မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။
သုမန
“အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..”
မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”
သုမန
“အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…”
မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”
သုမန
“အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..”
မြတ်ဗုဒ္ဓ
“သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘဝမှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…”
သုမန
“အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘဝမှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…”
မြတ်ဗုဒ္ဓ
“သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…”
ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။
ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား “အရှင်ဘုရား… အံ့သြဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” ဟု အားရဝမ်းသာ လျှောက်ထား၏။
ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။
“လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။
လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။
ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောကဝယ် နတ်ပြည်လောက၌ ဝမ်းမြောက်ရလေသတည်း..”
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမနဝဂ်၊ သုမနသုတ်ကို ကိုးကား၍ နားလည်လွယ်စေရန် ပြန်လည်ရေးသား တင်ပြပါသည်။)
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)