အကုသိုလ် အကျိုးအပြစ်တွေ အများကြီးထဲကတချို့ “အကုသိုလ် အကျိုးအပြစ်”တွေကိုတော့
တော်တော်လေးကြောက်မိပါတယ်။အကြောက်ဆုံးထဲက အကြောက်ဆုံး တစ်ခုကတော့
“ခန္ဓာကိုယ် အနံ့အသက်ဆိုး” ရှိမှာကိုပါပဲ။

အထူးသဖြင့်တော့ ခံတွင်းက ကြာညိုနံ့မသင်းရင်နေပါစေ။အနံ့အသက်ရှိမှာကိုပါ။

ဒါကြောင့် ဒီလို ဆိုးပြစ်တွေ ဖြစ်စေမယ့် အကုသိုလ်မျိုးကိုတော့ အထူးပဲ သတိထားရှောင်ဖြစ်ပါတယ်။

အသိတစ်ဦးရှိပါတယ်။သူကပညာရေးမှာ သိပ်တော်ပါတယ်။လူငယ်ဘဝ ရည်းစားတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့တော့ သူ့ကောင်မလေးကို သွားခိုးပါသတဲ့။

ဒါပေမယ့် ကောင်မလေးက တစ်ရက်ပဲပေါင်းပြီး နောက်နေ့မှာ သူ့မိဘအိမ်ကို ပြန်သွားပါသတဲ့။
စိတ်ဝင်စားလို့ တစ်ခြားအသိတစ်ယောက်ကို မေးကြည့်တော့ ပညာရေးမှာ တော်လှတဲ့ စာရေးသူရဲ့
အသိမှာ အထက်ကပြောခဲ့တဲ့ အကုသိုလ်ဆိုးလေးတွေရှိနေပါလို့တဲ့။

တကယ်တော့ ဒီအကြောင်းတွေကို ရေးပြနေရတာတောင် တော်တော်လေးအားနာမိပါတယ်။
သတိလွတ်ပြီး အဲဒီလို အကုသိုလ်မျိုးကို အမှတ်တမဲ့ကျူးလွန်မိကြမှာ စိုးလို့ပါ။

ဒီလိုအကျိုးအပြစ်တွေနဲ့ ပတ်သက်လို့ အများဆုံးတွေ့ရတာကတော့
“ပေတဝတ္ထု အဋ္ဌကထာ”မှာပါပဲ။ဒီ ပေတဝတ္ထု ထဲက တစ်ပုဒ်လောက် အရင်ပြောပြရအောင်ပါ။

“ကဿပ ဘုရားရှင်”လက်ထက်တော်က မထေရ်နှစ်ပါးဟာတောရွာတစ်ရွာမှာ ကျောင်းထိုင်နေကြပါတယ်။
နှစ်ပါးစလုံးက သီလဖြူစင်သလို၊ဆွမ်းခံအတူတူ၊ဆွမ်းစားအတူတူ ၊တံမြက်စည်းလှည်း
အတူတူ စသည်ဖြင့် ဘာလုပ်လုပ် အတူတူလုပ်ကြပါတယ်။

နှစ်ပါး ညီညီညွှတ်ညွှတ်နေကြတော့ ညီညွှတ်ခြင်းရဲ့အကျိုးဖြစ်တဲ့ စိတ်ချမ်းသာမှုကိုလည်း
နှစ်ပါးစလုံး ရရှိခံစားနေကြရတယ်။ဘဝမှာဘာတွေပဲ မပြည့်စုံ ၊မပြည့်စုံ
စိတ်ချမ်းသာနေရင် တော်တော်လေးနေပျော်ပါတယ်။

တစ်နေ့မှာတော့ မထေရ်နှစ်ပါး သီတင်းသုံးတဲ့ရွာကိုအာဂန္တု မထေရ် တစ်ပါးကြွလာပါတယ်။
အာဂန္တု မထေရ် ရောက်လာတော့လက်ရှိ ကျောင်းထိုင်မထေရ် နှစ်ပါးကလည်း
ဝမ်းမြောက် ဝမ်းသာနဲ့ ကြိုဆိုကြပါတယ်။နေရာထိုင်ခင်းကောင်းကောင်းပေးပြီး မနက်
ဆွမ်းခံကြွတဲ့အခါ အာဂန္တု မထေရ် ကိုပါခေါ်ခဲ့ပါတယ်။

