စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။
အရင်ဦးဆုံး ကိုယ်ကောင်းအောင်၊ ထို့ကြောင့် သူတစ်ပါးတို့ကောင်းအောင်လည်း ကြိုးစားကြ ရပါမည်။ နှိုးဆော်တိုက်တွန်းအားပေးသမု ပြုကြရပါမည်။ Globalization ကမ္ဘာ့ရွာကြီးဟု ဆိုသည့်အတိုင်း လူသားအားလုံး အချင်းချင်း ဆက်နွယ်နေကြသည်ဖြစ်ရာ ကမ္ဘာ့လူသား အားလုံး ကောင်းကြပါလျှင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်ဖြစ်၏။ “ဂျင်းစိမ်းနှင့်မဿလင်- သူကြင်မှ ကိုယ်ကြင်”မည်ဆိုပါလျှင် လက်ဝါးနှစ်ဖက်တီးက အသံထွက်သလို၊ လှိုဏ်ခေါင်းထဲ တွင် အော်ဟစ်လိုက်ပါက ထိုအသံအတိုင်း လှိုဏ်သံပေးသလို ခိုက်ရန်ဒေါသတွေ၊ မာန်မာန ထောင်လွှားသံတွေ ထွက်လာကာ ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်၏။ ရွာထဲက ဘေးချင်းကပ်နှစ်အိမ် ဆဲဆိုအော်ဟစ် ရန်ဖြစ်ကြပါ လျှင် ဘေးနားကကြားရသော အိမ်အများ စိတ်မချမ်းသာနိုင်ကြပေ။ ထို နှစ်အိမ် တွင် နေထိုင်ကြ သူတို့မှာလည်း နှစ်ဖက်စလုံး ပူလောင် ဒေါသ ရန်မီးတွေ ပွါးနေရသောကြောင့် စိတ်ချမ်း သာနေကြရမည် မဟုတ်ပေ။ တစ်အိမ်တည်းရှိ တစ်မိသားစုမှ သူနှစ်ဦး ရန်ဖြစ်ကြမူလည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပေသည်။
မြတ်စွာဘုရားရှင်က “ရန်ကို ရန်ချင်း မတုန်းညှင်းနှင့်၊ မေတ္တာဖြင့်သာ ငြိမ်းစေရာ၏”ဟု ဆုံးမ ထားပေသည်။ ဓမ္မပဒ ပါဠိတော်၌လည်း “ငါတို့သည် တစ်နေ့ကျ လျှင် သေကြရမည်ဟု မသိကြကုန်သော သူမိုက်တို့အတွက် ခိုက်ရန်ဒေါသ ငြင်းခုန်ခြင်းသည် မပြေငြိမ်းကြ ကုန်။ တစ်နေ့၌ သေကြရမည်ဟု သိကြကုန်သော ပညာရှိတို့ကား် ခိုက်ရန်ဒေါသငြင်းခုန်ခြင်း တို့ ပြေငြိမ်းကြကုန်၏။”ဟူ၍ ဆုံးမထားပေ သည်။ နှစ်ဦးနှစ်ဖက်အကျိုးမဲ့သောအလုပ်သည် သူမိုက်တို့၏ အလုပ်၊ အကျိုးရှိအောင် ဆောင်ရွက်ခြင်းကား ပညာရှိသူတော်ကောင်းတို့၏အလုပ် ဖြစ်၏။ လူတိုင်းပေါ် တွင် စေတနာကောင်း ထားပြီး ပြောဆိုပြုမူနေ ထိုင်ခြင်းသည် အကျိုးရှိသော အလုပ်၊ မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာစေသော အလုပ်ပင် ဖြစ်ပါသည်။
