တစ်ခါတုန်းက ဥဗ္ဗရီဆိုတဲ့ မင်းသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။တစ်နေ့တော့ မင်းသမီးလေးက အိမ်သာတက် ပါတယ်။ အိမ်သာအောက်မှာ ပိုးလောက်တွေကို မြင်ရပါတယ်။ မြင်ရတဲ့ ပိုးလောက်တွေကိုကြည့်ပြီး အသုဘ ကမ္မဋ္ဌာန်း (၁ဝ)ပါးထဲက တစ်ပါးဖြစ်တဲ့ ပုဠုဝကကမ္မဋ္ဌာန်းကို ပွားများပါတယ်။
ပိုးလောက်တွေကြည့်ပြီး ဘာဝနာပွားရင်း ပထမစျာန်ကို ရသွားပါတယ်။
ဥဗ္ဗရီ မင်းသမီးလေးဟာ သက်တမ်းစေ့အောင်နေပြီး သေလွန်တော့ ဗြဟ္မာ့ပြည်မှာ သွားဖြစ်ရပါတယ်။

(ဓမ္မပဒ အဋ္ဌကထာ ဒုတိယတွဲ
စာမျက်နှာ ၃၃၂)

တကယ်တော့ မြတ်စွာဘုရားက ဒီဝတ္ထုလေးကို ဘဝတဏှာရဲ့ အပြစ်ကို သံဝေဂယူရအောင် ဟောပြထားတာလေးပါ။ ဒါပေမဲ့ အိမ်သာတက်ရင်း ကမ္မဋ္ဌာန်းဘာဝနာပွားပြီး ပထမစျာန် ရသွားတာလေးကို သာဓကကိုးချင်တာနဲ့ ရေးပြလိုက်တာပါ။အိမ်သာတက်ရင်း ဘာဝနာပွားပြီး ပထမစျာန်ရတာလေးကအတုခိုးစရာလေးပါ။
ဘာပဲပြောပြော အိမ်သာတက်ရင်း ဘာဝနာပွားလို့ ပထမစျာန်ရသွားတာတော့ အမှန်ပါပဲ။
ဒီဝတ္ထုလေးကိုထောက်ပြီး အိမ်သာတက်ရင်းလည်း တရားရနိုင်တယ်ဆိုတာ သာဓကယူရမှာပါ။

မြတ်စွာဘုရားက တင့်တယ်တဲ့အမူအရာတွေမှာသာ တရားအားထုတ်ခိုင်းထားတာ မဟုတ်ပါဘူး၊ မတင့်တယ်တဲ့ အမူအရာတွေဖြစ်တဲ့ ကျင်ကြီးကျင်ငယ်စွန့်တဲ့ နေရာတွေမှာလည်း မှတ်ခိုင်းထားတာပါ။

မဟာသတိပဋ္ဌာနသုတ်မှာလည်း ''ဥစ္စာရ ပဿ ာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ - ကျင်ကြီးကျင်ငယ်စွန့်တဲ့ အခါမှာလည်း အမှတ်သတိနဲ့စွန့်ပါ''လို့ သေချာဟောပြထားပါတယ်။ အိမ်သာကတော့ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် တော့ လူတိုင်းတက်နေရတာပါ။

တရားအားထုတ်တယ်ဆိုတာကလည်း တစ်ယောက်တည်း အားထုတ်တာ အကောင်းဆုံးပါ။ အများနဲ့လုပ်တဲ့ အလုပ်တွေမှာသာ တရားမှတ်ရတာ ခက်ချင်ခက်နေတာပါ၊ အိမ်သာတက်ရတာလည်း အများနဲ့တက်ရတာ မဟုတ်ပါဘူး၊ တစ်ယောက်တည်းပဲ တက်ရတာပါ။ ဒီတော့ မှတ်မယ်ဆို ပိုလို့တောင် အဆင်ပြေပါသေးတယ်။ တကယ်ဆို တရား အားထုတ်ဖို့ အချိန်မရဘူးလို့ ပြောပြောနေတဲ့သူတွေအတွက် ပိုတောင်အဆင်ပြေပါသေးတယ်။

