လူတိုင်းနေခဲဲ့ကြရတဲ့ အိမ်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အမေ့ရဲ့ ဝမ်းဗိုက်လို့ခေါ်တဲ့ အိမ် ဆိုတာပါပဲ။ လူမျိုးချင်းမတူ၊ ဘာသာချင်းမတူလဲ နေခဲ့ရတဲ့ အိမ်ကတော့ အတူတူပါပဲ။ သားသမီးလို့ခေါ်တဲ့ နေတဲ့သူနဲ့ မိဘလို့ခေါ်တဲ့ (ဝမ်းဗိုက်ပိုင်ရှင်) အိမ်ရှင်နဲ့ ဆက်စပ်မှုရှိပုံက အ့ံသြစရာပဲ။ နေတာချင်းတော့ တူပေမဲ့ နေပုံနေနည်းချင်းကွာတယ်။
ဘုရားလောင်းက ကြည့်ခြင်းကြီးငါးပါးနဲ့ကြည့်ပြီးမှ အဖေ၊ အမေ တော်သင့် တယ်လို့ ဆုံးဖြတ်ပြီး ရွေးချယ်ခဲ့တာပါ။ လူ့လောကမှာ အဆင်ပြေဖို့် အောင်မြင်ဖို့ဆိုတာ အမေ (ဝမ်းဗိုက်ပိုင်ရှင်) အပေါ် အများကြီး မူတည်တယ်။ ခန္ဓာကိုယ်ကသာ ကွဲပြားလာတယ်ဆိုပေမဲ့ စိတ်က အမေနဲ့ ဆက်နေတယ်။ အမေက ကလေးရှေ့မှာ မဟုတ်တာ လုပ်ပြရင် ကလေးကလည်း လိုက်လုပ်မှာပါပဲ။ ဒေါသကြီးနေရင် ကလေးလည်း ဒေါသဆိုတာ ဘာလဲ သင်စရာ မလိုတော့ဘူး။
ကိုယ်ရော လူ့လောကထဲ လာတုန်းက အမေ၊ အဖေတော်ရမဲ့သူကို ရွေးပြီးမှလာခဲ့တာလား။ နောက်ဘဝကူးရင်ရော ရွေးတဲ့သူတွေ ရှိပါလား ကိုယ်ကရော မရွေးဘဲ သွားမှာလား။ ခဏတာနေရမဲ့အိမ်ကို ကြည့်နေလို့ တစ်ဘဝတာ နေရမဲ့ အိမ်ကို မမေ့စေချင်ဘူး။ အခုလို မိဘရွေးလို့ရသလို မိခင်ရွေးကြသလိုမျိုး ကိုယ်ကရော လူ့လောကမှာ အိမ်ယာတည်ထောင်နေမယ်ဆို သားသမီးကို ရွေးလို့မရကြဘူးလားလို့ မေးကြပါတယ်။
မိခင်ဝမ်းဗိုက်ထဲကို လူ့ပြည်၊ နတ်ပြည်ကလည်း လာလို့ရသလို အပါယ်လေးဘုံကလည်း လာလို့ရပါတယ်။ တစ်ချို့ရှိတယ် … ဒီသားသမီးလေး ကိုယ့်ဗိုက်ထဲ ရောက်နေရုုံနဲ့့ စီးပွားတွေဖြစ်လို့ ချမ်းသာသွားကြတဲ့သူတွေ အများကြီးပါ။ တစ်ချို့ကြတော့လည်း သားသမီးရလိုက်ရုံနဲ့ လင်မယားကွဲ၊ စီးပွားပျက် ဖြစ်ကြရတယ်။
လင်မယားကွဲတာ ဘယ်သူ့ကြောင့် ဒီလိုကလေးဖြစ်တာ ဘယ်သူ့ကြောင့်ဆိုပြီး အပြစ်ပြောကြပြန်ရော အမှန်တော့ သားသမီးကို ရွေးပြီး လက်မခံတဲ့ အကျိုးဆက်လို့ ပြောလို့ ရမလားပဲ။ သားသမီးကလည်း မိဘကို ရွေးနိုင်တဲ့ အခွင့်အလမ်းရှိသလို မိဘကလည်း သားသမီးကို ရွေးနိုင်ပါတယ်။
မင်္ဂလာဆောင်ပြီးကတည်းက သီလစောင့်မယ်၊ ကိုယ်ဝန်ရလာတော့လည်း ကုသိုလ်တွေလုပ် အလှူတွေ လုပ်မယ်ဆို နတ်ပြည်၊ ဗြမ္မာပြည်ကလာတဲ့ သားသားမီးမီးလေးတွေ ရကြမှာပါ။ အပါယ်လေးဘုံက ဘယ်သူမှ မလာပါဘူး။ နတ်ပြည်၊ ဗြမ္မာပြည်က မိဘရွေးပြီးမှ လာကြတာမို့ သူတို့အရွေးခံကြရအောင် မိဘတွေမှာ တာဝန်ရှိပါတယ်။ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်၊ ငရဲ ဘဝကလာတဲ့ သူတွေကတော့ မိဘ ဘာဖြစ်ဖြစ် သူတို့ ဝင်ဖို့ပဲ တွေးနေတယ်။ ကိုယ့်ဝမ်းဗိုက်အိမ်ထဲကို အိမ်ငှားကောင်း ရောက်လာတာ ကိုယ့်အတွက်ရော ကိုယ့်မိသားစု အတွက်ရော အရမ်းကို ကောင်းပါတယ်။
မိသားစုတိုင်းကောင်းရင် အားလုံးကောင်းကြမှာပေါ့။ လောက သဘောနဲ့ ကိုယ့်ကျင့်သီလပြည့်စုံ မေတ္တာထားပြီး လူမျိုးမရွေး ဘာသာမရွေး လူ့ဘဝ အစ၊ မိသားစု ဘဝအစကတည်းက ကောင်းကျိုး၊ ချမ်းသာတွေသာ ရကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။
အစကောင်းမှ အနှောင်းသေချာတယ် ဆိုတာ ကြားဖူးမှာပါ။ ဒါပေမဲ့ အစ၊ အလယ်၊ အဆုံး အားလုံးကောင်းနေဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် အရာတိုင်းကို ပေါ့ပေါ့လေး မတွေးဘဲ အစကတည်းက အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဘဝမှာ ကန့်ကူလက်လှည့်ဆရာက အလွန်အရေးကြီးပါတယ်။ အခုခေတ်စကားနဲ့ဆို ပညာရပ်တစ်ခုရဲ့ လက်ဦးဆရာ ဆိုပါတော့။ အစကတည်းက သပ်သပ်ရပ်ရပ် သေသေချာချာ စေစေ့စပ်စပ် လုပ်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် ဘဝတစ်လျှောက်လုံးမှာ ဒီအတိုင်းပါသွားရော။ အဲ့လို မဟုတ်ဘူးဆိုရင်လည်း တဖြည်းဖြည်းချင်းဖြစ်ဖြစ် ခဏခဏ ဖြစ်ဖြစ် ကောင်းတဲ့ဘက် မှန်တဲ့ဘက်ကို ကျင့်ယူရမှာပေါ့။
တစ်ချို့ဆို အကြောင်းအရာတစ်ခုခုကို ပိုတယ်လို့ မြင်တဲ့သူ ရှိသလို၊ လိုတယ်လို့လည်း မြင်တဲ့သူ ရှိတယ်။ အဲ့လိုပဲ မရှိမဖြစ်ကို လိုအပ်ပါတယ်လို့လည်း မြင်တဲ့သူ ရှိပါတယ်။ ကိုယ်မြင်တဲ့ အပေါ်၊ ကိုယ်လက်ခံထားတဲ့ အပေါ် မူတည်ပါတယ်။
ကို်ယ်နေခဲ့ရတဲ့ ဘဝကို ခြုံကြည့်ရင် လူတော်တော်များများက မှတ်မိတာနည်းတယ်။ မမှတ်မိတာက များပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မှတ်မိတာချင်းကလည်း မတူကြဘူး။
ဘုန်းဘုန်း (ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္န) ငယ်ငယ်တုန်းက မှတ်မိတာလေး တစ်ခု ... အိမ်မှာ အဖေ အမေတွေ မရှိတုန်း ညဘက်ကြီး ညနေ ၆နာရီခွဲလောက်မှာ မှောင်မဲပြီး လျှပ်စီးတွေလက်လို့ ကြောက်နေရတဲ့အထဲ အိမ်ရှေ့ သရက်ပင်ခြေရင်းမှာ ဝင်းကနဲ လက်သွားလို့ လှမ်းကြည့်လိုက်တော့ မျက်လုံးကြီးနှစ်လုံး။ လူကြီးတွေလည်းမရှိတော့ အရမ်းကို ကြောက်နေတာပေါ့။ မဖြစ်သေးပါဘူး ဘာကောင်ကြီးမှန်းသိအောင် စောင့်ကြည့်မယ်ဆိုပြီး ဒီတစ်ခါတော့ မျက်လုံးမှိတ်မထားဘဲ လျှပ်စီးလက်တာကို သေသေချာချာ စိုက်ကြည့်လိုက်တာ ................. “ငါးသေတ္တာ ဘူးခွံနှစ်ခု” ကို မြင်လိုက်ရသတဲ့။ ကိုယ်က ကြောက်စိတ်နဲ့ကြည့်တော့ ဘူးခွံကို အကောင်ကြီးရဲ့ မျက်လုံးလို့ ထင်နေတာ။
ငါရော ဘယ်လိုနဲ့ စခဲ့သလဲ။ အားနည်းတဲ့ အကြောက်ဒေါသနဲဲ့ စခဲ့သလား။ မကျေနပ်တဲ့ အားကြီးတဲ့ ဒေါသနဲ့ စခဲ့သလား။ ဒါမှမဟုတ် လောဘနဲ့ စခဲ့သလား။ (လောဘ ကလည်း သူများပစ္စည်း လိုချင်တဲ့လောဘရယ်၊ ကိုယ့်ဥစ္စာပစ္စည်း မပေးချင်တဲ့ လောဘ ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။) ဒါမှမဟုတ် ဘာမှမသိတဲ့ မောဟနဲ့ စခဲ့သလား။
သိလိုက်ရတာက လောကကြီးမှာ ကြောက်စိတ်နဲ့ ကြည့်ရင် အားလုံးက ကြောက်စရာတွေချည်းပါပဲ။ အဲ့လိုပဲ လိုချင်တဲဲ့ လောဘနဲ့ ကြည့်ရင်လည်း အားလုံးက လိုချင်စရာတွေ ချည်းပါပဲ။ မသိ နားမလည်တဲ့ မောဟနဲ့ ကြည့်တော့လည်း အားလုံးကို ဘာမှ မသိလိုက်ပြန်ဘူး။ အော် လောကကြီးဆိုတာ ဒီလိုပါလား။ ဒါ့ကြောင့် ငယ်ငယ်ကတည်းက/အခုကစပြီး ကိုယ်တွေးတာ မှန်လား၊ ကိုယ်လုပ်တာ မှန်လား ဆင်ခြေ သုံးသပ်စေချင်ပါတယ်။
ငါကိုက လောဘဖြစ်လို့ လောဘဖြစ်စရာကြီး မြင်နေတာလား? ငါကိုက ဒေါသဖြစ်လို့ စိတ်ဆိုးစရာဖြစ်နေတာလား? ငါကိုက သူ့ကိုချစ်လို့ သဘောကျစရာကြီး ထင်နေတာလား? လောကကြီးကို လောဘနဲ့ကြည့်ရင် အားလုံးကို ကောင်းတယ်ထင် ၊ မြဲတယ် ထင်နေတော့တာပါပဲ။ ဒေါသနဲ့ကြည့်မယ်ဆိုရင်လည်း အားလုံးကို မကျေမနပ်မြင်တော့တာပဲ။ မောဟနဲ့ ကြည့်ပြန်တော့လည်း ဘာမှန်းကို မသိဖြစ်နေတော့တာပါပဲ။
အဓိကက ကိုယ့်အကြောင်း ကိုယ်သိဖို့ အရမ်းအရေးကြီးတယ်။ ကိုယ် ဒါကိုသာ သိရင် ကိုယ် ဘယ်နေရာမှာ လွန်ကဲနေသလဲ။ ဘာတွေ အားသန်နေသလဲ။ ဘယ်လိိုပြင်မလဲ။ ဘာပြန်လျှော့ရမလဲ။ ကိုယ် ဘယ်လိုလူမျိုးနဲ့တွေ့ရင် အဆင်ပြေမလဲ။ လောဘနည်း၊ ဒေါသနည်း၊ မောဟနည်းပြီး ဘယ်သူနဲ့ပေါင်းပေါင်း အဆင်ပြေသွားမယ်ဆိုရင် အားလုံး ငြိမ်းချမ်းသွားကြမှာပါ။ ကိုယ် စိတ်ဓါတ်ကောင်းတာ ကိုယ်သိ၊ ကိုယ်စိတ်ဓါတ်ဆိုးတာ ကိုယ်သိပြီး စိတ်ဓါတ်ကောင်းတွေ တိုး၊ စိတ်ဓါတ်ဆိုးတွေလျှော့ကြရင် ကိုယ်ရော အများရော ကျေးဇူးများပါတယ်။မကောင်းတာကို ကောင်းအောင် ပြင်၊ ဆိုးနေတာတွေကို လိမ်မာလာအောင်ပြင် ဆိုတာတွေက ရိုးနေပါပြီ။ အချိန်မရွေး ပြင်လို့ရတဲ့ ကိုယ့်ရဲ့လက်ရေးကိုပဲ အရင် ပြင်ကြည့်ကြတာပေါ့။ ကိုယ့််လက်ရေးကိုယ် အလှဆုံးလို့ ထင်နေရင်တော့ သဘောပေါ့လေ။ လူတော်တော်များများကတော့ အချိန်မရွေးပြင်လိို့ရတဲ့ လက်ရေးတောင် ပစ်စလက်ခက် ရေးကြသူတွေ အများကြီးပါ။ အဲ့ဒီ လက်ရေးလိုမျိုး အချိန်မရွေး ပြင်လို့ရနေတဲ့ ကိုယ့််ဆီမှာလည်း လှလှပပရှိမနေတဲ့ အရာလေးတွေကနေစပြီး စပြင်ကြည့်ရအောင်။
ဥပမာ- တစ်ချို့ဆို အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ မေ့နေလို့ပဲဖြစ်ဖြစ်၊ မာနကြောင့်ပဲဖြစ်ဖြစ် တစ်နေကုန်နေလို့ အခြားသူတစ်ဦးဦးကိုဖြစ်ဖြစ် ကိုယ်ကိုယ်တိုင််ပဲဖြစ်ဖြစ် မပြုံးမိကြဘူး။ ဒီလိုဆို ကိုယ့်ကို မြင်တဲ့သူရော၊ ကို်ယ်ကိုယ်တိုင်ရော လှမနေတော့ဘူးပေါ့။ ပြုံးပြုံးလေးနေလိုက်ရုံနဲ့ ကိုယ်လည်း အပန်းမကြီးသလို မြင်ရတဲ့သူလည်း စိတ်ချမ်းသာတာပေါ့။
မလှတာ၊ မကောင်းတာ၊ မလိမ်မာတာ၊ မတော်တာ၊ မတတ်တာကို အပြစ်မပြောပါဘူး။ ဒါပေမဲ့ ဒါတွေကို ပြင်ချင်စိတ် ရှိဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ဘဝလေး ဖြောင့်ချင် လှချင်ရင်ပေါ့။ အဲ့ဒီလိုပဲ အရာအားလုံးကို ပေါ့ပေါ့တန်တန်မတွက်ဘဲ အရာရာတိုင်းကို လှချင် ကောင်းချင်တဲ့ စိ်တ်လေးတွေ ရှိကြပြီး ဘဝတစ်လျှောက် ဖြောင့်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။
ဘဝဆိုတာ လူတိုင်း လူတိုင်းက အမျိုးမျိုး အဓိပါယ်ဖွင့်ဆိုကြပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို လက်မခံကြတဲ့သူတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက အရင်ဘဝ ၊ နောင်ဘဝတွေကို ခဏထားပြီး မနေ့က အတိတ်၊ ဒီနေ့က ပစ္စုပ္ပန်ဘဝတစ်ခုတည်းမှာကိုပဲ ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်က အနာဂတ်ပဲ။ အရင်ဘဝက ဘာဖြစ်ခဲ့တယ်ဆိုတာကို လက်မခံတဲ့သူတွေ ရှိတယ်။ အနာဂတ်ကိုသာ ပယ်လိုက်ရင် ရည်ရွယ်ချက်ဆိုတာ ပျောက်သွားလိမ့်မယ်။ ပစ္စုပ္ပန်မှာလည်း ကောင်းအောင် လုပ်နိုင်ဖို့ ခက်သွားလိမ့်မယ်။ အတိတ်ကိုသာ ပယ်နေပြန်ရင်လည်း အခက်သား။
အတိတ်က ကိုယ့်ကို ကောင်းစေတဲ့ အထောက်အပ့ံ။ အနာဂတ်က ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို လက်ခံရာဌာန။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို လက်ခံရုံနဲ့ ကိုယ့်အတွက် အရှုံးမရှိပါဘူး။ အတိတ်ကို သံဝေဂယူ၊ အသိဉာဏ်ယူပြီး အနာဂတ်ကို ရည်မှန်းချက်ထားပြီး ကြိုးစားစေချင်ပါတယ်။ တကယ်လို့များ ကိုယ့်အတိတ်ကိုယ်သိရင် ကောင်းခဲ့ရင် ဒီအတိုင်း ဆက်ကောင်းရုံပဲ။ မကောင်းခဲ့ရင် ပြင်စရာလေးတွေ အမှတ်ရတာပေါ့။
မူလတန်း၊ သူငယ်တန်းက စာကျက်ခဲ့တာတွေက အလယ်တန်းမှာ ကျေးဇူးများတယ်။ အလယ်တန်း၊ အထက်တန်းမှာ စာကျက်ခဲ့တာတွေက တက္ကသိုလ်မှာ အကျိုးများတယ်။ တက္ကသိုလ်မှာ တော်ခဲ့၊ တတ်ခဲ့တာတွေက လုပ်ငန်းခွင်မှာ အကျိုးများတာပေါ့။ အတိတ်က အကြောင်းအရာတွေကို ဆင်ခြင်သင့်တာ ဆင်ခြင် သံဝေဂယူပြီး အနာဂတ်အတွက် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ် ။
ဘဝဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။ အိမ်ဆိုတာက အိမ်ကောင်းရင်လည်း နေတဲ့သူက ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။
ဒီမှာက လူသားတွေဖြစ်နေကြတော့ အမေနဲ့ သားတွေသမီးတွေ၊ အဖေနဲ့ သားတွေသမီးတွေ၊ ဘယ်လောက်အထိ တစ်ဦးနဲ့တစ်ဦး အပြန်ပြန်အလှန်လှန် ဆက်စပ်သလဲဆိုတာ ပြောပြချင်တာပါ။ အမေက သားသမီးအပေါ် မေတ္တာရှိရင် သားသမီးက သိနေတာပဲ၊ အမေက သားသမီးအပေါ် မကျေ မနပ် ဖြစ်နေရင်လည်း သားသမီးက သိနေတာပဲ။ အမိဝမ်းကြာတိုက်ထဲမှာ သားသမီးရင်သွေးတွေ တည်းခိုနေကြတုန်းကဆိုရင် လူကနှစ်ကိုယ် မကွဲသေးဘူး၊
စိတ်ကသာ နှစ်ကိုယ်ကွဲနေတာပါ။ ဒီမိဘ ဆီကနေ၊ အမေ့ဆီကနေ ဒီဓါတ်တွေက သားသမီးတွေဆီ သွားနေတာ။ ဒီသားသမီးတွေ ဆီကနေ ဒီဓါတ်တွေကလည်း မိဘဆီ သွားနေတာပဲ၊ အပြန်ပြန်အလှန်လှန်ပေါ့။ တချို့အိမ်တွေမှာဆိုရင် အမိဝမ်းထဲမှာ သားတွေ၊ သမီးတွေ ရှိနေတဲ့အခါ အဖေနဲ့ အမေက သားသမီးတွေကို ဂရုမစိုက်ဘဲ ရန်ဖြစ်ကြတယ်။ ရိုက်ကြတယ်။ သတ်ကြတယ်။
ဒီဝမ်းထဲက ကလေး မွေးလာရင် ရန်ဖြစ်ချင်စိတ်တွေ အများကြီးဖြစ်ပြီပေါ့။ အလိုလိုနေရင်း ဆိုသလို ဒေါသကြီးတော့ တာပေါ့။ ဝမ်းထဲမှာ သားသမီး လွယ်ထားရင်းနဲ့ ဘောလုံးပွဲ ကြည့်ကြတယ်၊ လောင်းကစားတွေ လောင်းကြတယ်၊ ဒီသားသမီးတွေ အရွယ်ရောက်လာတော့ ရန်မဖြစ်ဖို့၊ ဘောလုံးပွဲ မလောင်းဖို့၊ ဘယ်လိုမှ ပြောဆို ထိန်းသိမ်းလို့ မရတော့ပါဘူး။
ဗိုက်ကြီးတကားကားနဲ့ သွားချင်ရာသွားကြ၊ လာချင်ရာလာကြ၊ စားချင်ရာစားကြ၊ သောက်ကြ၊ မူးကြနဲ့လေ၊ ဒါ့အပြင် ကိုးယိုးကားယား ရုပ်ရှင်ကား တွေကြည့်တော့ မွေးလာတဲ့ သားသမီးက မူးမူးရူးရူး ကိုးယိုးကားယား ဖြစ်လာကြတာပေါ့။ ဘုန်းဘုန်းတို့ ကိုယ်ကိုယ်တိုင် မသင်ခဲ့ပေမဲ့ တတ်နေတဲ့ ဖဲရိုက်တဲ့ပညာဟာ ကိုယ်ကလိုက်ပြီး အတတ်ပညာ တစ်ခုအနေနဲ့ သင်ခဲ့လို့ တတ်တာ မဟုတ်ပါဘူး။
ကိုယ့်အဖေနောက် ကိုယ်ဝန်ကြီးနဲ့ ကိုယ့်အမေကလိုက်ပြီး ဖဲဝိုင်းနားမှာ ထိုင်ပြီး ဖဲရိုက်တာကို ကြည့်ခဲ့လို့တတ်တာ။ ပတ်ဝန်းကျင် ကောင်းရင်လည်း ဝမ်းကြာတိုက်ထဲက သားသမီးတွေကောင်းတယ်။ သားသမီးကောင်းတွေ ဖြစ်ချင် တဲ့ သူတွေက မိဘကောင်းကိုရွေးပြီး ရောက်လာကြတယ်။ ဒီသားသမီး ကောင်းတွေကြောင့်၊ ကိုယ့် ပတ်ဝန်းကျင်လည်း ကောင်းတဲ့ အခြေအနေတွေကို ပြောင်းသွားတယ်။
အဲဒီတော့ သားသမီးလည်း သားသမီးအလျောက်၊ မိဘတွေကလည်း မိဘတွေအလျောက်၊ ကိုယ်လည်း ကိုယ့်ဘက်က ကိုယ်စွမ်းနိုင်သလောက် ကောင်းအောင်ကြိုးစားပါ။ သူတို့လည်း သူတို့ဘက်က သူတို့စွမ်းနိုင်သလောက် ကြိုးစားကြပါ၊ တဖြည်းဖြည်းနဲ့ အားလုံးများ ကောင်းသွားရင် လောကကြီးမှာ နေရထိုင်ရတာ ဘယ်လောက်ပျော်စရာ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်မလဲ။
ဘုန်းဘုန်းတို့ ဘုရားရှင်ကိုယ် တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ ဒီအကြောင်းမျိုးတွေ အများကြီးပြည့်ပြည့်စုံစုံ ပါပါတယ်။ အချိန်မီပါသေးတယ်။ မသိတုန်းက မှားခဲ့တဲ့ အမှားကို အပြစ်မဆိုသာပေမဲ့လည်း သိရက်နဲ့ ဆက်ပြီးမှားဖို့တော့ မဖြစ်သင့်တော့ဘူး။ ကိုယ်လည်းကောင်း၊ အများလည်းကောင်း၊ ကိုယ့်မိသားစု လည်းကောင်း၊ အားလုံးကောင်းဖို့အတွက် ဝမ်းကြာတိုက်က ထဲက ဒီပုံဒီနည်းတွေနဲ့ မိဘတွေ သားသမီးတွေ ကောင်းအောင် နေလာခဲ့ကြရင် လောကကြီး အလွန်ကိုပဲ ကောင်းသထက်ကောင်းလာ မှာပါ။
အဲဒါကို နားလည်ပြီး ကိုယ့်အသိတရား ရှိသည့်အားလျော်စွာ သိတတ်တဲ့ အချိန်ကစပြီး ကိုယ့် ကြောင့် သူကောင်း၊ သူ့ကြောင့် ကိုယ်ကောင်း၊ နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ ဆက်ဆံတတ်ပြီး အားလုံးနဲ့ အဆင်ပြေ၊ အားလုံးကောင်းကျိုး ချမ်းသာတွေရပြီး မိမိတို့ရည်မှန်းတဲ့ ရည်မှန်းချက်တွေကို ရရှိစံစား၊ ခံစားနိုင်၊ အောင်မြင်ပေါက်ရောက်နိုင်တဲ့ သူတော်ကောင်း သူတော်မြတ်တွေဖြစ်ကြပါစေ ကုန်သတည်း။
{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘဝဖြောင့်ကြောင်း တစေ့တစောင်း မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}