ရွာထဲက ဒကာ၊ဒကာမတွေက ဆွမ်းဟင်းကောင်းကောင်း၊အချိုပွဲကောင်းကောင်း လှူကြတာရယ်၊
ကြည်ညိုချစ်ခင်တဲ့ အမူအရာရှိကြတာရယ်ကြောင့်အာဂန္တု မထေရ်က ရွာကိုသဘောကျသွားပါတယ်။
ကျောင်းပြန်ရောက်လို့ ကျောင်းကို သေသေချာချာ ကြည့်တဲ့အခါမှာလည်း
အကျယ်အဝန်းကော၊အရိပ် အာဝါသကော၊ကျောင်းအဆောက်အအုံကော ကောင်းနေတာရယ်ကြောင့်
ကျောင်းမှာ အမြဲနေချင်တဲ့ အတွေးလေးဝင်လာပါတယ်။ ကျောင်းမှာ နေချင်တဲ့အတွေးလေးဝင်လာတာ ပြဿနာ မရှိပါဘူး။ကျောင်းထိုင် မထေရ်နှစ်ပါးကလည်း ကောင်းကောင်းလက်ခံမှာပါ။
ဒါပေမယ့် သူ့အတွေးက မတွေးကောင်းတဲ့ အတွေးကို တွေးတာပါ။ဘယ်လိုတွေးသလဲဆိုတော့
“ဒီရွာဟာ သိပ်ပြီး လာဘ်လာဘပေါတယ်။နေလို့ထိုင်လို့လည်း ကောင်းတယ်။
လက်ရှိ ကိုယ်တော်နှစ်ပါးကို ကျောင်းက ပထုတ်လိုက်ပြီးငါတစ်ပါးတည်းနေရရင် သိပ်ကောင်းမှာပဲ” တဲ့။

အတွေးပြီးရင် အပြောလာမယ်။အပြောပြီးရင် အလုပ်လာမယ်ဆိုတဲ့ ကံသုံးပါးတို့ရဲ့
သဘောဖြစ်စဉ်အတိုင်း အာဂန္တု မထေရ် က အတွေးကတစ်ဆင့် အပြောကိုတက်ယူပါတယ်။
အတွေးညံ့တော့ အပြောကလည်း ဆက်ညံ့သွားပါတယ်။

ကျောင်းထိုင်မထေရ် နှစ်ပါး ပူးတွဲမရှိတဲ့ အချိန်ကို စောင့်နေပါတယ်။
ဒီလိုနဲ့ တစ်နေ့ တစ်ခြားတစ်ပါး အပြင်သွားနေတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ မထေရ်ရဲ့ အနားကိုသွားပြီး
စကားစပါတော့တယ်။
“အရှင်ဘုရား …. အရှင်ဘုရား ကို စကားနည်းနည်းလောက် လျှောက်စရာရှိလို့ပါဘုရား”

“လျှောက်ပါဦး”

“အရှင်ဘုရားရဲ့ မိတ်ဆွေက မျက်မှောက်မှာသာမိတ်ဆွေလိုဆက်ဆံနေတာ၊
မျက်ကွယ်မှာတော့ အရှင်ဘုရားကို ရန်သူလို သဘောထားတာဘုရား။”

“ငါ့ရှင် ဘာတွေလာပြောနေတာလဲ။တပည့်တော် မိတ်ဆွေဟာ ဒီလို သဘောမျိုးမရှိပါဘူး ဘုရား။”

“အရှင်ဘုရား မယုံရင် စောင့်ကြည့်ပါဘုရား၊အရှင်ဘုရားက ရိုးတော့
ဘယ်သိမလဲ၊ တစ်နေ့ကျရင် သိလာမှာပါဘုရား”

အာဂန္တု မထေရ် က အဲဒီလိုလျှောက်တော့၊ကျောင်းထိုင် မထေရ်က ပုထုဇဉ်ပဲ ရှိသေးတာဆိုတော့
အခြေအနေအရပ်ရပ်ရဲ့ အမှားအမှန်ကို မသုံးသပ်နိုင်ပါဘူး။ဒါကြောင့် စိတ်ထဲမှာ ဟုတ်များဟုတ်လေမလားဆိုပြီးသံသယ စိတ်ကလေး ဝင်သွားပါတယ်။

