပြောင်မသည် လုံ့လကြီးစွာ ရုန်းကာ ဆွဲဖြတ် သံကြိုးပြတ်၍၊ လွတ်လပ် ရှောင်ခွာ ချမ်းသာရာ၌ ကောင်းစွာနေရသကဲ့သို့၊ တပည့်တော်မတို့သည်လည်း သံကြိုးတဏှာ ဖွဲ့ချည်ရာကို ရုန်းကန်ဆွဲဖြတ် တဏှာပြတ်၍ လွတ်လပ်ချမ်းသာ နေရပါ၏တကား။

“တပည့်တော်မတို့ မြတ်စွာဘုရား အထံတော်သို့ ရောက်လာရခြင်းသည် ကောင်းသောရောက်ခြင်း ဖြစ်ပေသည်တကား။ တပည့်တော်မတို့သည် ၀ိဇ္ဇာသုံးပါးကို ရကြပါကုန်ပြီ။ လေးဖြာသော ပဋိသမ္ဘိဒါ၊ ရှစ်ဖြာသော ၀ိမောက္ခ၊ ခြောက်ပါးသော အဘိညာဉ်သို့ ကောင်းစွာရောက်ကြပါကုန်ပြီ။ တပည့်တော်မတို့အား ပရိနိဗ္ဗာန်ပြုရန် အခွင့်ပြုရန် အခွင့်ပြုတော်မူပါဘုရား”

ထိုအခါ ဗုဒ္ဓမြတ်စွာလည်း “အိုနာသေခြင်း လွတ်ကင်းရာမှန် မြတ်နိဗ္ဗာန်သို့ စံဝင်ပါတော့မည်၊ ခွင့်တောင်းသည်ကို အဘယ်သို့တားမြစ်ရအံ့နည်း။ သင်တို့ ယခုပြုရမည့်တာ၊ အကြင်အခါကို သင်တို့ ဘာသာသိကြလေကုန်လော့” ဟူ၍ မိန့်တော်မူလေသည်။

ဂေါတမီထေရီနှင့် ရဟန္တာမ ငါးရာတို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထွက်ခွါလာကြရာ ဗုဒ္ဓမြတ်စွာသည် မိထွေးတော်ဂေါတမီကို တံခါးမုခ်သို့ တိုင်အောင် လိုက်ပို့တော်မူသည်။ ၎င်းတို့သည် ဘိက္ခုနီကျောင်းတော်သို့ ရောက်သောအခါ ထက်ဝယ်ပလ္လင်ဖြင့် ကျုံ့ကျုံ့ထိုင်လျက် မြတ်သောနေရာ၌ နေတော်မူကြစဉ် ဥပါသိကာမ များသည် ဂေါတမီထေရီ၏ ခြေတော်ကို ဦးတိုက်ရှိခိုးကာ ငိုကြွေးကြ၏။ အချို့မူကား ရင်ကို လက်ဖြင့်ပုတ်ခတ်ကြလျက် အမြစ်ပြတ်သော နွယ်သစ်ပင်ကဲ့သို့ သောကညှင်းပန်း ညှိုးနွမ်းကြရကား ယိုင်လဲလှိမ့်လူးကြ၍ သနားဖွယ်ရာငိုကြွေးကြ၏။

“မိထွေးတော် ဂေါတမီ အရှင်မကြီးဘုရား၊ တပည့်တော်မတို့ကို စွန့်ပစ်၍ နိဗ္ဗာန်သို့ ကြွသွားတော်မမူပါနှင့်ဦး။ တပည့်တော်မတို့အား ကိုးကွယ်ရာမဲ့အောင် ထားမပစ်ခဲ့ပါနှင့်ဘုရား”
ထိုသို့ ငိုကြွေးတောင်းပန်ကြသော ဥပါသကာတို့တွင် ကမ္မဌာန်း စီးဖြန်းခြင်း၌ ကြိုးပမ်းအားထုတ်၍ တရားသိမြင်သော ဥပါသိကာ၏ ဦးခေါင်းကို လက်ဖြင့်သုံးသပ်လျက် ဤသို့ တရားချ၍ သက်သာစေ၏။

