မြတ်စွာဘုရားရှင်များပွင့်တော်မူပုံ

" လူတို့သက်တမ်း (၁၀)နှစ်တမ်းမှ အသချေင်္ယျတမ်း "တက်ကပ်"မှာ ဘုရားရှင်တို့ ပွင့်ရိုးထုံးစံမရှိချေ။ အသချေင်္ယျတမ်းမှ ၁ဝနှစ် တမ်းထိ "ဆုတ်ကပ်"မှာသာ ဘုရားရှင်တို့ ပွင့်ရိုး ထုံးစံရှိခဲ့၏။ တစ်ဖန် မြတ်စွာဘုရားရှင်တို့ မည်သည် အနှစ် (၁)သိန်းတမ်းအထက်မှာ ပွင့်ရိုးထုံးစံ မရှိခဲ့ပေ။

အနှစ် (၁၀၀)တမ်းအောက် မှာလည်း ပွင့်တော်မမူနိုင်ပေ။ (၄)အသချေင်္နှင့် ကမ္ဘတစ်သိန်းအတွင်း ပွင့်တော်မူခဲ့သော ဘုရားရှင်ပေါင်း (၂၈)ဆူအနက် (၁)သိန်းတမ်းမှာ (၁၀)ဆူနှင့် (၉)သောင်းတမ်းမှာ (၁၀)ဆူပွင့်တော်မူခဲ့၏။ တခြား (၇)ဆူအနက် (၆)သောင်းတမ်းမှာ (၂)ဆူ။ ၈၊ ၇၊ ၄၊ ၃၊ ၂သောင်း တမ်းများမှာ (၁)ဆူစီပွင့်တော်မူခဲ့၏။ ထို(၂၈)ဆူ အနက် အနှစ်(၁၀၀)တမ်းမှာကား ကျွနု်ပ်တို့၏ ဂေါတမမြတ်စွာဘုရားရှင် (၁)ဆူတည်းသာ ပွင့်တော်မူခဲ့၏။

ယခုဘဒ္ဒကမ္ဘာမှာ ကကုသန် မြတ်စွာ ဘုရားရှင်သည် အနှစ်(၄)သောင်းတမ်း၊ ကောဏာဂုံ မြတ်စွာဘုရားရှင်သည် အနှစ်(၃) သောင်းတမ်း၊ ကဿပမြတ်စွာဘုရားရှင် သည် အနှစ်(၂)သောင်းတမ်းမှာ ပွင့်တော်မူခဲ့ကြ၏။ ကျွန်ုပ်တို့၏ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်မှာကား အနှစ်(၁)သောင်းတမ်းမှာ ပွင့်တော် မူရမည့် အစား အနှစ်(၁၀၀)တမ်း မှာသာ ပွင့်တော်မူခဲ့၏ အကြောင်းမှာ အနှစ်(၁)သောင်းတမ်းမှ (၁၀၁)နှစ် တမ်းအထိ ပါရမီဖြည့်ကျင့်နေရဆဲ ဖြစ်နေ၍ အနှစ် (၁၀၀)တမ်း ရောက်မှသာ ဘုရားပွင့်တော်မူခဲ့ရခြင်း ဖြစ်ကြောင်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ၏ မဟာဗုဒ္ဓဝင်ကျမ်းကြီးမှာ အကျယ်တဝံ့ ရှင်းပြထား၏။

အနှစ်(၁)သိန်းတမ်း၊ (၉)သောင်းတမ်း ကဲ့သို့ နှစ်များသောတချို့ သက်တမ်းမှာ ပွင့်တော်မူ ခဲ့သည့် ဘုရားရှင်တို့သည် ပရိနိဗ္ဗာန် ပြုပြီးလျှင် သာသနာတော် မချန်ရစ်ခဲ့ပေ။ ဂေါတမမြတ်စွာ ဘုရားရှင်မှာကား အနှစ်(၁၀၀)တမ်းမှာ ပွင့်တော် မူခဲ့ခြင်းကြောင့် ဗုဒ္ဓသာသနာတော်နှစ်(၅၀၀၀) (မက) ချန်ထားခဲ့၏။ ယခုခေတ် ကျွန်တော်တို့ (၇၅)နှစ်ဝန်းကျင်ခန့် သက်တမ်းမှာ မြတ်စွာ ဘုရားရှင်၏ သာသနာတော်၊ သားတော် သံဃာတော်များ ကျန်ရှိနေခြင်းသည်။

ကျွတ်တမ်းဝင်ရန် ပုဂ္ဂိုလ်များ ကျန်ရှိနေခြင်း ကြောင့်ဖြစ်သည်။ "ဗုဒ္ဓနှစ် ၂၆၀၀ ပြည့် ရောက်တော့မည်" အကယ်၍သာ ဂေါတမမြတ်စွာ ဘုရားရှင်သည် အနှစ် ၁၀၀၀၀ (တစ်သောင်း) တမ်း မှာပွင့်တော်မူခဲ့ပါက ၇၅နှစ် ဝန်းကျင်ခန့် သက်တမ်းရှိ ကျွန်တော်တို့သည် ကျွတ်တမ်းဝင်ရန် အကြောင်း မရှိတော့ပေ။ ယခု သာသနာတော် တဝက်ကျော် နေပြီဖြစ်၏။

ဗုဒ္ဓသာသနာတော်နှစ် ဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာမှာ ပထမ သင်္ဂါယနာတင်ခဲ့ကြသော ရှင်မဟာ ကဿပ၊ အရှင်အာနန္ဒာ ... အစရှိသော ရဟန္တာကြီးများနှင့် အဇာတသတ်ဘုရင်မင်းမြတ်တို့ ညှိနှိုင်းကာ (၁) (၂) (၃) ... ဆိုပြီး ရေတွက် လာခဲ့သောနှစ် ဖြစ်သည်။ ယခု (၁၃၇၂)ခု ကဆုန် လပြည့်နေ့မှာ သာသနာတော်နှစ် (၂၅၅၃)နှစ် ကုန်ဆုံး၍ (၂၅၅၄)ခုသို့ စတင် ဝင်ရောက်လာပြီ ဖြစ်၏။

တစ်ဖန် (၁၃၇၃)ခု ကဆုန်လပြည့် (ခရစ်နှစ် ၂၀၁၁ခု၊ မေလ (၁၇)ရက်) မှာ သာသနာတော်နှစ် (၂၅၅၄) ကုန်ဆုံး၍ (၂၅၅၅)ခု သို့ စတင်ရောက်ရှိတော့မည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်ပွင့်တော်မူချိန်ကို နှစ်ဖြင့် တွက်ရလျှင် သာသနာတော်နှစ် (မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး) (၂၅၅၅)ခုနှစ်သို့ ဗုဒ္ဓသက်တော်ထင်ရှား တရားဟောချိန် (၄၅)၀ါ ထည့်၍ ပေါင်းရပါမည်။ ထို့ကြောင့် "မြတ်စွာ ဘုရားရှင်ပွင့်တော်မူချိန" သည် (၄၅ ၀ါ+ သာသနာနှစ် ၂၅၅၅)= "ဗုဒ္ဓနှစ် ၂၆ဝဝပြည့်" သို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။

"ရတနာ(၃)ပါးပေါ်ထွန်းချိန်" (၁၃၇၃)ခု ၀ါဆိုလပြည့် (ခရစ်နှစ် ၂၀၁ဝခု၊ ဇူလိုင်လတွင် မြတ်စွာ ဘုရားရှင်သည် ပÍ္စဝဂ္ဂီငါးဦးအားတရားဦး စတင် ဟောတော်မူချိန် (၂၆၀၀) ပြည့်မြောက်ကို စတင် ရောက်ရှိတော့မည် ဖြစ်သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီး (၂) လအကြာမှ တရားတော်နှင့် သံဃာတော် ပေါ်ထွန်းခဲ့ပေသည်။

ထိုအချိန် ရောက်မှသာ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးပေါ်ထွန်းတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် ရတနာ (၃) ပါးပေါ်ထွန်းတော်မူချိန်သည် ၁၃၇၃ ခု ၀ါဆိုလပြည့်ညနေမှာနှစ်ပေါင်း (၂၆၀၀) ပြည့် မြောက်တော့မည်ဖြစ်ပါသည်။ "သာသနာတော်နှစ်နှင့် ဗုဒ္ဓနှစ် ရာစုနှစ်၊ ထောင်စုနှစ်တို့မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြသည်" သာသနာတော်နှစ်ကို (၄၅)၀ါ ထည့်ပေါင်းပါက မြတ်စွာဘုရားရှင် ပွင့်တော်မူချိန် (အတိုကောက် "ဗုဒ္ဓနှစ်" ) ဖြစ်ရကြောင်း တင်ပြရခြင်းမှာ မြတ်စွာဘုရားရှင်၏ သာသနာတော် နှစ်နှင့် ဗုဒ္ဓနှစ် ရာစု၊ ထောင်စုနှစ် တို့မှာ ထူးထူး ခြားခြား ကျွတ်တမ်းဝင် ခဲ့ကြသည့် အထောက် အထားများ မြောက်မြားစွာ ရှိခဲ့သောကြောင့် ဖြစ်၏။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ် (၁၀၀)မှာ ဝေသာလီပြည်တွင် ရဟန္တာပေါင်း (၇၀၀)စုပေါင်းပြီး ဒုတိယ သင်္ဂါယနာ တင်ခဲ့ရာ ကျွတ်တမ်းဝင်ခဲ့ကြသူများ ကုဋေချီပြီး ရှိခဲ့၏။ သာသနာတော်နှစ် (၂၃၅)ခုမှာ ပါဋလိ ပုတ်ပြည် (ယခု ပတ္တနား)တွင် သီရိဓမ္မာသောက မင်းကြီးလက်ထက် ရဟန္တာပေါင်း (၁၀၀၀) စုပေါင်း ပြီး တတိယသင်္ဂါယနာတင်ခဲ့၏။

ထိုအချိန်မှစ၍ (၉)တိုင်း၊ (၉)ဌာနသို့ ဓမ္မဒူတခေါ် သာသနာ့စေတမန် ရဟန္တာများကို စေလွှတ်တော်မူခဲ့၏။ ထို(၉)တိုင်းအနက် "သုဝဏ္ဏ ဘူမိ" ခေါ် "ရာမညတိုင်း" (ယခု ပုသိမ်၊ ဒလ၊ မုတ္တမ)သို့လည်း သာသနာပြု ရဟန္တာ (၅)ပါး ရောက်လာ၏။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင် အနုရုဒ္ဓ၊ အရှင်တိဿဂုတ္တနှင့် အရှင် သောဏေယျ တို့ဖြစ်ကြ၏။ ထိုအချိန်မှာ "သုဓမ္မပူရ"ခေါ် သထုံပြည်တွင် သီရိမာသောက မင်း အုပ်စိုးချိန်ဖြစ်၏။ "ဗုဒ္ဓနှစ် ၃၀၀ ခန့်မှာ" တတိယ သင်္ဂါယနာတင်ချိန်၌ သာ သနာတော်နှစ် ၂၃၅နှစ်ဖြစ်ပြီး ဗုဒ္ဓပွင့်ပြီးချိန် (၄၅၀ါ+ ၂၃၅နှစ်) = ၂၈၀ နှစ်ရှိပြီဖြစ်၏။

(၉)တိုင်း (၉)ဌာန (အရှေ့တောင်အာရှနှင့် အာရှတိုက် တစ်ခွင်) သို့ ရဟန္တာများ ပျံ့နှံ ရောက်ရှိချိန် ဗုဒ္ဓနှစ် (၃၀၀)ခန့်မှာ ရဟန္တာများ မြောက်မြားစွာ ပေါ်ထွန်းခဲ့သလို သောတာပန်ပေါင်း ကုဋေချီပြီး ကျွတ်တမ်းဝင်ခဲ့ ကြ၏။ ထိုဗုဒ္ဓနှစ် (၃၀၀)ခန့် (၄၅၀ါ+သာသနာ ၂၅၅ခန့်) မှာပင် ကျွန်တော်တို့ ၏ မြန်မာနိုင်ငံအတွင်း သထုံ၊ ပုသိမ်၊ ဒလ၊ မုတ္တမ ...စသည်တို့မှာ ရဟန္တာများ ပေါ်ထွန်း ခဲ့ကြသလို သောတာပန် ... အရိယာများ အဖြစ် အမြောက်အမြား ကျွတ်တမး် ဝင် ခဲ့ကြ၏။

"ဗုဒ္ဓနှစ် ၅၀၀ ခန့်မှာ" သာသနာနှစ် (၄၀၀)ဝန်းကျင်မှစ၍ အိန္ဒိယပြည် မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာမှေးမှိန် လာရာ သာသနာနှစ် (၆၀၀)ခန့်မှာ လုံးဝကွယ် ပျောက်သွား၏။ သာသနာတော်နှစ် ၄၅ဝမှာ သီဟိုကျွန်း (ယခု သီရိလင်္ကာ)တွင် ဝဋ္ဋဂါမဏိ မင်းကြီးသည် အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာ (၅၀၀)အား ကြပ်မတ်စေပြီး စတုတ္ထ သင်္ဂါယနာ အဖြစ် ပေရွက်ပေါ်မှာ ပိဋကတ်စာများ ရေးမှတ်စာတင်ပြီး သာသနာပြုခဲ့၏။ ဗုဒ္ဓပွင့်တော် မူပြီးချိန် (၄၅ ၀ါ + သာသနာ ၄၅၀) = ဗုဒ္ဓနှစ် ၄၉၅နှစ် မှာ သီဟိုဠ်တွင် သာသနာတော် ထွန်းကားလာ၏။

ဗုဒ္ဓနှစ် (၅၀၀)အရောက်မှာ ပိဋက (၃)ပုံ ပါဠိစာပေကို အဋ္ဌကထာ၊ ဋီကာ စသည်ဖြင့် ချဲ့ထွင်ရေးသားမှုများ ပေါ်ပေါက်လာရာ ရဟန္တာများ နေပျောက်မထိုးနိုင်လောက်အောင် ပေါများခဲ့ပြီး သောတာပန် ... အရိယာများ အဖြစ် ကုဋေချီပြီး ကျွတ်တမ်းဝင်ခဲ့ကြ၏။ "သာသနာနှစ် ၅၀၀ ခန့်မှာ" သာသနာနှစ် (၅၀၀)မှာပင် (၉)တိုင်း (၉)ဌာနအနက် ယောနကတိုင်း (ယခု အာဖဂန် နစ္စတန်)တွင် မိလိန္ဒမင်းနှင့် အရှင်နာဂသေန ပညာရှင် (၂)ဦး ပေါ်ထွန်းခဲ့ရာ ထေရဝါဒ ဗုဒ္ဓ သာသနာတော်မှာ မိလိန္ဒပဥှာကျမ်းအဖြစ် နေလို လလို အထူးထင်ရှားခဲ့၏။

"ဗုဒ္ဓနှစ် ၁၇၀၀၊ ၁၈၀၀ ဝန်းကျင်မှာ" သာသနာ (၁၆၀၀) ဝန်းကျင်က အနော်ရထာ မင်းလက်ထက်မှာ သထုံမှ (မြန်မာပြည် အလယ်ပိုင်း) ပုဂံပြည်သို့ ပိဋက(၃)ပုံ နှင့်အတူ ဗုဒ္ဓသာသနာ ထွန်းကား လာပြန်သည်။ ကျန်စစ်သားမင်း နန်းတက်စဉ် ဗုဒ္ဓနှစ် ၁၇၀၀ (၄၅ ၀ါ+ သာသနာ ၁၆၅၅) ဝန်းကျင်မှာ အရိယာများ အမြောက်အမြားပေါ်ထွန်းခဲ့၏။ ဗုဒ္ဓနှစ် (၁၈၀၀)ဝန်းကျင်၌ နရပတိစည်သူမင်းနှင့် ကျစွာမင်း လက်ထက်အထိ ပုဂံမှာ စေတီပုထိုးများ လက်ညှိုးထိုး မလွဲလောက်အောင် စည်ကားခဲ့၏။

ပုဂံခေတ် အမျိုးသမီးများပင် ပိဋက (၃)ပုံကို အာဂုံ ဆောင်နိုင်သည်အထိ သာသနာတော် ထွန်းကား ခဲ့၏။ "သာသနာ ၂၄၀၀ မှာ" သာသနာ (၂၄၁၅)ခု၌ မင်းတုန်းမင်း လက်ထက်မှာ ပဥ္စမသင်္ဂါယနာကို သံဃာတော် (၂၄၀၀) တို့ဖြင့် စီစစ်ကာ ကျောက်ထက်အက္ခရာ တင်တော်မူခဲ့၏။ ပိဋက (၃)ပုံကို ကျောက်စာချပ် ပေါင်း (၇၂၉) ချပ်ပေါ်မှာ တင်ခဲ့၏။ သာသနာ (၂၄၀၀)ကို ရည်မှန်းသော်လည်း ၂၄၁၅ ခန့် ရောက်မှသာ ပြီးစီးခဲ့၏။ ထိုအချိန်မှာ လယ်တီ ဆရာတော် ဖြစ်မည့် ရဟန်းတော် အရှင် ဉာဏဓဇ (၂ ၀ါ) သည်လည်း ပဥ္စမသင်္ဂါယနာ တင်ပွဲမှာ အသက် အငယ်ဆုံးအဖြစ် ကထာ ဝတ္ထုပါဠိတော်ဖြင့် ပါဝင် ဆင်နွှဲခဲ့ရဖူး၏။

ထိုအချိန်မှစ၍ အရှင် ဉာဏဓဇ သည် ဒီပနီ ကျမ်းပေါင်းမြောက်မြားစွာကို ရေးသား တော်မူခဲ့ရာ ပရမတ္ထဒီပနီဋီကာကြောင့် အာရှတိုက်ရှိ ဗုဒ္ဓသားတော် သံဃာထုကြားမှာ ပွက်လော ညံသွားကာ ၃၅နှစ်တိုင်တိုင် ဋီကာစစ်ပွဲ ကြီး ဖြစ်ခဲ့ရ၏။

"ဗုဒ္ဓနှစ် ၂၅၀၀ မှာ" ထိုကဲ့သို့ပင် ပုဂံခေတ်က အရှင်အဂ္ဂဝံသ ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက်ခဲ့ဖူးသလို သာသနာ တော် ၂၄ဝဝကျော်မှာလည်း လယ်တီဆရာတော်၏ ပရမတ္ထဒီပနီဋီကာသည် လည်း သီဟိုဠ်ခေတ် ဋီကာများကို အံတုနိုင်ခဲ့ လောက်အောင် အထူးကျော်ကြားခဲ့ပေသည်။

သာသနာ တော်နှစ်အားဖြင့် ၂၄၅ဝကျော်၊ (၄၅ ၀ါ+သာသနာ ၂၄၅၅)= ဗုဒ္ဓနှစ် ၂၅ဝဝမှာ လယ်တီဆရာတော် ဘုရားကြီး၏ ဒီပနီကျမ်းများ သည် အာရှတစ်ခွင် သာမက ဥရောပကမ္ဘာအထိ ကျယ်ပြန့်သွား ခဲ့သည်။ ထို့ကြောင့် လယ်တီ ဆရာတော်ဘုရား သည် နိုင်ငံတကာမှ ပထမဦးဆုံး စာပေပါရဂူ (ဒီလစ်)ဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်း ကို ခံရသလို ထိုခေတ်က အလွန်ရှားပါးသော "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော်လည်း ရရှိတော်မူခဲ့ပေသည်။

မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်းတော် လယ်တီဆရာတော်ဘုရားသည် ကမ္ဘာစစ်ကြီးအတွင်းမှာပင် "ဗုဒ္ဓနှစ် ၂၅၀၀"မှာ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာကို အာရုံစိုက်လောက် အောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။ "လူပုဂ္ဂိုလ်များတရားကျင့်လာကြ" ဗုဒ္ဓနှစ် ၂၅၀၀ ဝန်းကျင်မှာပင် လူပုဂ္ဂိုလ်များ အုပ်စုလိုက် သမထဝိပဿနာ ဘာဝနာ ကျင့်ကြံ လာကြအောင် တရားစခန်းများ ထူထောင်ရန် လယ်တီဆရာတော်က အနာဂါမ် ဆရာသက်ကြီးအား တွန်းအားပေး မျိုးစေ့ချ ပေးခဲ့၏။

ယခင်တချိန်က လူပဂ္ဂိုလ်တို့သည် အလှူဒါနပြု၊ တရားနာ၊ တရားစာရွတ်၊ ဥပုသ် သီလစောင့်၊ ပုတီးစိတ် စသည့် အဆင့်လောက် ဖြင့်ကျေနပ်ကြ၏။ ယခုလယ်တီဆရာတော်၏ တိုက်တွန်းအားပေးမှုကြောင့် အနာဂါမ်ဆရာ သက်ကြီး၏ တပည့်များမှ တစ်ဆင့် မြန်မာနိုင်ငံ သာမက တကမ္ဘာလုံးရှိ ဘာသာပေါင်းစုံ လူပုဂ္ဂိုလ် တို့သည် တရားထိုင် တရားကျင့်၊ ပဋိပတ္တိအကျင့် ကိုအားစိုက်လာကြ၏။

ထိုမတိုင်မီက ၀ိပဿနာ ကျင့်စဉ်၊ ပဋိပတ္တကျင့်စဉ်ကို ကျင့်ကြံအားထုတ် မည်ဆိုလျှင် လူဝတ်ကြောင်ကို ချွတ်ပြီး ရဟန်း ဘောင်ဝင်၊ တောထွက်ခဲ့ကြ၏ ၎င်းင်းကျင့်စဉ်သည် ရဟန်း သံဃာများနှင့် သာသက်ဆိုင်သည်ဟု ယူဆခဲ့ကြ၏။ လူပုဂ္ဂိုလ်များကျင့်ကြံလျှင်လည်း သမထ အဆင့်သာကျင့်ကြံပြီး ဘိုးတော်အဖြစ် အားထုတ်ခဲ့ကြ၏။ လယ်တီဆရာခေတ်မှာမူ လူဝတ်ကြောင် ဘဝဖြင့်ပင် သားမယား အိုးအိမ်ကို အချိန်ပိုင်းစွန့်ခွာပြီး သမထ ၀ိပဿနာတရား အား ထုတ်ရမှန်း သိလာကြ၏။

"သာသနာ ၂၅ဝဝမှာ" သာသနာတော်နှစ် ၂၅ဝဝမှာ မြန်မာနိုင်ငံ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင် ညောင်ရမ်း ဆရာတော် အမှူးပြုပြီး၊ မဟာစည်ဆရာတော်၊ တိပိဋက ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသတို့ ဦးဆောင်၍ သံဃာတော် ၂၅ဝဝကျော် ဖြင့် ဆဋ္ဌသင်္ဂါယနာ (စာထက်အက္ခရာ) တင်တော်မူခဲ့သည်။ လယ်တီဆရာတော်ခေတ်မှ စတင်ဖောက်ထွင်း ခဲ့ရာ သာသနာတော် ၂၅ဝဝမှာ တစ်ကမ္ဘာလုံးသို့ ပိဋက (၃)ပုံ စာအုပ်များ ပျံ့နှံ့ခဲ့၏။

မဟာစည် ဆရာတော်၏ သတိပဌာန်ကျင့်စဉ်နှင့် မိုးကုတ် ဆရာတော်၏ ပဋိစ္စသမုပ္ပ တရားတို့သည် လူပုဂ္ဂိုလ်များထံပျံ့နှံ့သွားကြ၏။ "သာသနာ၂၅၀၀ ကျော်မှာ" လယ်တီ၊ မဟာစည်၊ မိုးကုတ်သာမက စွန်းလွန်း၊ သဲအင်းဂူ၊ ဖားအောက်၊ ---- စသည်ဖြင့် တရားစခန်းပင်မ၊ ရိပ်သာခွဲပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့၏။

"ဗုဒ္ဓ၏ကျင့်စဉ် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့" ယခု သာသနာတော် ၂၅၅ဝကျော်မှာ လယ်တီဆရာတော်၏သား တပည့်၊ မြေးမှ မြစ် တပည့် ဦးဂိုအင်ကာသည် တစ်ကမ္ဘာလုံးမှာ တရား စခန်းရိပ်သာခွဲပေါင်း အများဆုံး ဖွင့်လှစ်နိုင်ခဲ့၏။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ၀ိပဿနာ စေတီတော်ကြီးသည် ယောဂီပေါင်း (၁၀ç၀၀၀)ခန့် တစ်ပြိုင်နက် တရားထိုင်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှ၏။

၎င်းသည် (၄၅ ၀ါ+ သာသနာ ၂၅၅၅) = ဗုဒ္ဓနှစ် ၂၆၀၀ ဝန်းကျင်မှာ ဗုဒ္ဓသာသနာတော်၏ အထွတ်အထိပ်၊ လယ်တီ ဆရာတော်၏ အရှိန်အဝါ၊ ဆဋ္ဌသင်္ဂါယနာ၏ တွန်းအား၊ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားတို့ကြောင့် ထင်ရှားကျော်ကြား နေခြင်း ဖြစ်သည်။ ထိုဝိပဿနာစေတီတော်ကြီးကြောင့် တစ်ကမ္ဘာ လုံးမှ ဘာသာပေါင်းစုံတို့က ဗုဒ္ဓသာသနာ၏ အထွတ် အထိပ်ဆုံး ကျင့်စဉ် ဖြစ်သည့် ၀ိပဿနာ ဘာဝနာကို အထူး စိတ်ဝင်စားပြီး အားထုတ် လာကြ၏။

"တိုးတက်လာပြီ" ယခင်တချိန်က ရပ်ကွက်ဓမ္မာရုံ သာသနာ့အဆောက်အဦတို့ မည်သည် အလှူ ဒါနပြုခြင်း၊ တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သီလဆောက်တည်ခဲ့သော ဗုဒ္ဓသာသနာ ပြုရာနေရာ ဌာနဖြစ်ခဲ့၏။ ယခုခေတ် (၁၀)စုနှစ် အတွင်းမှာ ယဉ်ကျေးမှုသင်တန်းများ၊ တရားဓမ္မ ဟောပြော ဆွေးနွေးရာ သင်တန်းများ ပို့ချရာ နေရာများအဖြစ် တိုးတက်လာခဲ့၏။

"သာသနာ့ အဆောက်အဦး များပြားသော်လည်း" ရပ်ကွက်ဓမ္မာရုံ၊ ကျေးရွာဓမ္မာရုံ၊ မြို့နယ်ဓမ္မာရုံ ဘုရားကျောင်းတန်ဆောင်း၊ ---စသည့် သာသနာ့အဆောက် အဦးများ မြန်မာ နိုင်ငံမှာ အမြောက်အမြားပေါများလှ၏။ သို့သော် တစ်နှစ် တစ်ကြိမ်၊ တစ်လတစ်ကြိမ် ---- စသည်ဖြင့် အခါကြီးရက်ကြီး အချိန်များမှာသာ သော့ဖွင့်ကာ အလှူဒါနပြုခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားပွဲများကျင်းပခြင်းတို့ ပြုလုပ်ခဲ့ကြ၏။ ကျန်အချိန်များမှာ သော့ပိတ်ထား ကြသည်ကများလှ၏။

"ခတ်ထားသည့်သော့များ ဖွင့်လိုက်ကြပါစို့" အထက်ပါ သာသနာ့ အဆောက်အဦး များကို သော့ခတ်ထားမည့်အစား တရားပွဲများ၊ ဆွေးနွေးပွဲများ ပရိယတ္တိသင်တန်းများ၊ ပဋိပတ္တိ ကျင့်စဉ်များ အားထုတ်နိုင်ရန် အပတ်စဉ်၊ လစဉ် ဖွင့်လှစ်ကာ ဆောင်ရွက်ကြမည်ဆိုလျှင် ကျေးရွာ၊ ရပ်ကွက်၊ မြို့၊ တိုင်း၊ နိုင်ငံအဝှမ်း လောကုတ္တရာ အသိဉာဏ်တံခါးများပွင့်လာကြပေမည်။ "ထူးခြားစွာကျွတ်တမ်းဝင်ကြဦးမည်"

ယခုကဲ့သို့ (၄၅ ၀ါ+ သာသနာ ၂၅၅၅) = ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်ရောက်ရန် (၁)နှစ်အလိုမှာ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာကို ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း မြို့နယ်တိုင်း၊ တိုင်းပြည်တိုင်း တိုးတက်ပြန့်ပွား အောင် အားထုတ်နိုင်ကြ မည်ဆိုလျှင် ထူးထူး ခြားခြား ကျွတ်တမ်းဝင်ကြဦးမည့် ခေတ်ကို ရောက်ရှိ ပေဦးတော့မည်။ မောဟအမှောင်ထုမှ အမောဟ အလင်းတံခါးကို ဖြတ်သန်းကာ အရိယာ (သောတာပန်) မှတစ်ဆင့် အမြိုက်နိဗ္ဗာန်သို့ ဦးတည်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
==============================
မှီငြမ်းကျမ်းများ (၁) လယ်တီဆရာတော်ဘုရား၏ ဒီပနီပေါင်းချုပ် (၂) တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ မဟာဗုဒ္ဓဝင် (၃) ကျီးသဲလေးထပ်ဆရာတော်၏ မဟာဝင်ဝတ္ထု (၄) အသျှင်ရာဇိန္ဒ၏ သာသနဗဟုဿုတပ္ပ ကာသနီကျမ်း (၅) ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (၆) ခင်မောင်အေး(သချင်္ာ)၏ (၂၈)ဆူ ဗုဒ္ဓဝင်နှင့် ရှင်းချက်များ၊ ။