အာဂန္တု မထေရ်က တခြားမထေရ်ကိုလည်း တစ်ပါးတည်းရှိနေခိုက် မှာ အထက်ကအတိုင်း
သွားပြောပြန်ပါတယ်။

အာဂန္တု မထေရ် ရဲ့ အတွေးထဲမှာ ရွာနဲ့ ကျောင်းမှာရှိတဲ့လာဘ်လာဘ အားလုံး သူပိုင်ဆိုင်ဖို့ပဲ
အချိန်ပြည့်တွေးတောနေတာပါ။ဒါကြောင့် မထေရ်နှစ်ပါး အချစ်ပျက်သွားအောင်
မကြာခဏ “ကုန်းချောစကား” ပြောပါတော့တယ်။

ကြာလာတော့ အလွန်ချစ်ခင်တဲ့ မထေရ်နှစ်ပါးဟာအမုန်းကြီးမုန်းသွားပြီး စကားတွေများကြပါတော့တယ်။
ပြီးတော့ ဆွမ်းခံလည်း မကြွတော့သလိုဆွမ်းကိုလည်းအတူတူ မစားတော့ပါဘူး။

တစ်ညမှာတော့ မထေရ်နှစ်ပါးဟာစကားတွေ အကြီးအကျယ်များပြီးမနက်ရောက်တော့ နှစ်ပါးထဲကတစ်ပါးက“ငါမုန်းနေတဲ့သူ ရှိတဲ့ အရပ်မှာ မနေတော့ဘူး”ဆိုတဲ့ အတွေးနဲ့ တစ်ပါးမှ အသိမပေးဘဲထွက်သွားပါတော့တယ်။

နောက်တစ်ပါးကလည်း “မချစ်မနှစ်သက်တဲ့သူနဲ့တော့အတူတူမနေနိုင်ပါဘူး” ဆိုပြီး ထွက်သွားပြန်ပါတယ်။

မထေရ်နှစ်ပါးထွက်သွားကြတော့ ကျန်ခဲ့တဲ့ အာဂန္တု မထေရ်ကသူတို့ရဲ့ လာဘ် လာဘဥစ္စာတွေ၊ငါအကုန်ရပြီဆိုပြီးသဘောကျ ကျေနပ်နေပါတော့တယ်။မနက်ရွာထဲကို ဆွမ်းခံကြွတော့
ဒကာ စကာမတွေက“အရှင်ဘုရား ဟို ဘုန်းဘုန်း နှစ်ပါးကော”လို့မေးတော့
“ညတုန်းက တစ်ပါးနဲ့တစ်ပါး ရန်ဖြစ် စကားများပြီးထွက်သွားကြတယ်၊ဦးဇင်းတားပါသေးတယ်၊
သူတို့က မနေချင်တော့တာ” လို့ မဟုတ်တဲ့ စကားကို ပြောလိုက်ပါတယ်။
ဒီတော့ ရွာသူ ရွာသားတွေက “ဒါဆို အရှင်ဘုရား ဒီရွာမှာ ကျောင်းထိုင် ဘုန်းကြီးအဖြစ်နဲ့
သတင်းသုံးပေးပါဘုရား” လို့ လျှောက်လိုက်ကြပါတယ်။အာဂန္တု မထေရ်လည်း “ဒကာ ဒကာမတွေကို
ချီးမြှောက်သောအားဖြင့် နေတာပေါ့လေ” လို့ပြန်ပြောလိုက်ပါသတဲ့။ဒီလိုနဲ့ပဲ မထေရ်နှစ်ပါးရဲ့ ကျောင်းမှာ
“ကျောင်းထိုင်ခွင့်” ရသွားပါတယ်။

အာဂန္တု မထေရ်ဟာ သူမျှော်လင့်ထားသလိုပဲလာဘ်လာဘတွေတော့ ရလိုက်ပါတယ်။
ဒါပေမယ့် လူဆိုတာ သေမျိုးဆိုတော့အချိန်တန်တော့ သေပေးရပါတယ်။

