နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ။
ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို သတိနဲ့တွဲလုပ်။
အဲဒါ၀ိပဿနာဖြစ်သွားတာပဲ။
သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။
ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။
အဲဒါ ၀ိပဿနာဗျ။
ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။
တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။
နှာခေါင်းမှာ ဝင်လေလေးဝင်တာထွက်တာကို စာလို ဝင်သက်ထွက်သက်ခေါ်တယ်ဗျာ။ အဲဒါ အသက်ပဲဗျာ။
လူတစ်ယောက်လုံးရဲ့အသက်ဟာ နှာခေါင်းမှာရှိတယ်။
ဝင်လေထွက်လေကိုပြောတာ။
ဒီနှာခေါင်းကနေထိုင်ပြီးမှတ်ရင် တစ်ကိုယ်
လုံးအကုန်သိတယ်ဗျာ။
စာလို ပင်တိုင်ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။
ကျန်တဲ့အလုပ်တွေလုပ်ရင်းလည်း နှာခေါင်းဝကိုမှတ်ဗျာ။
ဝေဘူဆရာတော်ကြီးကဒီအတိုင်းမှတ်သွားတာဗျ။
မှတ်နိုင်ပါ့မလားဗျအဲဒါကျတော့ဗျာ။
မျက်စိကမြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ သတိချထားဗျာ။
နားကကြားတဲ့အခါမှာ နားထိပ်မှာ ချထားဗျာ။
သတိနဲ့သွားဗျာ။
တသက်လုံးလုပ်သွားဗျ။
ဘယ်တော့မှ မလွှတ်နဲ့ သိရုံသိသွားဗျာ။
တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
၀ိပဿနာဉာဏ်တွေဘယ်လောက်တက်တက်တွေးမှာပဲ။ စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး ရန်မလုပ်ရဘူး။
လျှော့လည်းမလျှော့ရဘူး။
မှတ်စရာရှိတာသာမှတ်။
အမှတ်များရင်အတွေးက သူ့ဟာသူလျော့သွားလိမ့်မယ်။
လူတိုင်းလူတိုင်းဟာ မွေးကတည်းက အတွေးနဲ့မွေးလာတာ။
တစ်သက်လုံးလည်းအတွေးနဲ့နေတာ။
လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။
အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။
ချက်ချင်းတော့ မရနိုင်သေးဘူး။
မှတ်အားကောင်းရင်သူ့ဟာ သူတက်သွားမှာပဲ။
ဘုရားဟောတဲ့အထဲမှာ သတိပဋ္ဌာန်ဆိုတာရှိတယ်။
အဲဒါ သတိပဋ္ဌာန်ခေါ်တယ်။
နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ။
တွေးတဲ့စိတ်ကိုအရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက် တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။
တစ်ခါနှာခေါင်းမှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက်စိတ်အရောက်များရင် နှာခေါင်းမှတ်တာကိုလွှတ်ပစ်ပြီး နာတာကိုမှတ်။
ပြီးမှနှာခေါင်းကိုပြန်မှတ်။
အသံကိုကြားလို့ ကြားတာဘက်စိတ်ရောက်တာများသွားလို့ရှိရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကို မှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။
တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေက အစ မေးလျှောက်တာ
တွေ အဲဒါတွေ ဒိုင်ခံပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။
တစ်ဦးပြောလိုက်ရင် တစ်တိုင်းပြည်လုံးကလာမှာ။ ဒီလောကီကိစ္စတွေကလျှောက်ရမှာမဟုတ်ဘူး။ တို့ဒီတောထဲကနေအာရုံပြုပေးနေတာပဲ။
တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် မေတ္တာပဲ။
ဘုရားတို့ ရဟန္တာတို့ဆိုတာက ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့ တိုက်ရိုက်ပေးတာမဟုတ်ဘူး။
ရှုမှတ်နေတာဟာ ဓမ္မဓါတ်လှိုင်းပေးနေတာပဲ။
လ ဟာတစ်ကမ္ဘာလုံးသာနေတာပဲ။
မော့ကြည့်သူ ထွက်ကြည့်သူအေးတာပေါ့။
ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ လထွက်ကြည့်သလို ထွက်ကြည့်နေရင် အကုန်ပြီးတယ်။
ထပ်ပြီးအဆစ်ပေးလိုက်ဦးမယ်။
သမာဓိ(၃)မျိုးရှိတယ်။တစ်ခါမှတ်တစ်ခါတည်ရင် ပထမ သမာဓိပဲ။
(၅)မိနစ် (၁၀)မိနစ်ကလေးတည်နေရင် အဲဒါဒုတိယ သမာဓိပဲ။ ၀ိပဿနာအထက်ပိုင်းရောက်ရင် စိတ်ကဘယ်မှမထွက်တော့ဘူး။
အဲဒါတတိယသမာဓိပဲ။
ထိုင်လို့ သတိမြဲနေပြီဆိုပါစို့။
သတိမြဲကြောင်းကိုနှာခေါင်းရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။
