ဆရာတော်ရဲ့ ငယ်အမည်က စတီဗင်။
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven(စတီဗင်) ကို
၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့
အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို
နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ နောက်ပိုင်းမှာ
သူဟာ
အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး
ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး
စားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာ
အတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။
သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်း
လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့
အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။
သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကို
တွေ့လိုက်ရတယ်။
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေ
အားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ
ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့
စည်းရုံးကြသေးတယ်။
ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာ
ဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကို
ရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။
တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ Tathagata
Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့
သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့
သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့
သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော
ရဟန်းဘဝကို ခံယူလိုက်တယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။
သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်
ပြန်ပို့ပေးသော God (ဘုရားသခင်)ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့
သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူ
စိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့
မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်
အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့
ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကို
ဖွင့်လစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲ
အမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်
ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး
တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော
အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်း
သိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ
ချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ
ဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့
ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊
သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွ
အဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက
စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံ
စနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာ
ဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့
မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း
စက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်း
ရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာ
ရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်
ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကို
တာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။
အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး
လောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်
ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်း
သားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊
နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကို
တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့
အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။
။
ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့်
ထေရဝါဒဗုဒ္ဓဘာသာဝင် လူဥိးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်း
သိခဲ့ရပါသည်။
သကျပုတ္တိယ အရှင်အရိယာလင်္ကာရ