သေတဲ့အခါကျတော့ ပြုခဲ့တဲ့ ကံအားလျော်စွာ“အဝီစိ ငရဲ”ကျသွားပါတယ်။
ယခင် ကျောင်းထိုင် မထေရ်နှစ်ပါးကတော့ အာဂန္တု မထေရ် ပျံလွန်တော်မူမှပဲ အဖြစ်မှန်ကိုသိပြီး
ကုန်ခဲ့တဲ့ အချိန်တွေအတွက် ဝမ်းနည်းပြီးတစ်ပါးနဲ့တစ်ပါးဖက်ငိုကြသတဲ့။ နှစ်ပါးစလုံးမူလကျောင်းမှာပဲ
ပြန်ထိုင်ကြပါတယ်။ကာလတစ်ခုကြာတော့အာဂန္တု မထေရ်လည်း ငရဲကလွတ်ပါတယ်။
ဒါပေမယ့် ငရဲကလွတ်ပြီး ရာဇဂြိုလ်ပြည်အနီးမှာ“ခံတွင်းနံ့ပုပ်ပြီး ခံတွင်းနံ့ဆိုးတဲ့ ပြိတ္တာ” ဖြစ်ရပြန်ပါတယ်။
သူ့ရဲ့ “ခံတွင်းနံ့”ဟာ အနီးဝန်းကျင်မှာ ပျံ့နှံ့နေပါသတဲ့။

တစ်နေ့မှာ “အရှင်နာရဒမထေရ်”က “အသင်ပြိတ္တာရယ်သင်က ရုပ်ရည်အဆင်းကျတော့ ရွှေလိုလှပပြီး၊
ဘယ်အကုသိုလ်ကံကြောင့် ခံတွင်းနံ့တွေ ဆိုးနေရတာလဲ။”လို့ မေးကြည့်ပါတယ်။

ပြိတ္တာကလည်း“အရှင်ဘုရားရယ် တပည့်တော်ဟာ ချစ်ခင်နေတဲ့သူနှစ်ယောက်ကို ကွဲပြားအောင်
ကုန်းတိုက်ပြောခဲ့လို့ပါဘုရား။ဒါနဲ့ အရှင်ဘုရားရယ် ကုန်းတိုက်စကားပြောရင် ၊
သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲရင် ဒီလိုခံရတယ်ဆိုတာ အရှင်ဘုရားရဲ့ တပည့် ဒကာ၊ဒကာမတွေကို
တဆိတ်ပြောဟောပေးပါဘုရား။”လို့ နောင်တစကားပါ ပြန်ပြောလိုက်ပါတယ်။
နောင်မှရတဲ့ နောင်တဟာ အသုံးမဝင်တော့ပါဘူး။တကယ်တမ်းစဉ်းစားကြည့်ရင် ခံတွင်းနံ့ပုတ်ရတဲ့
ပြိတ္တာဖြစ်ရတဲ့ အာဂန္တု မထေရ်ဟာ လူဆန်ဆန်ပြောရရင် ပစ္စည်းဥစ္စာတွေလိုချင်လို့
ကုန်းတိုက်စကားပြောခဲ့တာပါ။ဒါပေမယ့် ခံလိုက်ရတဲ့ ဆိုးပြစ်ဟာ မချိမဆန့်ပါ။

ပစ္စည်းဥစ္စာရှာတဲ့နေရာမှာ
●တရားတဲ့နည်းနဲ့လည်းရှာလို့ရပါတယ်။
●မတရားတဲ့နည်းနဲ့လည်းရှာလို့ရပါတယ်။

●လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်း ဝတ္ထု ဟာအဓိကမပြဋ္ဌာန်းပါဘူး။
ပစ္စည်း ဝတ္ထု ထက်ပြဋ္ဌာန်းတဲ့ အရာတွေ အများကြီးရှိ နေပါသေးတယ်။
ဒီ ပစ္စည်း ဝတ္ထုကြောင့်ပဲဆွေမျိုးတွေကနေ တစိမ်းတွေဖြစ်ရ၊မိတ်ဆွေတွေကနေ ရန်သူတွေဖြစ်ရ
တရားရုံးတွေရောက်ရ။ဒါတွေက လက်တွေ့ဆိုးကျိုးတွေပါ။သေသွားတော့လည်း ဒါတွေထားခဲ့ရတာပါပဲ။

မသေခင်မှာဘဝကို ဘယ်လိုနေထိုင်သွားမလဲဆိုတဲ့ အတွေးလေး မကြာခဏ တွေးပေးသင့်ပါတယ်။
ဒီလို တွေးပေးတယ်ဆိုရင်ပဲ မကောင်းတာပြုချင်တဲ့ စိတ်ညံ့ကလေးတွေလည်း လျှော့သွားတတ်ပါတယ်။

အထက်က ဝတ္ထုလေးကို ပြန်ကောက်ချက်ချကြည့်ရအောင်ပါ။ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲပြားသွားအောင်ကုန်းတိုက်စကားပြောတာဟာ အရကောက်ကြည့်ရင်“ပိသုဏဝါစာ”ပါ။

ဗဟုသုတ အဖြစ်ပါဠိလိုလေးမြည်းကြည့်ပါဦး။
ပိသတိ သာမဂ္ဂိံ သ ဉ္စုဏ္ဏေတီတိ ပိသုဏာ ၊
“သာမဂ္ဂိံ-ညီညွှတ်သူတို့၏ အဖြစ်ကို ၊
ပိသတိ -ကြိတ်ချေတတ်၏။
သ ဉ္စုဏ္ဏေတီတိ - မှုန့်မှုန့် ညက်ညက် ပြုတတ်၏။
ဣတိတသ္မာ-ထို့ကြောင့်၊
ပိသုဏာ-ပိသုဏ မည်၏”တဲ့။

လိုရင်းကတော့ ချစ်ခင်နေတဲ့ လူနှစ်ယောက်ကိုကွဲပြားအောင်ပြုလုပ်တာပါပဲ။
ကွဲပြားအောင်လုပ်တဲ့နေရာမှာ ကုန်းတိုက်သူက ရည်ရွယ်ချက်နှစ်မျိုးရှိပါတယ်။
အဲဒီနှစ်ချက်က လာဘ်လာဘ ပစ္စည်းဥစ္စာရဖို့ရယ်၊မိမိကိုချစ်ပြီးသူတစ်ပါးကို မုန်းဖို့ရယ်ပါ။
ရည်ရွယ်ချက်တစ်ခုကြောင့် ကုန်းချောတာဖြစ်နိုင်သလို၊ရည်ရွယ်ချက် နှစ်ခုလုံးကြောင့် ကုန်းချောတာ
လည်းဖြစ်နိုင်ပါတယ်။

“ပိသုဏဝါစာကံ” ထိုက်ဖို့အတွက် အင်္ဂါလေးပါးရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါလေးပါးက
(၁)။ ခွဲစရာတစ်ပါးသူရှိခြင်း။
(၂)။ ကွဲစေလိုစိတ်ရှိခြင်း၊မိမိကိုချစ်စေလိုခြင်း။
(၃)။ လုံ့လပြုခြင်း။
(၄)။ ကုန်းတိုက်စကားပြောဆိုခံရသူသိခြင်း ရယ်ပါ။

ဒါပေမယ့် ကိုယ်ကကုန်းတိုက်စကားပြောပေမယ့်၊ကုန်းတိုက်စကားပြောတဲ့သူ နှစ်ယောက်က
ကွဲမသွားဘူးဆိုရင်တော့ ပိသုဏဝါစာ မမြောက်ပါဘူး။ဆိုလိုတာကကွဲသွားရင် အပြစ်ကြီးမယ်။
မကွဲရင် အပြစ်သေးမယ်။ဒါပါပဲ။
ကျောင်းထိုင်မထေရ်နှစ်ပါးဟာ ကွဲသွားတဲ့အတွက် ကံမြောက်သွားရတာပါ။တကယ်တော့
ကိုယ်လုပ်မယ့် အလုပ်ကလေးတွေ ၊ ကိုယ်လုပ်နေဆဲ အလုပ်ကလေးတွေကို
ပြန်ပြန်စဉ်းစားဖြစ်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ “အကုသိုလ်လေး”တွေက တန့်တန့်သွားတတ်ပါတယ်။
ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အမှားအမှန်ကို မသိရလောက်အောင်တော့ ဘယ်သူ့မှ မညံ့ကြပါဘူး။