မြတ်စွာဘုရားက “စေတနာ အဟံ ဘိက္ခ ကမ္မံ ဝဒါမိ- ဘိက္ခဝေ- ငါ၏ချစ်သား ရဟန်းများ တို့၊ စေတ နာ- စေတနာ ကို၊ ကမ္မံ- ကံ ဟူ၍၊ အဟံ ဝဒါမိ- ငါ ဘုရားဟောတော်မူ၏။” ထို့ကြောင့် စေတနာကောင်း လျှင် ကံကောင်းမည်၊ စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်၏။ ယခင် သံသရာက စိတ်ဆိုးစေတနာဆိုး ရှိခဲ့ပါလျှင် ယခုဘဝ ကံဆိုးမိုးမှောင်ကျနေသည့် အဖြစ်ဆိုးတို့ ကြုံတွေ့နေရခြင်းကို စိတ်ရိုင်းစိတ်မိုက်များ ထပ်မံမွေးမြူနေပါလျှင် နောင်သံသရာ၌ကား သည်ထက်ပိုသော အပါယ်ဆင်းရဲသို့ ကျရောက်ပေတော့ မည်။ အပါယ်ငရဲသို့ ကျရောက်သွား ပါက ကောင်းဆိုးနှစ်တန် ခွဲခြားတတ်သည့် ယခုလို လူ့အဖြစ် ရရန်ကား လွန်စွာခဲယဉ်း ပေသည်။ အပါယ်လေးပါး ကျရောက်နေသော သတ္တဝါတို့ သည် ကောင်းမှုကို မဆည်းပူးနိုင်ဘဲ မကောင်းမှုတို့သာလျှင် ပြုလုပ်နေကြရသည်ဖြစ်ခြင်းကြောင့် ဆင်းရဲပြီးဆင်းရဲ နွံတွင် နစ်သကဲ့သို့ လှုပ်လေ မြုပ်လေ ဖြစ်ကြရပေသည်။ သတ္တဝါတို့၏ အမြဲနေအိမ်မှာ အပါယ်ဘုံ ဖြစ်ရာ ထိုသို့ ကျင်လည်နေရခြင်းမှာ မကောင်းမှုတို့ကို ကြိမ်ဖန်များစွာ လုပ်နေ ရခြင်းကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် အိပ်မည်၊ စားမည်၊ မေထုန်မှီဝဲမည် ဤသုံးခုသာလျှင် သိ၏။ ဤ အလုပ် သုံးခုကိုသာ ပတ်ချာလည် အမြဲလုပ်ဆောင်နေ၏။ ရတနာမြတ်သုံးပါးဆိုသည်ကို မသိ။ သီလ မည်သို့ ဆောက်တည်သလဲ နားမလည်။ ဘာဝနာ ဘယ်လို ပွါးသလဲ မတတ်မြောက်နိုင်ကြပေ။ လူသည်ကား သံသရာဆိုတာကိုလည်း သိ၏။ အဘယ်ကြောင့် ကျင်လည်နေရသည်ကိုလည်း နားလည်၏။ ကောင်းမှု၊ မကောင်းမှုတို့ကိုလည်း ခွဲခြားနိုင်၏။ သံသရာမှလွတ်မြောက်အောင်လည်း အားထုတ်နိုင်ပါပေ၏။ လူ့ဘဝရရှိခြင်းကား လွန်စွာ မွန်မြတ်လှပေသည်။ မွန်မြတ်သည့်လူ့ဘဝမှာ မွန်မြတ်သည် စိတ်ကောင်း၊ စေတနာကောင်းများ ထားရှိမွေးမြူကာ ကျင့်ကြံအားထုတ်မှသာ တန်ဘိုးရှိ သည့် ကလျာဏပုထုဇဉ်အဖြစ် မှသည် သောတာ ပန်နှင့် အထက်အထက်သော အရိယာသူတော်စင် များအဖြစ်သို့ ရောက်ရှိပြီး ဘဝ၏ဒုက္ခတောနက်ထဲမှ လွတ်မြောက်နိုင်ကြပေမည်။
စိတ်ကောင်းစေတ နာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသာ်လည်း အဆင်ပြေမှုတို့ မရရှိ၊ လောကဓံဆိုး တို့သာ လျှင် ထပ်ခါ ထပ်ခါ ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်တွေကျလိုက်၊ စိတ်ဓာတ်တွေ တင်းမာသွားလိုက်ဖြစ်ကာ စိတ်ဆိုးစိတ်ညစ်များ ဝင်လာတတ်ပေသည်။ ကိုယ်ကောင်းသလို တုန့်ပြန်မှုတွေ မကောင်းသည့်အခါ သည်းခံစိတ်ကိုသာ အားတင်းမွေးမြူ ရာ၏။ လောကဓဆိုးတို့ ကြုံတွေ့ရသည့် အချိန်တွင် “သြော်…ငါယခင်က အတော်ကို မကောင်းတာတွေ ပြောဆို ပြုမူမိခဲ့ပါလား”ဟူ၍ ကံနှင့် ကံ၏အကျိုးတို့ကို ဆင်ခြင်သင့်၏။ ကိုယ်စေတနာ သူတစ်ပါးတို့ နားလည်ဖို့၊ သိရှိကြဖို့ မျှော်လင့်နေမည့် အစား မိမိစေတနာ မိမိသိဖို့သာလျှင် အရေးကြီးပေ သည်။ ကျေးဇူးတော်ရှင် မေတ္တာရှင်-ရွှေပြည်သာ ဆရာတော် အရှင်ဇဝန၏ သြဝါဒကို ပြောရပါလျှင် “လောကီ စာမေးပွဲ၌ ဖြေသူက မိမိ၊ အမှတ်ပေးသူကား သူတစ်ပါး၊ လောကုတ္တရာစာမေးပွဲ၌ ဖြေသူရော အမှတ်ပေးသူပါ မိမိသာလျှင်ဖြစ်၏။” ကိုယ်ကောင်းသည် ကို ကိုယ်သိဖို့ လို၏။ ကိုယ်မကောင်းသည်ကို ကိုယ် ဆင်ခြင်ဖို့ လို၏။ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ခြင်း ကား မြတ်သောအောင်မြင်မှုပင် ဖြစ်လေသည်။
ကောင်းမှုကိုလုပ်က ကောင်းကျိုးရပြီး မကောင်းမှုလုပ်က ဆိုးကျိုးရကြောင်း မြတ်စွာဘုရား ဆုံးမထား ၏။ ကောင်းမှုလုပ်လျက် ဆိုးကျိုးတွေ့ရသည့်အခါ ကံတရား၏ အကျိုးပေးသဘောကို နားလည်မှု လွဲတတ်ပေသည်။ ဥပမာဆိုရလျှင် “ဗောဓိကိုင်း ချိုးလို့ ရွှေအိုးရ၊ ဗောဓိပင်ပျိုးလို့ ခြေကျိုးရ”ဆိုသည့် သာဓကကိုထောက်၍ မကောင်းမှုလုပ်လည်း ကောင်းကျိုးပေး၍ ကောင်းမှုလုပ်ပါကလည်း ဆိုးကျိုးရ သည်”ဟူ၍ ကံနှင့်ကံအကျိုးအပေါ်၌ လွဲမှားစွာမှတ်ယူပြီး ယုံကြည်မှု လွဲတတ်ပေသည်။ ထိုသာဓက၏ အကြောင်းအရင်းမှန်မှာ ဗောဓိကိုင်း ချိုးသော သူသည် ထိုနေ့ ဗောဓိကိုင်း မချိူးဘဲ နေခဲ့ပါ မူ ရွှေအိုးပေါင်းများ ရရှိမည်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်အလုပ် လုပ်မိသောကြောင့် ရွှေအိုး များစွာရရှိမည့် အတိတ်အကြောင်းခံ ရှိသော်လည်း ရွှေအိုးတစ်လုံးသာရရှိပြီး အကျိုးပေးနည်း သွားခြင်းဖြစ် ၏။ ဗောဓိပင် ပျိုးသောသူ မှာလည်း ထို့နေ ဗောဓိပင်ပျိုးသည့် ကုသိုလ်ကောင်းမှု မလုပ်မိပါလျှင် အသက်ပါ သေဆုံးရမည့် အကုသိုလ်အကျိုးပေးအတိတ်အကြောင်းခံရှိသော် လည်း ဗောဓိပင်ပျိုး သည့် ကောင်းမှု ရှိလိုက်သောကြောင့် အသက်မသေဘဲ ခြေကျိုးရုံသာ အကျိုးပေးနည်း သွားခြင်း ဖြစ်ပေ သည်။ မြတ်စွာဘုရားတိုင်း၏ သြဝါဒအနှစ်ချုပ်မှာ “မကောင်းမှုရှောင်၊ ကောင်း မှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ရမည်ဖြစ်ရာ မလွှဲသာ မရှောင်သာကာ အကုသိုလ်အလုပ်ဖြင့် အသက်မွေး ဝမ်း ကြောင်းပြုနေ ရသော၊ သို့မဟုတ် မကောင်းမှုကို မပြုချင်သော်လည်း ကျူးလွန်မိနေကြသည့် သူတို့အနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် မွေးမြူဆောင်ရွက်နိုင်သလို ကောင်းမှု များကိုလည်း ပူးတွဲဆည်းပူး လုပ်ဆောင်သင့်ပေသည်။ အရက်သေစာ သောက်စားမိနေသူ သည် တရားပွဲနှင့် တွေ့သောအခါ တရားနာကြားလိုက်ခြင်းဖြင့် အသိအမြင် တိုးသွားနိုင်သလို၊ ရိုသေစွာ နာကြားခြင်း သက္ကစ္စ ဓမ္မဿဝန ကုသိုလ်ကောင်းမှု ရရှိနိုင်၏။ တချို့က အရက် သေစာသောက်မိလျှင် တခြားကုသိုလ်ကို မယူရဲတော့ဘဲ ရှိကြ၏။ မကောင်းမှုသက်သက်ချည်း ပြုလုပ်မိနေခြင်းသည် မီးခဲကိုသာ ကိုင်နေပြီး ရေနှင့် မဖြန်းမိ သလို ဖြစ်သောကြောင့် ပို၍ ပူလောင်စေပေသည်။
ကောသလမင်းကြီး၏ စစ်သူကြီးတစ်ဦးသည် စစ်ပွဲများ စွာ အရှုံးမရှိ အောင်နိုင်သောကြောင့် ခုနစ်ရက်တာ မင်းစည်းစိမ်ကို ခံစားခွင့် ပေးသနားခံရပြီး ကချေသည် အလှကညာတစ်ဦးကို ရာသက်ပန် ကြင်ရာတော်အဖြစ် ရွေးကောက်တင်မြှောက်မိလိုက်ရာ ချစ်ဦးသက်ကလျာမှာ ရုတ်တရက် သေဆုံးသွား သဖြင့် စစ်ပွဲတစ်ရာ အောင်နိုင်ခဲ့ပါသော်လည်း အချစ်တစ်ပွဲမှာ ရှုံးနိမ့် သွားရသော စစ်သူကြီး ခမျာ ဖြေမဆည်နိုင်ဘဲ သေရည်ခွက် လက်မှာကိုင်၍ အရူးမီးဝိုင်း ခံရသလိုဖြစ်ကာ အသဲကွဲ ရှာတော့၏။ ဘယ်လိုများဖြေရပါ့ဟူ၍ အကြံတော်တောင်းလိုက်မှ မသေဆေးကျွေးတတ်သည့် မြတ်စွာဘုရားဆိုသော သမားတော်ကြီးဆီသွားပါက ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း သိလျှင်သိခြင်း မသေဆေးတောင်းခံရန် အတွက် ဘုရားထံ အမြန်ပြေးလေရာ ဥပါဒါန်အစွဲအလန်းကြောင့် ဒုက္ခရောက်ရသည့်အဖြစ်ကို အသိဖွင့် လမ်းပြလိုက်ခါမှ လေးပါဒ တရားအဆုံးတွင် အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်သွားလေသည်။ ရှင်ဘုရင် အဝတ်အစားဖြင့်ပင် ရဟန္တာဖြစ်သွားသော စစ်သူကြီးမှာ ပါးစပ်၌ သေရည်အနံ့ပင် မပျောက်သေးပေ။ အရက်သောက်ထားသူ တရားမနာကြားရဟူ၍ မြတ်စွာဘုရား မဟောကြား ခဲ့ပေ။ ထို့ကြောင့် ဘီယာလေး တမျှမျှ၊ သေစာကလေး မဝတဝ မှီဝဲတတ်ကြသောသူများသည် တရားဆွေးနွေးခြင်း၊ တရားနာကြားခြင်း၊ ဘုရားရှိခိုးခြင်းအလုပ်များကိုလည်း ပူးတွဲလုပ်ဆောင် ပါလျှင် ကုသိုလ်က အသာရ၍ သံဝေဂ ဝင်ပြီး ဉာဏ်အမြင် ပွင့်လင်းသွားနိုင်ပေသည်။ မြတ်စွာဘုရားလက်ထက်က အရိယတံငှါသည်တစ်ဦးရှိရာ တစ်နေ့သ၌ ဘုရားရှင်နှင့် သံဃာတော်များ ဒေသစာရီကြွချီရင်း ငါးမျှားနေသော အရိယတံငှါ သည်ကို တွေ့သောအခါ မြတ်စွာဘုရားသည် အရိယတံငှါသည်၏ တရားရနိုင်သော ပါရမီရှိ သည်ကိုမြင် ၍ ခေတ္တရပ်ကာ အမည်နာမ မိတ်ဆက်ပြီး“အရိယဟူသောအမည်သည် သူတော်ကောင်းတရား တို့နှင့် မွေ့လျော် သူဖြစ်ကြောင်း” အစရှိသဖြင့် တရားဓမ္မ ဆုံးမလိုက်ရာ အရိယတံငှါသည်သည် ရေစပ်၌ တရား နာရင်းဖြင့် သောတာပန်တည်ကာ အမှန်တကယ် အရိယာသူတော်စင်တစ်ဦးအဖြစ်သို့ ရောက်ရှိပြီး တံငှါသည်ဘဝမှ လွတ်မြောက်သွားပေသည်။ မလွှဲသာ မရှောင်သာ၍ မကောင်းမှု ပြုမိနေကြရသော်လည်း စိတ်ကောင်းမွေးကာ ကောင်းမှုကို ပူးတွဲလုပ်ဆောင်နိုင်ပါလျှင် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြောင်း သာဓကထုတ်အပ်ပေသည်။
စိတ်ကောင်း စေတနာကောင်း အမြဲမွေးမြူနေခြင်းသည် မသေဆေး အမြဲမှီဝဲနေသော ကျန်းမာရေး အသိရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါသည်။ ပုထုဇဉ်မှန်သမျှသည် ရောဂါရနေကြသော ဝေဒနာ သည်များ သာဖြစ်ကြ၏။ မိမိ၌ ရောဂါရှိနေသည်ကို မသိရှိကြဘဲ ကိုယ့်ကိုယ်ကို မသေသေးဘူးဟု ထင်နေကြပြီး အဖန်ဖန်သေနိုင်သော ကိလေသာဓာတ်စာတို့ကိုသာ အမြဲမှီဝဲ ကာ ငါကွ အာဂလူဟူ၍ မိမိကိုယ်ကို အမြဲကျန်းမာသန်စွမ်းနေသည်ဟု ထင်နေကြပေသည်။ ကိလေသာရောဂါထပြီး အမျိုးမျိုး ကာမဂုဏ်တွေ မှီဝဲသုံးဆောင်နေနိုင်သည်ကို ငါလိုလူ ဇမ္ဗူမရှိဟူ၍ ၀ါကြွားနေတတ်ကြပေသည်။ နောင်သံသရာ အဖန်ဖန် သေရမည့်အရေးကိုကား မေ့လျော့၍ နေကြကုန်၏။ ပုထုဇဉ်တို့ကား ကိုယ့်ကိုယ်ကို အမောဖောက်နေမှန်းမသိသော စိတ်ရူးသွတ်နေသူတစ်ဦး အစွမ်းကုန်ပြေးနေသကဲ့သို့ ဖြစ်၏။ ကိလေသာ အမောဆို့၍သာ ဘဝများစွာ အကြိမ်ကြိမ် သေပွဲဝင်ကြရသူများ ဖြစ်၏။ သေတစ်နေ့ မွေး တစ်နေ့၊ သေတာ များ ဘာဆန်းလဲဟေ့ဟူ၍ သေမင်းနှင့် စစ်ခင်းကာ ကြိမ်ဖန်များ စွာ ရှုံးပွဲရနေကြသူများဖြစ်ကြပေ သည်။
“ကိလေသာစရိုက်
စိတ်စေတနာ အရိုင်းအမိုက်တို့ကို
မြတ်ဘုရား တရားအမြိိုက်ဖြင့်
ဆေးကြောရန် အချိန်ဆိုက်သော်လည်း
ဆက်လက်၍ မိုက်မြဲပါလျှင်
နောင်အခါ သံသရာနှင့်တိုက်ဖို့
ဘယ်တော့များ ထိုက်တန်ပါအံ့နညး်။”
စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာ ကောင်း အစဉ်မွေး၍ နိဗ္ဗာန်သို့ အပြေးဝင်ရောက်နိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု)