{တပည့်တော်ကဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ..။
ရဟန်းသံဃာများ ဆွမ်းခံစားရတဲ့အကြောင်းရင်းကိုမေးလာတဲ့အခါ အကိုးအကားနဲ့တိတိကျကျမသိလို့မဖြေနိုင်ဘူးဖြစ်နေပါတယ်ဘုရား။
ဘုရားရှင်၏ပညတ်ချက်တစ်ခုဆိုတာတော့သိပါတယ်ဘုရား။
တပည့်တော်ငယ်ငယ်ကအဘိုးလည်းပြောပြဖူးပါတယ်။
ဒါပေမယ့်သေချာတိကျတဲ့အဖြေကို ဘုန်းဘုန်းဆီမှာ ရနိုင်မယ်ထင်လို့ မေးမြန်းလျှောက်ထားလိုက်ပါတယ်..အရှင်ဘုရား ။}
....... ..... ....... ........
လူတွေရဲ့ပထမဦးစားပေးကိစ္စက ဝမ်းရေးပဲမို့ဒကာ။ လူတွေဟာဝမ်းရေးကြောင့်တရားတာတွေရော မတရားတာတွေရော ပြုလုပ်မိကြတယ်။ လူတစ်ရာမှာ ၈ဝလောက်ကတော့ ဝမ်းရေးကိုအကြောင်းပြုပြီး မကောင်းမှုတွေကိုပြုလုပ်တတ်ကြတယ်။ မနက်ဖြန်ခါအတွက် ဆန်အိုးထဲဆန်ရှိနေသေးလားလို့ကြောင့့်ကြမှုဖြစ်ရတယ်။ စိတ်ဆင်းရဲရတယ်။ဆန်စပါးတွေကိဲုကြောင့်ကြစိုက်ပြီး သိုမှီးသိမ်းဆည်းမှုတွေ ပြုလုပ်ကြရတယ်။ သိမ်းဆည်းထားတာရှိတဲ့သူတိုင်း ကြောင့်ကြမှုဖြစ်ရတယ်။ စိတ်ဆင်းရဲမှုဖြစ်ရတယ်။
သိုမှီးသိမ်းဆည်းထားတာ ဘာမှမရှိတဲ့သူက ကြောင့်ကြမှုမရှိတော့ဘူး။ သူခိုးကိုလည်းကြောက်စရာမလိုတော့ဘူး။ ဓားပြကိုလည်းကြောက်စရာမလိုတော့ဘူး။ ဒါကြောင့်ရဟန်းတော်တွေကို ကိုယ်တိုင်ချက်ပြုတ်မစားသောက်ရဘူးလို့ ဘုရားကပညတ်ချက်ထားခဲ့တာဖြစ်တယ်။
ချက်ပြုတ်မစားတဲ့အတွက် ဝမ်းရေးအတွက်ပူပန်မှုတွေသိပ်မရှိတော့ဘူး.။သိမ်းဆည်းနေစရာမလိုတော့ဘူး။ မနကိဖြန်အတွက် ဆန်အိုးထဲမှာ ဆန်ရှိသေးရဲ့လားဆိုတဲ့ ပူပန်မှုလည်းမရှိတော့ပါဘူး။ ထင်းရှာရခြင်း စတဲ့..စတဲ့ ဒုက္ခများလည်းကင်းလွတ်သွားပါတယ်။ ဆွမ်းခံစားရတဲ့အတွက် မာန်လည်းကျသွားပါတယ်။ ငါဘာကောင်ဆိုပြီးတော့ မာန်တက်လို့လည်းမရတော့ပါဘူး။
"ဥစ္စာစပါး၊ သိမ်းမထား၊ ရှေ့ဖျားသမဏ၊ မြတ်သုခ"ဆိုတဲ့ ရဟန်းတွေရဲ့ချမ်းသာခြင်းရှစ်ပါးထဲမှာ ဆွမ်းခံစားရတာက တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီထင်ပါတယ်။ နည်းနည်းလေးထပ်ရှင်းပြချင်ပါသေးတယ်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ်က ကောသလတိုင်းတဝှမ်းလုံးမှ အသက်အရွယ်ကြီးရင့်ကြတဲ့ပုဏ္ဏားသူဌေးကြီးတွေဟာ.."အခုခေတ်ပုဏ္ဏားတွေရဲ့အကျင့်သီလဟာ ရှေးခေတ်ကပုဏ္ဏားတွေရဲ့ ကျင့်စဉ်အတိုင်း ကျင့်နေကြတာပါလား"လို့ လာရောက်မေးမြန်းကြပါတယ်.။