တစ်ခုတော့ရှိပါတယ်။အကုသိုလ် တစ်ခုခုကိုလုပ်ပြီဆိုရင်အကုသိုလ်နဲ့ ယှဉ်ဘက်သူငယ်ချင်းတွေဖြစ်တဲ့
“အဝိဇ္ဇာ ၊တဏှာ ၊လောဘ၊ ဒေါသ၊မောဟ”စတဲ့ တခြားမကောင်းတဲ့ အကုသိုလ်စေတသိက်မျိုးစုံကလည်း
ခြံရံကာရံပြီးကူညီတတ်လေ့ရှိပါတယ်။အဲဒီလို အကုသိုလ်စေတသိက်မျိုးစုံ ခြံရံကာရံထားတော့
ကုသိုလ်ဘက်ကို လှမ်းပြီးမမြင်နိုင်တော့ပါဘူး။ဒီလိုပါပဲ။ကုသိုလ်တစ်ခုခု လုပ်နေတဲ့နေရာမှာလည်း
ကုသိုလ်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ “မေတ္တာ၊ကရုဏာ၊မုဒိတာ၊သဒ္ဓါ ၊ပီတိ” စတဲ့ကောင်းတဲ့စေတသိက်တွေကပတ်ပတ်လည်ကနေ ခြံရံကာရံပေးထားတာဆိုတော့
တော်ရုံတန်ရုံ အကုသိုလ်ဘက်ကို မတွေးဖြစ်တော့ပါဘူး။

တရားသောနည်းနဲ့ မဟုတ်ဘဲ၊ မတရားသောနည်း နဲ့ရတဲ့အရာမှန်သမျှ နောက်ဆက်တွဲ ရလဒ်တစ်ခုက ရှိကိုရှိနေမြဲပါ။တစ်ချို့ရလဒ်တွေကျတော့ သေးငယ်ပေမယ့် တော်တော်လေးထိန့်လန့်ဖို့ ကောင်းပါတယ်။

ရုပ်လည်းချောပါရဲ့။ပညာလည်းတတ်ပါရဲ့။ပစ္စည်းဥစ္စာလည်း ပြည့်စုံပါရဲ့၊ဒါပေမယ့်
ခံတွင်းနံ့မကောင်းဘူးဆိုရင် သွားရောပါ။

တကယ်လို့များကိုယ့်မှာ အတိတ်ဝဋ်ကြွေးကြောင့်ပဲဖြစ်ဖြစ်၊ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အနံ့အသက်တွေရှိနေခဲ့ရင် ပြေပျောက်ဖို့အတွက် အကောင်းဆုံးကုသိုလ်ကတော့
မြတ်စွာဘုရားကို အမွှေးနံ့သာနဲ့ လှူဒါန်းပူဇော်ခြင်းပါပဲ။
●အမွှေးနံ့သာဆိုတော့ ပန်းတို့၊နံ့သာရည်တို့၊ရေမွှေးတို့ပါ။ရေမွှေးနဲ့ပူဇော်တဲ့အခါမှာ လက်ကိုင်ပုဝါဖြူဖြူလေးကို အခေါက်ကလေးခေါက် ရေမွှေးလေးဆွတ်၊
ပန်းကန်လေးထဲထည့်ပြီး၊ဘုရားရှေ့မှာ ပူဇော်လို့ရပါတယ်။

ပူဇော်ရင်းနဲ့ “ဤအမွှေးနံ့သာ လှူဒါန်းပူဇော်ရသော ကောင်းမှုကြောင့် အနံ့အသက်များပြေပျောက်ရပါလို၏၊
ကောင်းမွန်တဲ့ အနံ့အသက်များ ရရှိရပါလို၏”လို့ဆုတောင်းလို့လည်း ရပါတယ်။
တစ်ဖက်ကလည်း အတိတ် အကုသိုလ်ဝဋ်ကြွေးကို သံဝေဂယူပြီး၊အနံ့အသက်ဖြစ်စေမယ့်
အကုသိုလ်မျိုးကို အထူးပဲ သတိထားရှောင်ရပါတယ်။

ဘာပဲဖြစ်ဖြစ် “ကုန်းချော စကားပြောမိရင်ခံတွင်းနံ့ ဆိုးတတ်တာလေး”ကို
ဗဟုသုတ အဖြစ်သိထားလိုက်မယ်ဆိုရင်ပဲစာရေးသူကော၊စာဖတ်သူကော အကျိုးရှိသွားပါပြီ။
ကဲ …. စာဖတ်သူကော၊စာရေးသူကော ကုန်းချောစကားကို ရှောင်လိုက်ကြရအောင်နော်။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)၏“အတွေးများ နဲ့ မိတ်ဖွဲ့ခြင်း”နှာ ၁၀၇ - ၁၁၄ မှ ကူးယူပူဇော်ပါသည်။