စိတ်ကိုဝိပဿနာအာရုံနဲ့လေ့ကျင့်ပုံက တစ်မျိုး၊ ၀ိပဿနာအာရုံနဲ့ လေ့ကျင့်မယ်ဆိုရင် ရုပ်နာမ်ဓမ္မ
သင်္ခါရတွေအပေါ်မှာ စိတ်ကိုလေ့ကျင့်ရတယ်။ လေ့ကျင့်ပြီဆိုတဲ့အခါမှာ မျက်စိလည်းမှိတ်ထားရမယ်။
နားလည်းပိတ်ထားရမယ်။ ပိတ်တယ်ဆိုတာ အဲဒီအာရုံတွေကို အာရုံ မပြုရဘူး။ ၀ိပဿနာကျင့်စဉ်ဆိုတာ
မနောဒွါရမှာပိုပြီးတော့ အလုပ်လုပ်ရတယ်။

သို့သော်ဒွါရ ၅ပါးက ဝင်လာတဲ့အာရုံကို မမှတ်ရဘူးလို့ပြောတာ မဟုတ်ဘူးနော်။ မျက်စိကမြင်တဲ့အာရုံလည်း
မှတ်လို့ရတယ်။ ဒါကရှေ့ပိုင်းကလုပ်တာတွေပြောတာ။ နားက ကြားတဲ့အသံတွေကိုလည်း မှတ်ရမယ်။ ကြားရင်
ကြားတယ် ကြားတယ်မှတ်။ မြင်ရင် မြင်တယ်မြင်တယ် မှတ်။ အဲဒီ မှတ်ဆိုတာ သတိသမ္ပဇဉ်ညကို လေ့ကျင့်နေ
တာလို့ခေါ်တယ်။ အဲဒါဆိုရင် လူတွေက ကြားရင် ကြားတော့ကြားလိုက်တာပဲ။ တခြားတွေးချင်တွေးနေမှာပဲ
လေ။ ကြားတယ်ဆိုတဲ့အပေါ်မှာ သိချင်မှသိလိုက်တာ။ ဒါကြောင့် သတိမမူဂူမမြင်ဆိုတာလေ။ လူဆိုတာက
ကြားချင်မှ ကြားလိုက်တာ။ တစ်ခါတစ်လေ အနီးနား ခေါင်းလောင်းတီးတာတောင်မှ ကြားချင်မှကြားလိုက်
တာ။ အတွေးလွန်နေရင် မကြားဘူး။

အဲဒါကြောင့်မို့ ဒွါရ ၆ပါးမှာ ထင်လာတဲ့ အာရုံတွေကို မှတ်ရင်း မှတ်ရင်းနဲ့နောက်ဆုံးကျတော့ မနောဒွါရမှာ
ဝင်လာတဲ့ အာရုံနဲ့အလုပ်လုပ်သွားတယ်။ အလုပ်လုပ်သွားတဲ့အခါမှာ ရုပ်နာမ်ဓမ္မသင်္ခါရတွေရဲ့ သဘာဝ
လက္ခဏာ (Individual characteristic) ကိုကြည့်ရမယ်။

နံပါတ်(၁) ရုပ်တရားရဲ့ သဘာဝလက္ခဏာ၊ နာမ်တရားရဲ့သဘာဝ လက္ခဏာ၊ ပင်ကိုယ်အရှိအတိုင်း ဆိုပါစို့၊
ဖဿဆိုရင် အာရုံနဲ့ထိတွေ့တဲ့လက္ခဏာ ရှိတယ်။ ပထဝီဆိုရင် မာတယ် ပျော့တယ်။ အာပေါ ဆိုရင်
ဖွဲ့စည်းတယ် အရည်ဖျော်တယ်ဆိုတဲ့ ဒီလက္ခဏာတွေ။ အဲဒီလက္ခဏာတွေကိုကြည့်တယ်။

သဘာဝလက္ခဏာကို ကြည့်လိုက်ခြင်းအားဖြင့် ပထဝီကိုလည်းတွေ့တယ်။ အာပေါကိုလည်း တွေ့တယ်။
ဖဿကိုလည်း တွေ့တယ်။ နာမ်တွေထဲက ဝေဒနာကိုလည်း တွေ့ပြီဆိုတဲ့အခါမှာ အဲဒီသဘာဝ လက္ခဏာတွေ
အပေါ်မှာ အလုပ် လုပ်ရင်း ထပ်ဆင့်တွေ့လာတာက ဘာတုန်းဆိုရင် မမြဲတဲ့သဘော၊ မမြဲတဲ့သဘောကိုအရင်
တွေ့လာပြီဆိုလို့ရှိရင် မမြဲတဲ့အရာတစ်ခုသည် ကျေနပ်စရာမကောင်းသောကြောင့် ဖြစ်မှု ပျက်မှုကြီးက အမြဲ
နှိပ်စက်နေလို့ ဒုက္ခဆိုတဲ့ သဘောကို တွေ့လာတယ်။ ဒုက္ခဆိုတဲ့သဘော တွေ့လိုက်တာနဲ့တပြိုင်နက် အနတ္တ
ကိုယ်မပိုင်ဘူး။ သူ့ဟာသူဖြစ်နေတာ ကိုယ်က အုပ်ချုပ်လို့ မရဘူးဆိုတဲ့ ကိုယ်မပိုင်တဲ့ အနတ္တသဘောကို
လည်းတွေ့လာတယ်။

အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာတွေတစ်ခုခု မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ၀ိပဿနာလမ်းကြောင်းပေါ်
စတင်ရောက်သွားပြီလို့ မှတ်ရမယ်။ ဒါလည်းစိတ်ကိုအာရုံနဲ့လေ့ကျင့်တာပဲ။ ၀ိပဿနာကျင့်စဉ်နဲ့ စိတ်ကို
အာရုံနဲ့လေ့ကျင့်တာ။ အကျယ်တော့မပြောတော့ဘူး။ အကျယ်ကတော့ ရိပ်သာတွေမှာ ဟောနေတာပဲနော်။

အဲဒီလိုစိတ်ကို အာရုံနဲ့လေ့ကျင့်ပေးလိုက်တဲ့အခါ ဉာဏ်စဉ်တွေဟာ တစ်ခုပြီးတစ်ခု တက်လာတယ်။
အသိဉာဏ်တွေထက်မြက်လာတယ်။ သမာဓိစွမ်းအားတွေ ရင့်လာတယ်။ နောက်ဆုံးကျတော့
သင်္ခါရတွေအပေါ်မှာ စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ပြီး ချစ်ခြင်း မုန်းခြင်းဆိုတာ ကင်းသွားတယ်။ အဆင့်မြင့်
သွားတဲ့ အသိဉာဏ်တစ်မျိုးဖြစ်တဲ့ သင်္ခါရုပေက္ခာဆိုတဲ့ ဉာဏ်ရသွားတယ်။ သင်္ခါရုပေက္ခာဆိုတာ
သင်္ခါရတွေအပေါ်မှာ လျစ်လျူရှုနိုင်တယ်။ သင်္ခါရတွေအပေါ်မှာစိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ မုန်းခြင်း၊
ချစ်ခြင်းဆိုတာတွေမရှိတော့ဘဲ သဘာဝကိုသိပြီး စိတ်တည်ငြိမ်မှုတွေရလာပြီဆိုရင် စိတ်အစဉ်ကလေးက
နောက်ဆုံးအဆင့်ရောက်လာပြီဆိုလို့ရှိရင် ၀ိပဿနာကျင့်စဉ်နဲ့စိတ်ကို လေ့ကျင့်လိုက်ရင် နောက်ဆုံးရောက်လာ
မယ့်ဟာက ခုနက ပြင်ဆင်နေတဲ့ ပရိကံဆိုတဲ့ မဟာကုသိုလ်ဉာဏသမ္ပယုတ်ဇောစောမယ်။ ဒုတိယဇောက
ဥပစာ၊ တတိယ ဇောက အနုလုံ၊ စတုတ္ထဇောကျတော့ ဂေါတြဘူဆိုတာလေးလာလိုက်ပြီ ဆိုလို့ရှိရင်
ဂေါတြဘူလို့ဆိုလိုက်တာနဲ့တစ်ပြိုင်နက် သင်္ခါရတွေမမြင်တော့ဘူး။ ချုပ်သွားပြီ။ သူယူလာတဲ့အာရုံတွေဟာ
ရှေ့ပိုင်းကသင်္ခါရတွေနဲ့ပဲစခန်းသွားနေတယ်။ လူ့ရဲ့စိတ်ဟာ အကုန်လုံးသင်္ခါရတွေနဲ့ပဲ စခန်းသွားနေတာ။

အေး ဂေါတြဘူရောက်တာနဲ့တပြိုင်နက် သင်္ခါရတွေနဲ့စခန်းမသွားတော့ဘူး။ သင်္ခါရတွေငြိမ်းသွားတာ
သွားတွေ့တယ်။ သင်္ခါရဆိုတဲ့အာရုံတွေလွတ်သွားပြီတဲ့။ လွတ်သွားတော့ နိဗ္ဗာန်ဆိုတဲ့သင်္ခါရတွေ
လွတ်ကင်းတဲ့အာရုံတစ်ခု၊ အသစ်အဆန်းတစ်ခုကိုလှမ်းမြင်လိုက်ရပြီ။ အဲဒီဂေါတြဘူစိတ်ဖြစ်ပြီးတာနဲ့တပြိုင်နက်
ဂေါတြဘူကသတ်မှတ်ထားတဲ့ နိဗ္ဗာန်အပေါ်မှာ မဂ်စိတ်ကလေးကဖြစ်လိုက်တယ်။

လူ့ရဲ့သန္တာန်မှာ ဘဝသံသရာကအနုသယဓါတ်အနေနဲ့ကိန်းနေတဲ့ ကိလေသာတွေဟာ အဆင့်ဆင့်
ငြိမ်းသွားတယ်။ သောတာပတ္တိမဂ်ဆိုရင် ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာငြိမ်းသွားတယ်။

ဒါကြောင့်မို့လို့ စိတ်ဖြစ်စဉ်ဟာဒီအတိုင်းပဲ။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ သောတာပတ္တိမဂ်၊
သောတာပတ္တိဖိုလ်၊သောတာပတ္တိဖိုလ် နှစ်ကြိမ်ဖြစ်ပြီးတဲ့အခါမှာ ဇော ၇ ကြိမ်ပြည့်ရင် ချုပ်ငြိမ်းသွားတယ်။

နောက်တစ်ခါပြန်ဝင်စားမယ်ဆိုရင်မဂ်ဆိုတာ မလာတော့ဘူး။ ဖလသမာပတ်ဝင်စားရင် ဟောဒီ ၀ိပဿနာနဲ့ပဲ
သွားရမယ်။ ဒီဖိုလ်ကို ပြန်လိုချင်ပြီ။ ဒီအဆင့်ကိုပြန်ရောက်ချင်တယ်ဆိုရင် ၀ိပဿနာလမ်းကြောင်းကထပ်
လျှောက်၊ လျှောက်ရင် ပရိကံ၊ ဥပစာ၊ အနုလုံ ဂေါတြဘူ(သို့) ဝေါဒါန်ပြီးရင် ဖိုလ်ဖိုလ် ဟော ဖိုလ်စိတ်တွေချည်း
ပဲ တစ်နေ့လုံးနေနေတာ။ ဖိုလ်ဆိုတာနိဗ္ဗာန်ကိုအာရုံပြုတာ။

ပရိကံ၊ ဥပစာ၊ အနုလုံ ဆိုတဲ့စိတ်တွေကတော့ သင်္ခါရအာရုံနဲ့ဖြစ်တာ။ ဂေါတြဘူဝေါဒါန်က
သင်္ခါရချူပ်ငြိမ်းရာနိဗ္ဗာန်ကိုအာရုံယူပေးတယ်။ ဥပမာမယ်လမ်းကြောင်းကြီးတစ်ခုကိုလျှောက်လိုက်တာ
လမ်းဆုံးသွားတာနဲ့တစ်ပြိုင်နက် ဘာမှမရှိတော့တာတွေ့တာပဲ။ သင်္ခါရအာရုံတွေအပေါ်မှာလျှောက်လှမ်း
သွားရင်းနဲ့ သင်္ခါရတွေချုပ်ဆုံးသွားတဲ့နေရာကို လှမ်းတွေ့တာ။ အဲဒါနိဗ္ဗာန်ပဲ။ ခန့်မှန်း ပြောဆိုတာ ဟုတ်ကဲ့လား။

ဒါကြောင့်မို့လို့ သင်္ခါရာနံ အာပဝတ္တိမတ္တံ သင်္ခါရတွေမဖြစ်ဘဲနဲ့ သင်္ခါရတွေချုပ်ငြိမ်း သွားတဲ့နေရာက နိဗ္ဗာန်ပဲလို့
ဒီလိုပြောတာနော်။ ရှေ့ပိုင်းကစိတ်တွေအားလုံးဟာ သင်္ခါရအာရုံစခန်းသွားနေတာ။ သင်္ခါရတွေအပေါ်မှာ
တွေးနေတဲ့အတွေးတွေနဲ့သွားပြီး၊ နောက်ဆုံးအဲဒီသင်္ခါရအာရုံတွေဟာ တဖြည်းဖြည်းနဲ့လျော့လျော့သွားပြီး
တော့ နောက်ဆုံးသင်္ခါရအာရုံတွေပျောက်သွားတယ်။ သင်္ခါရမရှိတဲ့အာရုံတစ်ခုရသွားတယ်နော်။

အဲဒါဖိုလ်စိတ်တွေနဲ့တစ်နေကုန်နေရင်လည်း ဖိုလ်စိတ်တွေဖြစ်နေမှာပဲ ထိန်းထားနိုင်တယ်။ အဲဒါ
ဖလသမာပတ်ဝင်စားတာခေါ်တယ်။

အဲဒီအတိုင်းပဲ သောတာပန်ဖြစ်ပြီးရင် နောက် သကဒါဂါမ်ဖြစ်ဖို့အတွက် ၀ိပဿနာကျင့်စဉ်ကိုတိုးမြှင့်ရမယ်။
သကဒါဂါမ်ဖြစ်ပြီးရင် အနာဂါမ်ဖြစ်ချင်လို့ရှိရင် ၀ိပဿနာကျင့်စဉ်ကိုတိုးမြှင့် ကျင့်ရမယ်။ Level ချင်း degree
ချင်း မတူဘူး။ အနာဂါမ်ဖြစ်ပြီးရင်ရဟန္တာဖြစ်ဖို့အတွက်ဝိပဿနာစွမ်းအားကို တိုးမြှင့်ရမယ်။ တိုးမြှင့်တဲ့အခါမှာ
ရဟန္တာဖြစ်လောက်တဲ့ ၀ိပဿနာ စွမ်းအားတွေရလောက်ပြီဆိုလို့ရှိရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရောက်
ပြီး နောက်ဆုံးမှာ ရဟန္တာထိအောင် ရောက်သွားတယ်။

ဒါတွေဟာ စိတ်ကိုအာရုံနဲ့လေ့ကျင့်ခြင်းလို့ခေါ်တယ်နော်။ စိတ်ကိုလေ့ကျင့်လိုက်လို့ရှိရင် စျာန်လည်းရတယ်။
မဂ်လည်းရတယ်။ အဲဒီလိုလေ့ကျင့်ပြီးတော့စိတ်ကို အာရုံနဲ့လေ့ကျင့်သွားနိုင်မှသာလျှင် ဒါတွေရနိုင်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသ
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