ဒီတော့ အိမ်သာသွားတော့မယ်ဆိုရင် စိတ်ကို ခြေထောက်ကိုပို့လိုက်ပါ။ မျက်လုံးကိုတော့ လေးတောင်ပဲ ကြည့်ပါ။ ''ဘယ်လှမ်းတယ် ညာလှမ်းတယ်''က စမှတ်သွားပါ။ ''ဘယ်လှမ်းတယ် ညာလှမ်းတယ်''မှတ်တဲ့အခါ ခြေထောက် ပုံသဏ္ဌာန် ဒြပ်ကိုတော့ ခွာနိုင်သမျှခွာပြီး ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သတိကပ် မှတ်ရမှာပါ။ ခြေထောက် ပုံသဏ္ဌာန်ဒြပ်ဆိုတာ ပညတ်ပါပဲ၊ ဝိပဿ နာရှု ဖို့ရာ မဟုတ်ပါဘူး။ ရွေ့ရွေ့သွားတဲ့ သဘောလေးကတော့ ပရမတ်ပါ။ အဲဒီ ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သိနိုင်သမျှသိအောင် ကျိုးစားရမှာပါ။

အိမ်သာနားရောက်တဲ့အခါ တံခါးဖွင့်တော့ 'ဖွင့်တယ်'၊ အိမ်သာတံခါးကို ပြန်ပိတ်တော့ 'ပိတ်တယ်'၊ ကမုတ်ဆီသွားတော့'သွားတယ်'၊ လုံချည်ပင့်တော့ 'ပင့်တယ်'၊ ထိုင်ချင်တော့ 'ထိုင်ချင်တယ်'၊ ထိုင်တော့ 'ထိုင်တယ်'၊ တင်ပါးနဲ့ ကမုတ်နဲ့ထိတော့ 'ထိတယ်'၊ စွန့်ချင်တော့ 'စွန့်ချင်တယ်'၊ စွန့်တော့ 'စွန့်တယ်'လို့ မှတ်ရပါတယ်။
''စွန့်တယ် စွန့်တယ်''လို့ မှတ်တဲ့နေရာမှာလည်း ပကတိတည်နေရာက အောက်ကိုရွေ့ကျသွားတာကိုပဲ မြန်မာ ဝေါဟာရအားဖြင့် ''စွန့်တယ် စွန့်တယ်'' လို့ ခေါ်ရတာပါပဲ။

စွန့်နေတုန်းမှာ နာတာ ကျင်တာ အောင့်တာတွေ ခံစားရရင် ''နာတယ် ကျင်တယ် အောင့်တယ်'' လို့ မှတ်သွားရမှာပါ။
ဝိပဿ နာရဲ့သဘောက ရုပ်ထင်ရှားရင် ရုပ်ကိုရှုရပါတယ်။ နာမ်ထင်ရှားရင် နာမ်ကိုရှုရပါတယ်။ ဖြစ်နေဆဲ ရုပ်နာမ်ကို ဖြစ်နေဆဲ ပကတိအခြေအနေအတိုင်း သိအောင်ရှုတာ ဝိပဿ နာရှုတာပါပဲ။

လှမ်းတဲ့သဘောနဲ့ မှတ်သိစိတ်၊ တံခါးကိုဖွင့်တဲ့သဘောနဲ့ မှတ်သိစိတ်၊ တံခါးကို ပြန်ပိတ်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ကမုတ်ဆီသွားတဲ့သဘောနဲ့ မှတ်သိစိတ်၊ လုံချည်ပင့်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ထိုင်ချင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ထိုင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ကမုတ်နဲ့တင်ပါးနဲ့ထိတဲ့သဘောနဲ့ မှတ်သိစိတ်၊ စွန့်ချင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ စွန့်တဲ့သဘောနဲ့ မှတ်သိစိတ်၊ နာတဲ့ကျင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ အဲဒီလို အတွဲလိုက် အတွဲလိုက် တသားတည်းကျနေအောင် မှတ်ရပါမယ်။

