သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဥ္စ သဟဿကေ၊ (ဒွါဒသင်စ သဟသကေ) ပဥ္စဿတ သဟဿာနိ၊ (ပင်စ သတ်တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ (အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊ ( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဥ္စ သံဃဥ္စ၊ (တေသံ ဓမ်မင်စ သံဃင်စ) အာဒရေန နမာမဟံ။ (အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊ (နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ (ဟိတွာ သတ်ဗေ ဥပတ်ဒဝေ) အနေက အန္တရာယာပိ၊ (အနေက အန်တရာယာပိ) ဝိနဿန္တု အသေသတော။ (ဝိနတ်သန်တု အသေသတော)
ဆရာတော်ကြီး တိုကျိုမြို ့၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ် အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌဝီသဥ္စ ဆိုတာ အဋ္ဌက (၈) ဝီသဥ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။
ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။
အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။
အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။ အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။
ပြီးတော့ ဒွါဒသဥ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဥ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဥ္စသတ သဟဿာနိ ပဥ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁ဝဝဝနော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။
ပဥ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။
ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သချေင်္ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သချေင်္ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သချေင်္ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။
သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။
ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။ ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို ့ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။
ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။
သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။
မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။
ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။
ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန််သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။
တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။
ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။ အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။
သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲဲ့ပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သချေင်္ကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။
နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။
အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။
မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။
အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။ ၁၆ သချေင်္ကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သချေင်္။ ဘယ်လောက်ကြာတုန်း။ (၇) သချေင်္ကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သချေင်္။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သချေင်္။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သချေင်္။ (၇)သချေင်္ နဲ့ (၉)သချေင်္ ပေါင်းလိုက်ရင် (၁၆) သချေင်္။ ပထမ (၇)သချေင်္တွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။
ပထမ (၇) သချေင်္ အချိန်ကာလအားဖြင့် (၇)သချေင်္၊ အဲဒီ (၇)သချေင်္အတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သချေင်္ကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သချေင်္။ ဘုရားပေါင်းက ၃၈၇၀၀၀ ။
အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဥ္စ သဟဿကေ ပဥ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။ အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။
ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။
ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။
ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။
ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။
ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။ အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သချေင်္တုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။
အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသချေင်္ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။
သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။ အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။
ဘဝပေါင်း ကမ္ဘာပေါင်း သချေင်္ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။
“သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ ဒွါဒသဥ္စ သဟဿကေ ပဥ္စသတ သဟဿာနိ နမာမိ သိရသာ မဟံ အပကာ ၀ါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဥ္စ သံဃဥ္စ အာဒရေန နမာမဟံ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တရာယာပိ ၀ိနာဿန္တု အသေသတော”
ကဲ....တော်လိုက်ကြအုံးစို့။ သာဓု……သာဓု……သာဓု
(ဗန်းမော်ဆရာတော်ကြီး ပဋ္ဌာန်းတရားပွဲ အသံတော်မှ ကူးယူပူဇော်ပါသည်။