တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။

ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ
သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။

ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူ
ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံရောင်းချ တော့မယ်လို့ စိတ်ကူးနဲ့ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကိုထွက်လာခဲ့တယ်။

အဲဒီလိုခရီးထွက်လာရင်းလမ်းခုလတ်မှာ အမောအပန်းဖြေကာပါလာတဲ့ ထမင်းထုပ်ကိုစားမယ် ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း
ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက
ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခုတို့စားနေတဲ့ထမင်းထုပ်ကို ခွေးက
လေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။

ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့်ထမင်းထုပ်ကို ခွေးပိန်ကလေး ဝအောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံး
ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအဝခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။

ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲသွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့တာပဲ။
သဘောတူဝယ်မယ်ဆိုရင် တစ်ဘဝလုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။

အဲဒီအခါ သူငယ်ချင်းသူဋ္ဌေးကလည်း ဝမ်းသာအားရနဲ့ ရောင်းသမျှကုသိုလ်ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျာလို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။
အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ်
ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲအလေးသာနေတယ်။

ဒီလိုနဲ့တစ်ဘဝလုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာထည့်ထားတဲ့ ငွေသားကလည်းမဖြစ်စလောက် (၁)ပိဿာပဲရှိသတဲ့။
ဒါတောင် ကုသိုလ်ကမနိုင်ဘူးဖြစ်နေတယ်။

အဲဒီအခါမှာကုသိုလ်ဝယ်မယ့်သူဋ္ဌေးကလည်း ဟင် သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါဦးလို့ ပြောပြတယ်။ ဆင်းရဲသွားတဲ့သူဋ္ဌေးလည်း ခေါင်းကုတ်ပြီး စဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်ကပေါ်လာတယ်။ အဲဒါနဲ့သူဋ္ဌေးဆင်းရဲလည်း ဟာ သူငယ်ချင်း။ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့
ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါလို့ ဝမ်းသာအားရပြောပြတယ်။

အဲဒီအခါ ငတ်သေလုဆဲဆဲခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရအပြည့်အဝပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲ အလေးသာနေတယ်။ နောက်ဆုံးသူပိုင်သမျှဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေး
သာနေလေတော့ ကုသိုလ်ဝယ်တဲ့သူဋ္ဌေးက ကဲ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ။ ငါ့အတွက် ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်းတစ်ဝက်ကိုသာ ယူသွားပေ
တော့လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်ဝက်ဖိုး ဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေးလိုက်ပါတယ်။

ပြီးတော့ သူငယ်ချင်း နောက်ဆိုရင် သဘောပေါက် စေတနာရှိမှ လှူပါကွာ။ ဂုဏ်ပကာသနကို မမက်ပါနဲ့။ ပျော်ရုံသက်သက် ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသတဲ့။

ဒီပုံပြင်ကလေးဟာ နည်းနည်းဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘဝက လူသားတွေကိုတော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှုပြုတဲ့အခါ စေတနာ ဒါန၊ ဝတ္ထုဒါန နှစ်မျိုးမှာ စေတနာဒါနကပိုပြီးတော့ ပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံညောင်စေ့ကလေးလောက်လှူပြီးတော့ ညောင်ပင်ကြီးလောက် အကျိုးတွေရတာရှိသလို ညောင်ပင်ကြီး
လောက်လှူဒါန်းပြီး ညောင်စေ့ကလေးလောက်ပဲ အကျိုးတွေရတာလဲ ရှိတတ်ပါတယ်။ ကံအကျိုး ပေးနေရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်။

စေတနာကောင်းရင် ကံအကျိုးပေးလည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ
ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။

သဒ္ဓါတရားဆိုတာ ကံ ကံရဲ့အကျိုးပေးနဲ့ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေကို သိမြင်ယုံကြည် လက်ခံနိုင်တဲ့သဘောပါ။ သူကရှေးကကောင်းလို့ အခုကောင်းတယ်။ အခုကောင်း နောင်ကောင်းပါလိမ့်မယ်ဆိုတဲ့အကြောင်း အကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန်ပြပေးပါလိမ့်မယ်။

မေတ္တာတရားဆိုတာကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှားဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့
စိတ်အားပြည့်စေပါလိမ့်မယ်။

ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓါတ်ကို အလင်းရစေခြင်းပါပဲ။ သူကဒါနကုသိုလ်ရဲ့ဆန့်ကျင်ဘက် အညစ်အကြေးတွေဖြစ်တဲ့အရာရာမှာတက်မက်တွယ်တာလိုမှုလောဘနဲ့ကပ်စေးနှဲနှမျောတွန့်တိုမှု
မစ္ဆရိယတရားတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။

ဒါကြောင့်အလှူဒါနတစ်ခုပြုတဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ ပညာပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘဝသံသရာမှာ ကျင်လည်နေကြရပြီဆိုရင်
လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ မေတ္တာ၊ ပညာတရားတွေပြည့်ဝတဲ့ သဘာဝအလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၂ခုနှစ် ဇွန်လ။