အိမ်သာတက်ရင်း တရားမှတ်နေရင် သတိပဋ္ဌာန်ကုသိုလ် (၃) မျိုး ရနေတာပါ။ စွန့်ချင်တယ် စွန့်ချင်တယ်လို့ မှတ်တာက စွန့်ချင်တဲ့စိတ်ကို မှတ်ရတာဖြစ်တဲ့အတွက် စိတ္တာနုပဿ နာသတိပဋ္ဌာန်ကုသိုလ်အနေနဲ့ ရနေတာပါ။

စွန့်တယ် စွန့်တယ်လို့ မှတ်ရတာက ကိုယ်ကာယကို မှတ်ရတာဖြစ်တဲ့အတွက် ကာယာနုပဿနာ သတိပဋ္ဌာန် ကုသိုလ်အနေနဲ့ ရနေတာပါ။

နာတယ် ကျင်တယ် အောင့်တယ်လို့ မှတ်တာကျတော့ ဝေဒနာကိုမှတ်ရတာဖြစ်တဲ့အတွက် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကုသိုလ်အနေနဲ့ ရနေတာပါ။

အိမ်သာတစ်ခါတက်ရင် သတိပဋ္ဌာန်ကုသိုလ် (၃) မျိုးရနေတာပါ။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်မယ် ဆိုရင်လည်း အမှတ်တွေအများကြီးဆိုတော့ ကုသိုလ်တွေ အများကြီးရနေတာပါ။ ဒါဆို အိမ်သာတက်ရင်း တရား အားထုတ်နေတာပါပဲ။

''စိတ်ပါရင် အိပ်ရာဟာလည်း ရိပ်သာပါပဲ'' ဆိုတဲ့အတိုင်း အိမ်သာကိုလည်း ရိပ်သာလို့ စိတ်ထဲမှာ နှလုံးသွင်းထားရပါမယ်။ ဒါဆို အိမ်သာဟာ ကိုယ့်အတွက် ရိပ်သာလေးတစ်ခုပါပဲ။
သိပ်တော့မခက်လှပါဘူး၊ ဒါပေမဲ့ အလေ့အကျင့်မရှိရင်တော့ မလွယ်ပါဘူး။ အိမ်သာတက်ရင်း တရားအား ထုတ်တတ်တဲ့အလေ့အကျင့်ကို တော်တော်လေး အချိန်ကြာကြာလေ့ကျင့်ထားပါမှ အဆင်ပြေမယ့်သဘော ရှိပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် အစမှာတော့ ခက်ကြတာပါပဲ။ အလေ့အကျင့်ရသွားရင်တော့ မခက်တော့ပါဘူး။
အလေ့အကျင့်လုပ်တဲ့အခါ ''တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ၊ တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ'' ဆိုပြီး ပျော်ပျော် ကြီး တက်ရမှာပါ။

တချို့ကျတော့လည်း အိမ်သာတက်ရင်း စာဖတ်တတ်ကြပါတယ်။ စာပေမြတ်နိုးတဲ့ဘက်က ကြည့်ရင်တော့ ကောင်းတာပါပဲ။ ဒါကို ဦးဇင်းအရှင်ဆန္ဒာဓိကကိုပြောပြတော့“''ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ မကောင်းပါဘူး၊ ကြာကြာထိုင်ရတဲ့အတွက် တခြားဆိုးကျိုးရောဂါတွေ ဖြစ်လာနိုင်တယ်'' လို့ ပြောပါတယ်။

ဟုတ်တော့လည်းဟုတ်ပါတယ်၊ စာထဲမှာစိတ်ရောက်နေတဲ့အတွက် အိမ်သာတက်တာလည်း တော်တော်နဲ့ မပြီးတော့ပါဘူး။ တခါတလေ ဖတ်နေတဲ့စာက မပြီးသေးရင် ''ဒါလေးတော့ပြီးအောင် ဖတ်လိုက်ပါဦးမယ်လေ'' ဆိုပြီး အချိန်က ကြာလို့ကြာမှန်းလည်း မသိတော့ပါဘူး။

