မေးခွန်း ၁။ ။ အရှင်ဘုရား၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် နှင့် ၀ိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊
မေးခွန်း ၂ ။ ။ ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊
မေးခွန်း ၃ ။ ။ ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊
==========================
အဖြေ။ ။ ဒီနေရာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တဝါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊
လူတို့ ကျွဲ နွား စတဲ့ သတ္တဝါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တဝါတွေပါ၊
ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ဝပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တဝါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊
ရာဇဝင်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ဝန်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။
အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
၀ိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ - -
၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၄။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။
မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အငး်ကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊
ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။
မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နို်င်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဉာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနို်င်ပါကြောင်း ကတိပေးပါတယ်။
မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ၀ိဇ္ဇာဓိုရ် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ၀ိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊
၀ိဇ္ဖာဓိုရ် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ၀ိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ဝိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။
ဆက်ပါအုံးမည် - -
( ၂ )
အဲဒီ ၀ိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ဝတ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ရသေ့ ရဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။
ဒါကြောင့် အခုခေတ်မှာလဲ ရသေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။
ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ဝင်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။
နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။
သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ၀ိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနို်င်ပါတယ်၊
နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနို်င်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။
လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ၀ိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။
အဲဒါတွေကတော့ --
၁။ ဝေဒဝိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊
၂ ။ မန္တဝိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊
၃ ။ ဂန္ဓာရီ ၀ိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊
၄။ လောကိယဝိဇ္ဖာ = လောကီစျာန်ရ ပုဂ္ဂိုလ်၊
၅။ အရိယဝိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။
၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိူးဖြစ်ပြီး စူဠဂန္ဓာရီ ၀ိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ၀ိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ၀ိဇ္ဇာလို့ ခေါ်ပါသတဲ့။
ဂန္ဓာရီ ၀ိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြောရပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမဝန္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားရောက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။
ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ၀ိဇ္ဇာဓိုရ် ( ၀ိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနို်င်ပါတယ်၊
အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊
အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ရမယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါနဝတ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊
နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊
ဒါကြောင့် သီလ အကျင် ့ မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လညး် အပူဇော်ခံ အကိုုးကွယ်ခံ မဖြစ်ထိုက်ဘူး၊
ဆက်ပါအုံးမည်- -
( ၃ )
လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့ ့ ပဥ္စကနိပါတ်၊ သီလဝီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊
မောဃာ ဇာတိ စ ဝဏ္ဏော စ ၊ သီလမေဝ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေန တ္ထော န ၀ိဇ္ဇတိ။
လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအဝိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊
ဒါကြောင့် ၀ိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊
မေးခွန်း ၃ အနေနဲ့ ၀ိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘဝက ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။
မြန်မာတွေ ပြောနေကျ စကားမှာတော့ ၀ိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊
၀ိဇ္ဖာဓိုရ် ဘယ်ကလာ-
၀ိဇ္ဖာဓိုရ်ဆိုတာ ၀ိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ၀ိဇ္ဇာ ဆိုတဲ့ ပုဒ်က
၁။ အသိပညာ
၂။ အတတ်ပညာ
၃။ ဗေဒင်သုံးပုံ
၄။ ပု- ဒိ -အာ ဆိုတဲ့ ၀ိဇ္ဇာသုံးပါးကို ဟောပါတယ်၊
အသိပညာ ဆိုတာကတော့ ၀ိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊
အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊
ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ မသန်စွမ်းသူ တို့ပါ သင်ယူနို်င်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနို်င်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။
အတတ်ကြီး ၁၈ ရပ် -
၁ ။ အကြားအမြင်အတတ်၊
၂၊ ဓမ္မသတ်အတတ်၊
၃၊ သချင်္ာ အတတ်၊
၄။ လက်သမားအတတ်၊
၅။ နီတိအတတ်၊
၆။ ဗျာကရုဏ်းအတတ်၊
၇။ ကဗျာလင်္ကာအတတ်၊
၈။ လက်ပစ်အတတ်၊
၉။လေးအတတ်၊
၁၀။ စကားတောင်းအတတ်၊
၁၁။ဆေးအတတ်၊
၁၂။ ရယ်ရွှင်ဖွယ်အတတ်၊
၁၃။ ဗေဒင်အတတ်၊
၁၄။ မာယာအတတ်၊
၁၅။ဆန်းကျမ်းအတတ်၊
၁၆။ သံတမန်အတတ်၊
၁၇။ မန္တာန်အတတ်၊
၁၈။ သဒ္ဒါကျမ်းအတတ်၊
ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနို်င်ပါတယ်။
ဆက်ပါအုံးမည် - -
( ၄ )
အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ၀ိသုဒ္ဓါရုံမူ အဘ်ိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊
၁။နစ္စ= ကခြင်းအတတ်၊
၂။ ၀ါဒန=တီးမှုတ်ခြင်းအတတ်၊
၃။ ဝတ္ထာလင်္ကာရ = အဝတ်ဆင်ယင် ဝတ်တတ်ခြင်း၊
၄။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊
၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊
၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊
၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊
၈။မဇ္ဇာသဝါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊
၉။သလ္လ ဟရဏ= စူးဝင်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊
၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊
၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊
၁၂။ ပါသာ ဏာဒိ ၀ိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊
၁၃။ဥစ္ဆု ၀ိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊
၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊
၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊
၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ရောစပ်ခြင်း အတတ်၊
၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊
၁၈။ သတ္ထသန္ဓာန ၀ိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊
၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊
၂၁။ ရှာမတွေ့သေးပါ၊
၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝခြင်း၊
၂၃။ဒေဝတာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊
၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊
၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊
၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊
၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊
၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊
၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊
၃၀။ တဠာဂဝါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊
၃၁။ယန္တကရဏ = ယန္တရား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊
၃၂။ဝဏ္ဏရဥ္စန = ဆေးဆိုးအတတ်၊
၃၃။ ဇလဝါယဂ္ဂိ =ရေစက်၊ လေစက် မီးစက်အတတ်၊
၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊
၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊
၃၆။ ဝတ္ထ ၀ါယန= ရက်ကန်းအတတ်၊
၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊
၃၈။ သုဝဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊
၃၉။ ကိတ္တိမ သုဝဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမရတနာပြုလုပ်ခြင်းအတတ်၊
၄၀။သုဝဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊
၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊
၄၂။ စမ္မမဒ္ဒဝါဒိ =သားရေနယ်အတတ်၊
၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊
၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊
၄၅။ကဥ္စုကာဒိ= ချပ်ဝတ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊
၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊
၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊
၄၈။ဝတ္ထ သမ္မဇ္ဖန= ခဝါသည် အတတ်၊
၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊
၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊
၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊
၅၂။ရုက္ခာရောဟန= သစ်ပင်တက်ခြင်းအတတ်၊
၅၃။ မနောနုကူလ သေဝါကရဏ = အရှင့်စိတ်တို်င်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊
၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊
၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊
၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊
၅၇။ လောဟာဒိ သာရ= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊
၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊
၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊
၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊
၆၁။ နာနာဒေသိယ ဝဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း အတတ်၊
၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊
၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊
၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊
ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနို်င်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊
ဆက်ပါအုံးမည် - -
( နိဂုံး )
ဒါကြောင့် ၀ိဇ္ဇာဓိ်ုရ် ဆိုတာ ၀ိဇ္ဖာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူူကို စာစကားနဲ့ ၀ိဇ္ဖာဓိုရ် လို့ ခေါ်နိုင်ပါတယ်၊
ဇော်ဂျီ ဆိုတာ =
ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂဝယော ပုဒ်ကနေ ဂဝဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ စ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။
နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။
ယောဂ တရား ဆိုတာကလဲ သမထတရား ၊ စျာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့် သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် )
ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နညး် ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊
ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထ နုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိူးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။
အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နို်င်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နညး်လမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နညး်လမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။
တပဿီ =
( တပေါ ယဿ အတ္ထိ တသ္မိ ံ ၀ါ ၀ိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နညး်ပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။
ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ၀ိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ၀ိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊
သမထ ၀ိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ၀ိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနို်င် - မြေလျိုး မိုးပျံ နို်င်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။
ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓဝါဒဆိုင်ရာအဖြေများမှ