ဘုရားရှင်က "မဟုတ်တော့ဘူးလို့"ပြန်လည်ဖြေကြားလိုက်ပါတယ်။ အဲဒီ့အခါ ပုဏ္ဏားတွေရဲ့တောင်းပန်လျှောက်ထားချက်ကြောင့် ရှေးခေတ်ပုဏ္ဏားတွေရဲ့ အကျင့်ကောင်းတွေကို ထုတ်ဖော်ဟောကြားပါတယ်။
"ရှေးခေတ်ကပုဏ္ဏားတွေဟာ သိမ်းပိုက်မှုဘာတစ်ခုမှ မရှိကြောင်း..။
ကိုယ်နှုတ်နှလုံးသုံးပါးလုံးစောင့်စည်းကြကြောင်း၊ ကာမဂုဏ်မှီဝဲမှုမပြုကြကြောင်း၊ ဗေဒင်ရွတ်ဖတ်ခြင်း၊ မေတ္တာပွားခြင်းစတဲ့ ကောင်းတာများကိုသာသိမ်းပိုက်မှုရှိကြောင်း၊ ထို့ကြောင့်လူတို့သည် ပုဏ္ဏားတို့ကိုလောင်းလှူရန် အိမ်ရှေ့၌ ဆွမ်းဦးကိုအမြဲချထားကြောင်း၊"စသဖြင့်ဟောကြားပြသပေးပါတယ်။
ဒါကိုထောက်ရှုခြင်းအားဖြင့် အမျိုးမြင့်မြတ်တယ်လို့ မာန်မာနခက်ထန်လှတဲ့ ပုဏ္ဏားတွေတောင်ဆွမ်းခံစားကြတယ်ဆိုတာ သိရပါတယ်။ ရသေ့တို့ ပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံစားတာကတော့ အများသိပြီးသားမို့ထူးပြီးပြောပြမနေတော့ပါဘူး။ သူတော်ကောင်းသူမြတ်လောင်းမှန်ရင်ဆွမ်းခံစားကြတာ သေချာပါတယ်။ ဆွမ်းခံစားတာဟာ သူတော်ကောင်းတွေရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာ ပါပဲ။
"သူရာသောက်ထုတ်၊ သေတင်းကုတ်၊ ပဏ္ဍုတ် ဘိက္ခုမ၊
ပျိုကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာမုဆိုးမ၊
ဤခြောက်အိမ်တွင် အကျွမ်းတဝင် ဆွမ်းလျှင်မခံရ"တဲ့။
ရဟန်းတော်တွေဟာ ဆွမ်းခံရာမှာလည်း ကျင့်ဝတ်နဲ့အညီ ဆွမ်းခံရပါတယ်။ ဖော်ပြခဲ့တဲ့လင်္ကာလေးရဲ့ ဆိုလိုရင်းက ရဟန်းတော်တွေဟာ အရက်ဆိုင်၊ အခြောက်အိမ်(မိန်းမကယောက်ျားစိတ်ပေါက်တာလည်းအကျုံးဝင်ပါတယ်)၊ ဘိက္ခုနီမကျောင်း(ယခုခေတ်သီလရှင်ကျောင်း).၊အပျိုကြီးအိမ်၊ ပြည့်တန်ဆာမအိမ်၊ မုဆိုးမအိ်မ်၊ (လင်သေလို့ပဲဖြစ်ဖြစ်၊ လင်နဲ့ကွဲနေလို့ပဲဖြစ်ဖြစ်) ဆိုတဲ့အိမ်ခြောက်အိမ်ကို ဆွမ်းခံမဝင်ရဘူးလို့ ပညတ်ခဲ့ပါတယ်။ လမ်းကိုထွက်လောင်းရင်တော့ ခံယူလို့ရပါတယ်။ ထိုင်အိမ်အဖြစ်သာမဝင်ကောင်းတာပါ။
နောက်ပြီးတော့ရဟန်းတော်တွေဟာ ကိုယ်ဆွမ်းခံနေတဲ့အိမ်က လူတွေကို ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း စတဲ့ အနေသန ၂၁ပါးကိုလည်းပြုလုပ်မပေးရပါဘူး။ ဒါတွေကိပြုလုပ်ပေးတဲ့ရဟန်းတွေကို "အမျိုးဖျက်ရဟန်းတွေ"လို့ ဘုရားရှင်က ဟောကြားတာ်မူခဲ့ပါတယ်။ဒီလိုရှောင်ကျဉ်စရာတွေရှောင်ပြိး တရားသဖြင့်ရလာတဲ့ဆွမ်းကိုမှ "ဓမ္မိယလာဘ်"လို့ခေါ်ပါတယ်။ ဓမ္မိယလာဘ် ကိုတောင်မှ ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးဆောင်ခွင့့်မပြုခဲ့ပါဘူး။ ပစ္စဝေက္ခဏာမဆင်ခြင်ပဲသုံးဆောင်ရင် အပြစ်ရှိပါတယ်။(ယခုခေတ် ဆွမ်းခံအိမ်ကို နှစ်လုံး၊ သုံးလုံးပေးနေသူများ ဆင်ခြင်နိုင်ကြပါစေ။)
ဒါ့ကြောင့်" အပြစ်ကင်းကွာ ဆွမ်းကိုရှာ ၊ ဤမှာသမဏ မြတ်သုခ"လို့ ကျေးဇူးတော်ရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက လင်္ကာစပ်ဆိုခဲ့တာပါ။ နောက်ပြီးတော့လောကမှာ တောင်းခြင်းနှစ်မျိုးရှိပါတယ်။
ယာစကာ(သူတောင်းစား)တို့၏တောင်းခြင်းနှင် အရိယာတို့၏တောင်းခြင်းပါ။
ယာစကာတို့၏တောင်းခြင်းကတော့ ပေးပါ၊ ကမ်းပါ ၊သနားပါနဲ့ လိုချင်တာကို ဟစ်အော်ပြောဆိုကာတောင်းခံကြပါတယ်။ အရိယာတို့ရဲ့တောင်းခြင်းဆိုတာ အရိယာအရှင်မြတ်တို့ဟာ အိမ်ပေါက်စေ့ရပ်တော်မူကြပါတယ်။ ဘာလိုချင်တယ်လို့ နှုတ်ကဖွင့်မပြောပါဘူး။ အိ်မ်ရှင်ကထွကြ်ပီး အရှင်ဘုရား ဘာအလိုရှိပါသလဲလို့ လျှောက်ထားမှ အလိုရှိရာကို ပြန်လည်မိန့်ကြားတာပါ။ အဲလိုမလျှောက်ပဲ တစ်ခုခုလောင်းရင်လဲ လောင်းတာယူပြီးထွက်သွားတာပါပဲ။ ချိုတယ်။ချဉ်တယ်။ဘာတစ်ခုမှမပြောပါဘူး။ လှူတာကိုယူပြီးပြန်သွားတာပါပဲ။
ယာစကာတို့နှင့် အရိယာတို့ရဲ့ တောင်းတာမှာ ကွားခြားချက်ကတော့ အဲ့ဒါပါပဲ။
နောက်တစ်ခုက" ရဟန်း တော်တွေဟာ ဆွေမျိုးမတော်ရင်၊ အလိုရှိတာကို လာရောက်အလှူခံပါလို့ မလျှောက်ထားရင်၊ ဘယ်လောက်ပဲရင်းနှီးနေပါစေ။ ဘာလိုတယ်၊ လှူပါလို့ အလှူမခံကောင်းပါဘူး။
လက်ကြောမတင်းလို့၊ လုပ်မစားချင်လို့ ဆွမ်းခံစားကြတာမဟုတ်ပါဘူး။
ဆင်းရဲဒုက္ခတွေ အတော်များများကင်းကွာသွားလို့ မာန်မာနကိုကျသွားစေလို့ ဆွမ်းခံစားကြရတာပါ။
အရှင်ခေမာနန္ဒ
ဓမ္မပျိုးခင်း..
±±±±±±±±±±±±±±±±±±±±±±
#ကောင်းကျိူးလိုရာပြည့်ကြပါစေ