စာရေးဆရာကြီး သာဓုကတော့ အိမ်သာတက်ရင် သတင်းစာရော ရေနွေးအိုးရော ယူသွားပြီး သတင်းစာဖတ်ရင်း ရေနွေးသောက်ရင်းအိမ်သာတက်လေ့ရှိပါသတဲ့။ သတင်းစာဖတ်တာရောရေနွေးသောက်တာရောဆိုတော့ အိမ်သာထဲမှာ အချိန်အတော်ကြာကြာ ရှိနေမှာတော့ အမှန်ပါပဲ။

တချို့ကျတော့ အိမ်သာတက်ရင်း ဆေးလိပ်သောက်တတ်ကြတာပါ။ ဒါကတော့ လုံးဝကို မလုပ်သင့်တဲ့ကိစ္စပါ။ အိမ်သာတက်ရင်း ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေက အိမ်သာထဲမှာ စွဲကျန်နေရစ်တာပါ။ ဆေးလိပ်သောက်သွားတဲ့သူ အိမ်သာတက်ပြီးရင် နောက်တက်တဲ့လူအတွက် အတော်ဒုက္ခရောက်ရတော့တာပါ။ ဆေးလိပ်မသောက်တတ်တဲ့သူတွေ အတွက်ဆို ပိုတောင်ဒုက္ခရောက်ရပါသေးတယ်။

နှာခေါင်းပိတ်တက်ဖို့ကျတော့လည်းခဏအပေါ့စွန့်တယ်ဆို တော်ပါ သေးရဲ့။ ဆေးလိပ်နံ့တွေ လှိုင်နေတဲ့အိမ်သာထဲမှာ နောက်လူအတွက် ဒုက္ခရောက်ရတဲ့ကိစ္စပါ။ အိမ်သာတက်ရင်း ဆေးလိပ် သောက်တာကိုတော့ လူ့ယဉ်ကျေးမှုအရရော လောကစောင့်စည်းမှုအရကော နောက်လူကိုငဲ့ပြီး အထူးကို ရှောင်ကြဉ် ရပါမယ်။

တကယ်တော့ ဆေးလိပ်သောက် အိမ်သာတက်တဲ့သူဟာ နောက်တက်တဲ့သူကို ဒုုက္ခဆိုးဆိုးကြီးကို ထားခဲ့တာပါ။ ဒီတော့ နောက်တက်တဲ့သူက ရှေ့လူကို မေတ္တာကောင်းကောင်းပို့ပေးမှာတော့ သေချာပါတယ်။

တချို့ကျပြန်တော့လည်း အိမ်သာတက်ပြီးတာနဲ့ ဆပ်ပြာရည်နဲ့အိမ်သာကို သေချာဆေးတော့တာပါ။ ရေစို နေတဲ့နေရာတွေကိုလည်း တစ်ရှူ းနဲ့သုတ် အမွှေးနံ့သာရှိရင် အမွှေးနံ့သာဖြန်းနဲ့ တကယ့်ကို ဆေးကြောသန့်ရှင်းရေး လုပ်ပေးခဲ့တာပါ။ နောက်လူက သန့်သန့်ရှင်းရှင်းလေး တက်ရုံပါပဲ။ အိမ်သာသန့်သန့်ရှင်းရှင်းလေး တက်လိုက်ရတာဟာ ဘယ်လောက်အရသာရှိတယ်ဆိုတာ အိမ်သာတက်ဖူးသူတိုင်း သိပါတယ်။

ငယ်ငယ်က ဆရာသမားတွေက အိမ်သာဆေးရင် ရုပ်လှတယ်ဆိုလို့ အချိန်တော်တော်ကြာကြာ ဆေးခဲ့ဖူးပါတယ်။ ရုပ်ကတော့ နောက်ဘဝကျမှပဲ လှတော့မယ်ထင်ပါတယ်။
ပစ္စုပ္ပန်အကြောင်းအကျ ုိ းတွဟာ အတိတ်အကြောင်းအကျ ုိ းတွနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုပါပဲ ပစ္စုပ္ပန် အကြောင်းအကျိုးတွေဟာလည်း အနာဂတ်အကြောင်းအကျိုးတွေနဲ့ ဆက်စပ်နေရဦးမှာပါ။

ဒီဘဝမှာ အိမ်သာတက်ရင်း တရားအားထုတ်ခဲ့ရင် အထုံဝါသနာဓာတ်တွေအရ နောက်ဘဝ နောက်ဘဝတွေမှာလည်း အိမ်သာတက်ရင်း တရားအားထုတ်ဖြစ်နေဦးမှာပါ။ အထုံဆိုတာ လိုက်တတ်တဲ့သဘောရှိပါတယ်။ အလေ့အကျင့်ရသွားတဲ့အခါ အိမ်သာဟာ ကိုယ့်အတွက် ပါရမီဖြည့်ရာဌာနတစ်ခု ဖြစ်နေတော့မှာပါ။ ပါရမီဖြည့်ရင်း ဖြည့်ရင်းနဲ့ ပါရမီတွေ ပြည့်လာတဲ့ တစ်နေ့မှာတော့ တရားထူးတရားမြတ်တွေ ရသွားနိုင်ပါတယ်။ အိမ်သာတက်ရင်း အရဟတ္တဖိုလ် မရဘူးလို့ မပြောနိုင်ပါဘူး။

အရဟတ္တဖိုလ်ဆိုတာဣရိယာပုထ်လေးပါးလုံး ရနိုင်ပါတယ်။ ကိုယ်က ဘယ်ဣရိယာပုထ်နဲ့တရားထူးရသွားမယ်ဆိုတာလည်း မသိနိုင်ပါဘူး။

တရားအားထုတ်ဖို့ အချိန်မရဘူးလို့ ပြောပြောနေကြတဲ့သူတွေအတွက် တော်တော်အဆင်ပြေတဲ့နည်းပါ။ ဒါပေမဲ့ အလေ့အကျင့်တော့ တော်တော်လေး လုပ်ယူရမယ့်အနေအထားရှိပါတယ်။
တတ်နိုင်ရင် ကိုယ့်အိမ် အိမ်သာတံခါးထိပ်မှာ ''ရိပ်သာ'' ဆိုတဲ့ စာသားလေးတောင် ရေးထားဖို့ကောင်းပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ရဲ့ကမ္မဋ္ဌာန်းရိပ်သာလေးလို့ နှလုံးသွင်းထားနိုင်ရပါမယ်။

တကယ်တော့ မြတ်စွာဘုရားရှင်ဟာ ဝိပဿ နာရားအားထုတ်တာကို အိမ်သာထဲအထိ အားထုတ်ခိုင်းထားတာပါ။ နောက်ဆုံး ရာနှုန်းပြည့်မမှတ်နိုင်ဦးတော့ တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ၊ တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ ဆိုပြီး မှတ်ချက်အရေအတွက် ရသလောက်တော့ ရအောင်မှတ်ကြရမှာပါ။

ဘာပဲပြောပြော အိမ်သာကတော့ တစ်နေ့ နှစ်ကြိမ် သုံးကြိမ်တော့ တက်နေကြရတာပါပဲ။ အိမ်သာတက်ခိုက် လေးမှာ အခွင့်အရေးတစ်ခုအနေနဲ့ စွမ်းနိုင်သလောက် မှတ်ဖြစ်လိုက်ဖို့ပါပဲလေ။

ရဝေနွယ် (အင်းမ)

ကျမ်းကိုး
၁။ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များ
၂။ ချမ်းမြေ့ရိပ်သာ ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များ