အခါတပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောရှိ ကျောင်းကြီး၌ သီတင်းသုံးနေတော်မူနေစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ အရှင်ဘုရား အလှူဒါနပြုရခြင်း၏အကျိုးကို ကိုယ်တိုင်သိမြင်နိုင်ပါသလော-ဟု မေးလျှောက်၏။
မြတ်စွာဘုရားက သီဟ-သိမြင်နိုင်၏-ဟု မိန့်တော်မူကာ
သီဟ ပေးလှူတတ်သော အလှူရှင်ကို
၁။ လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
၂။ သူတော်ကောင်းတို့သည် ချဉ်းကပ်ကြကုန်၏။
၃။ အလှူရှင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏။
၄။ မင်းပရိသတ်သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ပရိသတ်တမျိုးမျိုးသို့ ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည့်နောက်တမလွန်ဘဝ၌ ကောင်းသောသူများလားရာ နတ်ပြည်လောကသို့ ရောက်ရ၏ ဟူ၍ ဟောကြားတော်မူ၏။
သီဟစစ်သူကြီးသည် အရှင်ဘုရား ကျွန်ုပ်သည် ပေးလှူတတ်သည့် အလှူရှင်ပါတည်း။
အရှင်ဘုရား ဟောတော်မူသည့် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုး ၅-မျိုးအနက် ၄-မျိုးကို ကိုယ်တိုင်ခံစား သိရှိရပါ၏။
ကျန်တမျိုးဖြစ်သည့် အလှူရှင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရ၏။ ဟူသော အကျိုးတရားကိုမူ အကျွန်ုပ် မသိရပါ။
ဤအကျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားအား ယုံကြည်မှုရှိသဖြင့် လက်ခံပါ၏-ဟူ၍ လျှောက်၏။
ထိုအခါ မြတ်စွာဘုရားက ဤအကျိုးသည် အမှန်ဖြစ်၏။ ပေးလှူတတ်သော အလှူရှင်သည် သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ဧကန်ပင် ရောက်ရှိရ၏-ဟူ၍ မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ် သုမနဝဂ်၊ သီဟသေနာပတိသုတ် )