တို့တုန်းကဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ် ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့နိမိတ်ခေါ်တယ်။
စက်များဆိုရင် ဘယ်နှစ်မိုင်ရောက်ရင် ဘယ်နှစ်မိုင်ရောက်ကြောင်းအချက်ပြသလို တို့ဒီမှာလည်း နှာခေါင်းမှတ်ရင်နှာခေါင်းအချက်ပြရှိတယ်။
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာအဆက်ဆက်က ပါလာတဲ့ဉာဉ်နဲ့ ဒီကသတိနဲ့သွားတဲ့ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံ သွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေပေါ်တတ်တယ်။
တခြားက လာပြီးပြတာမဟုတ်ဘူး။
စရိုက်လိုက်ပြီး ပေါ်တတ်တယ်။
ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက်ပြမှာ။
ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။
လာချင်တာ လာမှတ်မှာပဲ။
အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာမြင်ရတာကိုတို့ကအတ္တစွဲတာကိုး။
ဟိုက အနတ္တပြမှာ တို့က နိစ္စစွဲတာ။
ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်တာကို။
အဲဒီအချိန်မှာပေါ်တာပဲ။
သဒ္ဓါထက်သူကျတော့ ဘုရား ရဟန္တာတို့ပေါ်တယ်။
နတ်တို့ပေါ်တယ်။
ပေါ်ရုံတင်မက လာကိုပြောတာရှိတယ်။
မြင်ရုံမြင်တာပဲရှိတယ်။
အဲဒါကို ဘယ်ကိုမှမလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။
အဲဒါဆိုရင် မှားစရာမရှိဘူး။
ကိုယ့်ရှု့ကွက်ကို လက်လွှတ်ပြီး အဲဒီနောက်သွားရင် လမ်းမှားပြီ။
တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။
သတိအားကောင်းမှ အတွေးမဝင်မှပေါ်တာ။
တို့ကိုယ်ခန္ဓာမှာ သွေးကလည်ပတ်နေတာ။
အတွေးနဲ့လည်တယ်။
သောကနဲ့လည်တယ်။
မာနနဲ့လည်တယ်။
အဲဒီအချိန်မှာတို့သွေးက မည်းနေတာ။
သွေးကမကြည်ဘူး။
နောက်နေတာ။
အဲဒီတော့ မှတ်ဟဲ့။
မှတ်ပါများတော့ အဲဒီစိတ်တွေမပါဘူး။
အတွေးမပါတော့ သွေးကြည်တာပေါ့လေ။
သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့လေ။ အဲဒီတော့မှနိမိတ်ပေါ်တာ။
တရားရအောင်လုပ်မယ်လို့ စိတ်ဘယ်တော့မှ မထားနဲ့။
ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်။
ရချင်တဲ့စိတ်မရှိရဘူး။
သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။
လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။
စိတ်မပါလက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရဘူး။
မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးကမည်းတယ်။
အဲဒီတော့ မမြင်ရဘူးပေါ့။
အဲဒီတော့ တရားရှာတဲ့အခါ အဲဒီစိတ် (၃)စိတ်မပါရဘူး။
သတိနဲ့မှတ်တော့ ကိုယ်မမြင်ဖူးတဲ့ရှု့ကွက်တွေထဲက အရာတွေမြင်လိမ့်မယ်။ နှာသီးဝဆိုနှာသီးဝပေါ့။
လေရဲ့နိမိတ်တွေ လေတန်းတွေမြင်ချင်မြင်မှာပေါ့။
မြင်လာတော့ ယုံလာတယ်။
ခန္ဓာဖြစ်ပျက်မြင်လေလေ ယုံလေလေပဲ။
ဆရာသမားအပေါ်ယုံတာလည်း ဖြစ်နိုင်တယ်။
ဒီလိုယုံလာရင်သွေးကကြည်လာတာ။
ကြည်လာမှ ဒီဖြစ်ပျက်မြင်လာတာ။
ထိုင်မယ့်အချိန်မှာ သီလယူပါ။
သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။
ဘာစည်းမှ ချဖို့မလိုဘူး။
ဘေးက အနှောင့်အယှက်မလုပ်နိုင်အောင် သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။
ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရမယ်။
သာသနာတော်စောင့်နတ်တွေက တာဝန်ယူပေးရတာ။
ဒါကြောင့် သီလယူရတာ။
ကိုယ်လုပ်ချင်တာကိုလုပ်၊ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်ကခိုင်းတာလုပ်ရလိမ့်
မယ်။
သတိပါတော့ တို့ခိုင်းတာကို ဉာဉ်ကလုပ်ပေးရမှာ။
ဘုရားတရားအပေါ်မှာ ဖြည်ချုပ်ပြီး ဝယ်ရတာမရှိဘူး။
အောင့်ပြီးဖယ်ရတာမရှိဘူး။
အမှတ်မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူသိသွားပြီး သတိက ဝယ်သွားတာ။ တို့ဝယ်တာမဟုတ်ဘူး။
သတိရှိရင် ဘုရားသားပဲ။
သတိမရှိရင် အလကားပဲ။
ဘုရားသားဖြစ်ချင်ရင် သတိရှိမှဖြစ်တာ။
တို့ဒကာဒကာမတွေ ကျမ်းမှာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး