ဂြုပ်ပင်ဆရာတော်မှ စွန်းလွန်းဆရာ တော်အား ဝိသုဒ္ဓိခုနစ်ပါး ပြောပြပါဟု မေးရာတွင် တပည့်တော် က စာပေကျမ်းဂန် မတတ်မြောက် ခဲ့တဲ့အတွက် တပည့်တော်ဖြေတတ်သလို ဖြေပါ့မယ်ဘုရား ဟုလျှောက်ထားခဲ့၏။

=================================

၁။ တရားအားထုတ်သူတို့ဟာ ရှေးဦးစွာ ဘုရား ကန်တော့၊ မေတ္တာပို့၊ အမျှဝေပြီး လျှင် မိမိရဲ့ ခန္ဓာရုပ်နာမ် နှစ်ပါးကို အားထုတ်ဆဲအခါ အချိန်ကို မပိုင်းနဲ့။ မိမိစွမ်းနိုင်သမျှအားထုတ်၊ သမာဓိ ရလာတော့ ခန္ဓာကိုယ်ပေါ်မှာ ပူမှု၊ အေးမှုစတဲ့ ဝေဒနာတွေ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့ဝေဒနာကို ရှုဆဲအခါ၌ မျက်စိကလည်း တောင်ကြည့်မြောက်ကြည့် မကြည့်တော့ဘူး။ ပါးစပ်ကလည်း စကားမပြောတော့ဘူး။ လက်က လည်း ကိုးရို့ကားယားမလုပ်တော့ဘူး။ အဲဒီတော့ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇီဝှန္ဒြေ၊ ကာယိန္ဒြေဆိုတဲ့ ဣန္ဒြေငါး ပါးလုံနေ တယ်။ အဲဒါသီလစင်ကြယ်နေတယ်။ သီလဝိသုဒ္ဓိလို့ခေါ်တယ်။

=================================

၂။ ဝေဒနာပေါ်မှာ စိတ်တည်နေတော့ စိတ်စင်ကြယ် တယ်။ အဲဒါ စိတ္တဝိသုဒ္ဓိ လို့ခေါ်တယ်။

=================================

၃။ သီလကလည်းစင်ကြယ်၊ စိတ်ကလည်း စင်ကြယ်တော့ မှန်တာမြင်တာပေါ့။ အဲသလို မြင်ရတော့ ငါ့မှာ ခြေလည်းမရှိ၊ လက်လည်းမရှိ၊ ကိုယ် လည်းမရှိ၊ ဦးခေါင်းလည်းမရှိ၊ ခန္ဓာကိုယ် ကြီး သုဉ်းသွားတယ်။ အဲသည်တော့ အမြင်စင် ကြယ်တယ်။ အဲဒါ ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်။

=================================

၄။ အဲသလိုမြင်ရတော့ ဟုတ်ပါပေတယ်၊ မှန်ပါ ပေတယ်လို့ ဘုရားကို ယုံကြည်ခြင်းဖြစ်လာ တယ်။ ယုံမှားသံသယကင်းသွားတယ်။ အဲဒါ ကင်္ခါဝိတရဏဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================

၅။ အဲဒီလိုုမြင်တွေ့ရတော့ ဝမ်းသာတာပေါ့။ ခန္ဓာ ကိုယ်ပေါ်မှာ ဝေဒနာတွေချုပ်ပြီးအေးနေတယ်။ အဲဒါ အန္တရာယ် (၁၀) ပါးထဲမှာ နစ်ပြီးတွယ်နေ တာပေါ့။ အဲသလို တွယ်နေရာမှ "ငါ့ဟာမဟုတ်ပါ ဘူး"ဆိုပြီး ခန္ဓာကိုယ်ပေါ်ကို အာရုံပြန်ပြီး ထိန်းလိုက် တယ်။ အဲဒါ မဂ္ဂါ မဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================

၆။ အဲသလို ခန္ဓာပေါ်သို့ အာရုံရောက် လာတော့ ဝေဒနာ တွေပြန်ပြီးပေါ်လာတယ်။ အာရုံက အထက်လွန်သွားလိုက် အောက်ပြန်ကျသွား လိုက်နဲ့ ဖြစ်နေတယ်။ မဇ္ဈိမပဋိပဒါ မကျသေး ဘူး။ ဇောကိုတင်ပြီး တဖြည်းဖြည်းချလာတော့ မဇ္ဈိမပဋိပဒါ ကျသွားရော။ အဲဒါ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================

၇။ အဲသလို ပဋိပဒါလည်းကျသွားရော သေနတ်ကို ယမ်းတောင့်ထည့်ပြီး စိတ်က ကိုင်ဖြုတ်လိုက် သလို "ဒင်း"ဆို ပြတ်သွားပါရော။ အဲဒါ ဉာဏဒဿန ဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================
စွန်းလွန်းဆရာတော်
ဓမ္မာစရိယဦးဌေးလှိုင် (၅၆၆)