ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်ကို လေ့လာလျှင် အဇ္ဈတ္တသန္တာန်ရှိ ရုပ်နာမ် တရားများကိုသာ အလေးထားပြီး ဖော်ပြထားကြောင်း တွေ့ရပါသည်။ အမှန်အားဖြင့် ဗဟိဒ္ဓသန္တာန်ရှိ ရုပ်နာမ်တရားများသည် ဒွါရခြောက်ပါး၌ သူ့သဘော သူဆောင်ကာ အမှန်အတိုင်းထင်လာသော်လည်း ထင်သည့်အတိုင်း မသိဘဲ တလွဲတချော် သိသောကြောင့် ဘဝစက်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် သစ်ငုတ်တိုကို မြင်ပါလျှက် လူထင်သူက ထင်၍ သရဲထင်သူက ထင်သည့် သဘောမျိုးဖြစ်ပါသည်။ ထို့ကြောင့် ဘဝစက်မှ လွတ်ထွက်လိုပါလျှင် အာရုံပိုင်းကို ပြင်ရန်မလိုဘဲ အာရမ္မဏိကပိုင်းကိုသာ ပြင်ရန်လိုပါသည်။ အရမ္မဏိက(သိစိတ်)များသည် အမှန်အတိုင်း သိမြင်သွားသော အခါ ဘဝစက်မှ မလွဲမသွေ လွတ်မည် ဖြစ်ပါသည်။
သံသရာဘဝစက်တွင် အဝိဇ္ဇာသည် ပဓာနကျပါသည်။ ဤနေရာ၌ အဝိဇ္ဇာဆိုသည်မှာ အနုသယအဆင့် အဝိဇ္ဇာကို ဆိုလိုပါသည်။ အနုသယအဆင့် အဝိဇ္ဇာကို သမုစ္ဆေဒပဟန်ဖြင့် မပယ်နိုင်သေးသ၍ ကာလပတ်လုံး ရုပ်နာမ်အာရုံများကို အမှန်အတိုင်းမသိအောင် အဝိဇ္ဇာက ဝင်ရောက်နှောင့်ယှက်နေမည် ဖြစ်ပါသည်။ အနုသယအဝိဇ္ဇာ၏ လုပ်ငန်းမှာ ဝင်ရောက်နှောင့်ယှက်ခြင်း ဖြစ်ပါသည်။ ဝင်ရောက်နှောင့်ယှက်ခြင်း ဆိုသည်မှာ အာရုံပိုင်းတွင် အာရမ္မဏိကနုသယအနေဖြင့် အပိုင်းပိုင်း အပြတ်ပြတ်သဘော မပေါ်အောင်၊ အာရမ္မဏိက (သိစိတ်)ပိုင်းတွင် သန္တာနာနုသယအနေဖြင့် ပုဂ္ဂိုလ်သိသဘော ပေါ်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ အဝိဇ္ဇာနုသယသည် ဒုက္ခသစ္စာနည်းတူ အခြားသစ္စာတရားများနှင့် ပတ်သတ်ရာ၌လည်း ဝင်ရောက်နှောင့်ယှက်ခြင်း လုပ်ငန်းကို ဆောင်ရွက်သည်ပင် ဖြစ်ပါသည်။
အဝိဇ္ဇာအရ တဏှာနှင့် ဥပါဒါန်ကိုလည်း ယူရပါသည်။ ယင်းတို့ကို ကိလေသဝဋ်ဟု ခေါ်ပါသည်။ ကိလေသဝဋ် ရှိနေသေးသ၍ ကုသိုလ်လုပ်ငန်း၌ဖြစ်စေ၊ အကုသိုလ်လုပ်ငန်း၌ ဖြစ်စေ ကိလေသာဝဋ်သည် ကာရက၊ ဝေဒက (ငါ) အနေဖြင့် ပါဝင်နေခြင်း ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်အရ အဇ္ဈတ္တသန္တာန်သည်သာ ဘဝစက်လည်ခြင်း ဖြစ်သဖြင့် ယင်းဘဝစက် ရပ်တန့်စေရန် ပစ္စုပ္ပန်အကျိုး ငါးပါးကို ဝိပဿနာရှုရမည် ဖြစ်ပါသည်။ ဥပါဒါနပစ္စယာဘဝေါအရ ပစ္စုပ္ပန်အကျိုးတရားငါးပါးသည် ဥပါဒါနက္ခန္ဓာ မည်ပါသည်။
ပစ္စုပ္ပန်အကျိုးတရား ငါးပါးတွင် အလယ်ချက် သဠာယတန (ဒွါရခြောက်ပါး)၌ ပစ္စုပ္ပန်ကျကျထင်လာသော ဝိဉာဏ်၊ နာမ်၊ရုပ်၊ ဖဿ၊ ဝေဒနာတို့ကို အမှန်အတိုင်း အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော ပေါ်လာအောင် ရှုမြင်နိုင်ပါက အနုလောမ ပဋိစ္စသမုပ္ပာဒ်ကို သိမြင်နားလည်လာပြီး ဘဝစက် ချုပ်ငြိမ်းသွားမည် ဖြစ်ပါသည်။ အနုလောမ ပဋိစ္စသမုပ္ပာဒ်ကို နားလည်လျှင် ဤသို့ သိမြင်လာမည် ဖြစ်ပါသည်။
ကံမ္မ နတ္တိ ဝိပါကမှိ၊ ပါကော ကမ္မေ န ဝိဇ္ဇတိ။
အညမညံ ဥဘော သုညာ၊ န စ ကမ္မံ ဝိနာ ဖလံ။
(ဝိသုဒ္ဓိမဂ္ဂ၊ ဒုတိယတွဲ_၂၃၈)
(အကျိုးတရား၌ အကြောင်းတရားသည် မရှိ။ အကြောင်းတရား၌ အကျိုးတရားသည် မရှိ။ အကြောင်းအကျိုး နှစ်မျိုးတို့သည် အချင်းလျင်း ဆိတ်သုန်းကုန်၏၊ ထိုသို့ ဖြစ်ပါလျက် အကျိုးသည် အကြောင်းကို ကြဉ်၍ မဖြစ်။)
ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခော သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။
(သဂါထာဝဂ္ဂသံယုတ္တပါဠိ _၁၃၇)
(ဒုက္ခသည်သာလျှင် ဖြစ်၏၊ ဒုက္ခသည် တည်လည်းတည်၏၊ ပျက်လည်း ပျက်၏။ ဒုက္ခမှ တစ်ပါး မဖြစ်၊ ဒုက္ခမှ တစ်ပါး မချုပ်။)
ဤသည်များမှာ ပစ္စုပ္ပန်အကျိုး ငါးပါးမှနေ၍ ဝိပဿနာရှုလျှင် အနုလောမပဋိစ္စသမုပ္ပဒ် (ဘဝစက်) တစ်ခုလုံးကို ပစ္စုပ္ပန်ကျကျ သိမြင်နားလည်နိုင်သောကြောင့် ပစ္စက္ခရှုထောင့်မှ ချဉ်းကပ်နည်း ဖြစ်ပါသည်။
ဦးရွှေအောင်