“သမီးတို့..... မငိုကြွေးကြကုန်လင့်။ ငိုကြွေး မြည်တမ်း၍ အကျိုးမရှိ။
“ချစ်သမီးတို့ ...
“အလုံးစုံသော ရုပ်နာမ် တရားတို့သည် ဖြစ်ပျက်ဖောက်လွှဲ မမြဲသောတရားတို့သာတည်း။ ဖောက်ပြန်ချွတ်ယွင်း ကွေကွင်းတတ်သော တရားတို့သာတည်း။ ဖြစ်ပျက်ကြိမ်ကြိမ် တည်ငြိမ်မရှိ၊ တုန်လှုပ်ဖောက်ပြန်ယောက်ယက်ဆန်မျှ ပျက်စီးကြ၍ မွမွကြေကွဲ ပျက်မြဲသဘောတရားတို့သာတည်း။

“ချစ်သမီးတို့၊ ငိုကြွေးပူပန် တောက်လျှံညီးညီး သောကမီးကို တရားတည်းဟူသော ရေစင်ဖျန်း၍ အေးချမ်းသာယာ ငြိမ်သက်စွာနေရစ်ကြ သမီးတို့”
ထိုနောက် မကြာမီ မိထွေးတော် ဂေါတမီသည် ဥပါသိကာ မိန်းမတို့ကို စွန့်၍ ပထမစျာန် ဝင်စားတော်မူ၏။ ထိုမှ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ အာကာသစျာန်၊ ၀ိညာဏစျာန်၊ အာကိဥ္စညစျာန်၊ နေဝသညာစျာန်တို့ကို အစဉ်အတိုင်း ဝင်စားတော်မူ၏။

နေဝသညာစျာန်မှ နောက်ပြန်ဆုတ်လျက် အာကိဥ္စညစျာန်၊ ၀ိညာဏစျာန်၊ အာကာသစျာန်၊ စတုတ္ထစျာန်၊ တတိယစျာန် ဒုတိယစျာန် ပထမစျာန်တို့ကို ဝင်စားတော်မူပြန်၏။
ထို ပထမစျာန်မှ တစ်ဖန် ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ကို ဝင်စားတော်မူကာ ထိုစတုတ္ထစျာန်မှ ထ၍ စုတိစိတ်ကျလျက် အသင်္ခတဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။ ဆီမီးတောက်သည် ငြိမ်းပျောက်၍သွားလေ၏။

ထိုအခါ ကြီးစွာသော ငလျင်သည် တုန်လှုပ်၏။ ကောင်းကင်မှ လျှပ်နွယ်တို့သည် ထိန်ထိန်လင်းဖြာလျက် ကြီးစွာသော ပဲ့တင်သံ နတ်စည်ရွမ်းသံတို့သည် တစ်ပြိုင်နက်ဖြစ်ကာ ကောင်းကင်မှ ပန်းပွင့်မိုးတို့သည် မြေပြင်ဖုံးအောင်ရွာသွန်း၏။ မဟာမြင်းမိုရ်တောင်မင်းသည် ပွဲအလယ်၌ သဘင်သည် က သကဲ့သို့ တောင်မြောက်ယိမ်းနွဲ့ ယိုင်လှည့်ရှေ့နောက် ယောက်ယက်ခတ်မျှ တုန်လှုပ်လေ၏။ သမုဒ္ဒရာသည်လည်း သောကပူဆွေး ငိုကြွေးသကဲ့သို့ ကြီးစွာသောအသံကြီးဖြင့် မြည်ဟည်း၏။ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗ၊ အသုရာနှင့် ရာဂမကင်းသေးသော နတ်တို့သည် ငိုကြွေးကြ၏။ ဗြဟ္မာတို့မူ ထိတ်လန့်ကြ၏။

ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် မမြဲကုန်ကြတကား။ မိထွေးတော်ဂေါတမီသည် သေဆုံးခြင်းသို့ရောက်တော်မူရချေ၏။ အကြင် ငါးရာသောရဟန္တာမတို့သည်လည်း ဤမိထွေးတော်ဂေါတမီကို ခြံရံကြ ကုန်၏။ မြတ်စွာဘုရားဆုံးမတော်မူတိုင်းကျင့်ကြ၍ တန်ခိုးပြနိုင်ကြ၏။ ထို ရဟန္တာမိန်းမငါးရာတို့သည်လည်း စွဲငြိစရာမီးစာမရှိသော ဆီးမီးတောက်ကဲ့သို့ ငြိမ်းပျောက်ကြကုန်လေပြီ။

ယှဉ်တွဲ တွေ့ကြုံ ပေါင်းဆုံမိခြင်းသည် ကွဲကွာခြင်းလျှင် အဆုံးရှိကုန်တကား။ ငါတို့မှာမူ ပူဆာညိုးနွမ်းပင်ပန်းဆင်းရဲလှချေ၏တကား။ အလုံးစုံဖြစ်သမျှတရားအပေါင်းတို့သည် မမြဲသောအရာများပါတကား။ အသက်ရှင်ခြင်းသည် အဆုံးရောက်က ပျက်စီးရသောအမျိုးပါတကား ဟု နတ်သမီးများသည် ဖွဲ့နွဲ့ငိုကြွေးကြ၏။

ထို့နောက် စတုမဟာရာဇ်၊ တာဝတိံသာစသော နတ်အပေါင်းတို့သည်လည်းကောင်း၊ သုဒ္ဓါ၀ါသအထိဖြစ်သော ဗြဟ္မာတို့သည်လည်းကောင်း၊ လောကလူတို့ပြုလုပ်မြဲဖြစ်သော လောကဝတ္တရားကို လိုက်ကြကုန်လျက် မိထွေးတော်ဂေါတမီ စျာပနအတွက် လာရောက်ကြ၍ အခါကာလအားလျော်စွာ ဆောင်ရွက်ကြ၏။

ဗုဒ္ဓမြတ်စွာလည်း အရှင်အာနန္ဒာအား “ငါ၏မယ်တော် ပရိနိဗ္ဗာန်ပြုရာအရပ်သို့ ရဟန်းအပေါင်းကို စည်းဝေးလာရောက်ကြစေရန် ပြောကြားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ၌ အရှင်အာနန္ဒာသည် မျက်ရည်ပြည့်သော မျက်လုံးရှိလျက် ငိုသံပါသောအသံဖြင့် ရဟန်းတို့ကို ပြောကြားတော်မူ၏။

“အို...ရဟန်းအပေါင်းတို့ ......
“အရှေ့၊ တောင်၊ အနောက်၊ မြောက်အရပ် ဟူသမျှ၌ နေထိုင်ကြကုန်သော ရဟန်းတို့သည် ငါ၏စကားကို နာယူကြကုန်လော့။
“အဆုံးစွန်သောကိုယ်ဖြင့် မြတ်စွာဘုရားကို ရှိခိုး၍သွားသော မိထွေးတော်ဂေါတမီသည် “ထွက်လာသော နေမင်းသည် အရောင်ကွယ်ပျောက်ဝင်ခြင်းသို့ ရောက်သကဲ့သို့” နိဗ္ဗာန်သို့ဝင်တော်မူ၏။ မြတ်စွာဘုရားမယ်တော်ဟူသော အမည်ပညတ်ကိုသာ ထားခဲ့လျက် စက္ခုငါးပါးရှိသော မြတ်စွာဘုရားသော်မှ မမြင်ရအောင် နိဗ္ဗာန်ပြည်ခွင်သို့ ဝင်သွားတော်မူ၏။

“အကြင်ရဟန်းသည် မြတ်စွာဘုရား၌ ကြည်ညိုခြင်းရှိ၏။ အကြင်ရဟန်းမူလည်း မြတ်စွာဘုရား၌ ချစ်ခင်ခြင်းရှိ၏။ ထိုသို့ ကြည်ညိုချစ်ခင်ခြင်း ရှိကြကုန်သော မြတ်စွာဘုရား၏သားတော်တို့သည် မြတ်စွာဘုရား၏ မယ်တော်အား ပူဇော်သက္ကာရကို ပြုကြပါကုန်လော့။

အရှင်အာနန္ဒာ၏ စကားကြားရသော ရဟန်းအပေါင်းတို့သည် အလွန်ဝေးသောအရပ်မှလည်း လာရောက်ကြ၏။ အချို့သည် မြတ်စွာဘုရား၏တန်ခိုးတော်ဖြင့်လာကြကာ အချို့မူ မိမိတန်ခိုးအားဖြင့် လာရောက်စုဝေးကြသည်။

ဂေါတမီထေရီမ၏အလောင်းတော်နှင့် ရဟန္တာမ ငါးရာ၏ အလောင်းတော်များကို ညောင်စောင်းများတွင် တင်ကာ ရွှေပြာဿဒ်ငါးရာတွင် တင်ထားကြ၏။ လောကပါလ နတ်မင်းကြီးလေးယောက် တို့သည် မိထွေးတော်ဂေါတမီ၏ ပြာဿဒ်ကို ပခုံးဖြင့်ထမ်းကြ၏။ သိကြားမင်း၊ ယာမာနတ်မင်းစသောနတ်မင်းတို့သည် ကြွင်းသောရဟန္တာမိန်းမငါးရာတို့၏ ပြဿဒ်ကို ထမ်းကြ၍ လောင်တိုက်တော်ရှိရာ အရပ်သို့ အစဉ်အတိုင်းဆောင်ယူသွားကြသည်။

ထိုအခါ အလုံးစုံသော ကောင်းကင်ဝယ် ဗိတာန်တို့ဖြင့် မိုးကာ၍ တည်ကုန်၏။ နက္ခတာရာကြယ်အပေါင်းတို့သည် ရွှေအဆင်းရှိလျှက်တည်ကုန်၏။ တံခွန်၊ ကုက္ကား၊ မုလေးပွားနှင့် ပန်းဆိုင်းပန်းကုံး တို့ကိုလည်း ကောင်းကင်ပြည့်အောင် ဆန်းကြယ်စွာ စိုက်ထူထားကြ၏။ နေ့အခါပင် ဖြစ်သော်လည်း ကြယ်နက္ခတ်များကို မြင်နေကြရ၏။

ဤ သာသနာဝယ် အသက်ကြီးဆုံး ရဟန္တာမကြီးနှင့် ရဟန္တာမငါးရာတို့၏ စျာပနပွဲတော်သည် အလွန်စည်ကား၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသောအခါမှာပင် ပရိသတ် ဤမျှစည်ကားခြင်း မရှိချေဟုဆိုကုန်ကြ၏။

ထိုကဲ့သို့ ရဟန္တာမငါးရာတို့၏ အလောင်းစင်ပြဿဒ်များ၊ ၎င်းနောက်မှ မယ်တော်၏ ပြသာဒ်၊ ၎င်းနောက်မှ လူများ၊ ၎င်းနောက်မှ နတ်များ၊ ၎င်းနောက်မှ နဂါး၊ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗ၊ အသုရာနှင့် ဗြဟ္မာများ၊ ၎င်းနောက်မှ ရဟန်းသံဃာတော်များနှင့် မြတ်စွာဘုရားလိုက်ပါပူဇော်လျက် လောင်တိုက်သို့ ရောက်သောအခါ အမျိုးမျိုးသော နံ့သာထင်းတို့ဖြင့် စီစဉ်ပြုလုပ်၍ထားသော နံ့သာထင်းပုံ ထက်သို့ တင်၍ နံ့သာမှုန့်တို့ဖြင့် ပက်ဖြူးကာ မီးတိုက်ကြလေ၏။

ထို့နောက် မြတ်စွာဘုရားသည် မိထွေးတော်ဂေါတမီ၏ ဓာတ်တော်တို့ကို သပိတ်တွင်ထည့်ရန် အရှင်အာနန္ဒာအား တိုက်တွန်းတော်မူ၏။ အရှင်အာနန္ဒာသည် မယ်တော်ကြီး၏ ဓာတ်တော်များကို သပိတ်ဖြင့်ထည့်ကာ မြတ်စွာဘုရားအား ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် မိထွေးတော်၏ ဓာတ်တော်များကို လက်ဖြင့်ကိုင်လျက် ဤသို့ မိန့်တော်မူသည်။

“ချစ်သား ရဟန်းတို့ .....
“ဥပမာဆိုသည်ရှိသော် ကြီးစွာသော သစ်ပင်ကြီးသည် အနိစ္စသဘောဖြင့်၍ အကိုင်းအခက်တို့သည် ပျက်စီးကျိုးပဲ့ကာ ဆွေးမြေ့သွားသကဲ့သို့ သစ်ပင်ကြီးနှင့်အတူ မိထွေးတော်ဂေါတမီသည် ဘိက္ခုနီသံဃာအလယ်မှ ပရိနိဗ္ဗာန်ပြု၍သွားလေပြီ၊ အရိုးဓာတ်တော်သည် တစ်သပိတ်မျှကြွင်းကျန်လျက် ပရိနိဗ္ဗာန်ပြုသော မယ်တော်၏အတွက်ကြောင့် ငါဘုရားအား စိုးရိမ်ပူဆွေးငိုကြွေးမှုမရှိခြင်းသည် အံ့ဖွယ်ရှိ၏။ မိထွေးတော် ဂေါတမီသည် သူတစ်ပါးတို့ အတွက် စိုးရိမ်ခြင်းမရှိ၊ သံသရာတည်းဟူသော ပင်လယ်ကြီးမှ ကူးမြောက်တော်မူ၏။ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်၏။ အေးမြချမ်းသာသော နိဗ္ဗာန်သို့ရောက်လေပြီ။

“မိထွေးတော် ဂေါတမီသည် ကြီးသောပညာရှိ၏။ ခိုင်ခန့်ထူထဲသော များသော ပညာရှိ၏။ ထို မိထွေးတော် ဂေါတမီသည် ဘိက္ခုနီ ရဟန်းမိန်းမအပေါင်းတို့တွင် အကြီးဆုံးဟူ၍ မှတ်ကြလေကုန်။ တန်ခိုးအရာ၌လည်း လွန်စွာ လေ့လာ ကျေပွန် ထက်သန်လျင်မြန်၏။

“ဒိဗ္ဗသောတ အဘိညာဉ်၌လည်းကောင်း၊ စေတောပရိယ အဘိညာဉ်၌လည်းကောင်း၊ ပုဗ္ဗေနိ၀ါသအဘိညာဉ်၌လည်းကောင်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်၌လည်းကောင်း လျင်မြန်ထက်မြက်၏။ အလုံးစုံသော အာသဝေါတရားတို့သည် ကင်းပလွတ်ငြိမ်းစင်ကြယ်၏။ နောင်တစ်ဖန် ဖြစ်ခြင်းမရှိ။ ပဋိသမ္ဘိဒါလေးပါးတို့သည် အလွန်စင်ကြယ်စွာ ဖြစ်၏။ ထို့ကြောင့် မိထွေးတော် ဂေါတမီသည် စိုးရိမ်ခြင်းမရှိ။

“ချစ်သား ရဟန်းတို့......

“ထို့ကြောင့် သင်ချစ်သားတို့သည်လည်း ကိုယ့်ကိုယ်သာလျင် မှီရာကျွန်းမြေသဖွယ် ဖြစ်၍ သတိပဋ္ဌာန်တရားလျှင် အာရုံရှိကုန်သည်ဖြစ်၍ ဗောဇ္စျင်ခုနစ်ပါးတို့ကို ပွားစေကုန်၍ ဖြစ်ခြင်း ပျက်ခြင်း ဆင်းရဲခြင်း၏ အဆုံးကိုပြုကြလေကုန်”။

ဤတွင် ပြီးဆုံးပါပြီ။

(ဦးသိန်းဇံ ၏ အမျိုးသမီး ရဟန္တာများ - မှ