တို့သာနာက လုပ်တတ်လို့ရှိရင် တစ်ခါလုပ် နှစ်ခုပြီးတယ်။ တစ်ခုက မိမိတို့ဆောင်ရွက်နေကျအတိုင်း သညာအမှတ်ကလေးနဲ့ လုပ်နေတာ။ အဲဒီသညာအမှတ်ကလေးနဲ့ လုပ်နေတဲ့ ရုပ်နာမ်အပေါ် သတိနဲ့မှတ်တာ။ သညာက ပညတ်နဲ့ပြီးတာကိုး ။ သတိအမှတ်က အတွင်းထိ ထိုးဖောက်ပြီး ပရမတ်အထိ သိနိုင်တယ်။ တစ်ခါတည်းနဲ့ နှစ်လုပ်ပြီးနိုင်တယ်။ ဘုရားခေတ်ကလည်း ဘုရင်ကြီးတွေ ဘုရင်လုပ်နေရင်းနဲ့ အရိယာတွေ ဖြစ်သွားကြတယ်။ ဗိမ္မိသာရမင်းကြီးဆိုရင် သောတာပန် မဟုတ်လားဗျ ။ သီဟစစ်သူကြီးလည်း အရိယာပဲ။ ဆိုင်ရာ တာဝန်ထမ်းဆောင်ရင်း သူတော်ကောင်းဖြစ်အောင် ကြိုးစားသွားကြတာ။

အားမှ မှတ်မယ်ဆိုရင် အားချိန်ရှိလို့လား။ အားချိန်စောင့်မနေနဲ့ဗျ။ ရအောင်လုပ်။ လူ့ဘဝရောက်တုန်း လူသက်ကလေး ထိန်းသိမ်းဖို့ လိုသေးတယ်ဗျ။ တို့ခန္ဒာက အသက် (၂) ခုနဲ့သွားနေတာ။ ခန္ဒာမှာရှိနေတာ။ ဓာတ်သက် ၊ သတိနဲ့ ရှုမှတ်နေတာကမှ လူသက်၊ ဓာတ်သက်က ခန္ဒာငါးပါး ကလာတာ။ လူသက်က ကုသိုလ်ပြုစဉ်တုန်းကလာတဲ့ သဒ္ဒါနဲ့ သတိကပေးတာ။ လူ့ဘဝဆိုတာ အင်မတန်ကုသိုလ်ကံ ကောင်းလွန်းမှ ရတာ။ ဒီမှာ လူ့ဘဝမှာ ဓာတ်သက်နဲ့ လူသက်ဆိုပြီး (၂) မျိုးရှိတယ်။ ဓာတ်ကောင်ကဖြစ်တဲ့ ဓာတ်သက်က ဉာဉ်ကိုသွားတယ်။ လူသက်က ဉာဏ်ကိုသွားတယ်။ ဉာဉ်နဲ့ဉာဏ် နှစ်မျိုးနော်။ ဉာဉ်ကို သညာက စောင့်တယ်။ ဉာဏ်ကို သတိကစောင့်တယ်။

ဉာဉ်ဆိုတာ ဓာတ်သက်ကဖြစ်တော့ ဓာတ်စာ အမြဲတောင်းလေ့ရှိတယ် ။ မြေဓာတ်အားကြီးသူက မြေဓာတ်စောင့့်တဲ့ အစာပဲ တောင်းလေ့ရှိ တယ်။ သူ့ဉာဉ် ၊ သူ့ဓာတ်နဲ့တည့်ရင် ကြိုက်တယ်။ မတည့်ရင် မကြိုက်ဘူး ။ ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဉာဉ်စကား ၊ ဉာဏ်မဟုတ်သေးဘူး။ ပြီးတော့ ကိုယ်ပိုင် မဟုတ်သေးဘူး ။ ဓာတ်ကောင်ကပိုင်တာ။

ပြီးတော့ မသိမုှဆိုတဲ့ မောဟလည်း ရှိသေးဗျ။ ဥပမာ – အိပ်ပျော်နေချိန် ဘာမှမသိဘူး။ တွေဝေနေချိန် ဘာမှမသိဘူး။ ဘယ်အာရုံမှ မဖမ်းမိတော့ဘူး။ အဲဒါမောဟ၊ အာရုံမိတစ်ချက် မမိတစ်ချက် လည်းမောဟပဲ။ စာလိုပြောတော့ ၀ိစိကိစ္ဆာ ၊ ချီတုံချတုံပေါ့။ ဘယ်အာရုံမှ မဖမ်းမိနိုင်ဘဲ ပြန့်လွင့်နေတဲ့စိတ်ကိုလည်း မောဟခေါ်တယ်။ မသိစိတ်မောဟက အများဆုံးဖုံးထားတာ ။ အဲဒီမသိစိတ်မှီ၍ ဓာတ်တည့်ရင် ကြိုက်တာပဲ။ အဲဒါဉာဉ် ၊ ဉာဏ်မဟုတ်သေးဘူး။ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး ။ ဒါလညး်ဉာဉ်ပဲ ။ ဉာဉ်အတိုင်းသွားရင် နောက်ကြောင်းပြန်လှည့်ရမယ်။ နောက်ကြောင်း ဆိုတာဘာတုန်း။ အပါယ်လေးဘုံကို ပြောနေတာ။ ဉာဏ်နဲ့သွားမှ ရှေ ့ တက်ခွင့်ရှိတယ်။

လူသက်မရှိတဲ့ ပုဂိုလ်များဟာ အပါယ်လေးဘုံ နောက်ကြောင်းပြန်ရမှာနော်။ ဒါကြောင့် လူသက်ကို စောင့်ရှောက်ဖို့လိုအပ်သည်။ ဉာဉ်ကိုမွေးတာသညာ။ ဉာဏ်ကိုမွေးထုတ်မှာက သတိ။ သတိဆိုတာ ရှုမှတ်တာကို ဆိုလိုတယ်။ ပြောတဲ့အတိုင်း ကြက်ဆိုကြက် ၊ ထန်းလျက်ဆို ထန်းလျက်အတိုင်း မပါရဘူးပေါ့။ ဘာကိုကြက်ခေါ်တာတုန်း။ ဘာကို ထန်းလျက်ခေါ်တာတုန်း ။ ထန်းလျက်စားပြီး ထန်းလျက်နဲ့ မပြီးရဘူးပေါ့။ ထန်းလျက်ရဲ ့သတ္တိ ။ သူ့ရဲ ့လှုပ်ရှားပုံ သူ့ရဲ ့ဖြစ်ပျက်ပုံ ။ အဲဒါမြင်အောင် စားရင်းကြည့် ။ကြည့်ရင်း စားရတယ်။ အဲဒါသတိပဲ ။
အဲဒီသတိနဲ့ လူသက်ကလေးစောင့်ရှောက် ရမှာ။ စာလိုတော့ စကုအာရက္ခ ။ ကိုယ့်စောင့်ဘာဝနာ လေးမျိုး။ လူသက်ကိုစောင့်ရှောက်မယ့် အဖော်လေးမျိုး။

(၁) ဗုဒ္ဒါ နုဿတိ

ဒီနေ့ လူတွေ လုပ်ကိုင်စားသောက်နေရတာက လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘူး။ အပြိုင်အဆိုင် အလုအယက်တွေနဲ့ ဘောလုံးကစား နေသလိုပဲ။ ပြေးကြ ၊ လိုက်ကြ၊ ကန်ကြ ၊ တွန်းကြ ၊ လဲကြ၊ ပြိုကြနဲ့ ။ ဒီလိုကြားထဲမှာ ဗုဒ္ဒါနုသတိပွားထားတဲ့ပုဂို်လ်သည် လူစိတ်မပျောက်ဘူး ။
ဗုဒ္ဒါနုသတိမှာ အရဟံ ဂုဏ်တော်က ထိပ်ဆုံးက ပူဇော်အထူးခံထိုက်သော မြတ်စွာဘုရား။ ဘာကြောင့်လဲ ။ မြတ်စွာဘုရားတို့မည်သည် အဆိုးလောကဓံ ပဲလာလာ ၊ အကောင်းလောကဓံပဲလာလာ မတုန်လှုပ်ဘူး။ နာဠာဂီရိဆင်ကြီး အရက်မူးအောင်တိုက်ပြီး ဘုရားကိုသေကြောင်းကြံတော့ ဘုရားက တုန်လှုပ်သလား။ “မတုန်လှုပ်ပါဘုရား”

လှူဖွယ်ဝတ္ထုတွေနဲ့ တောင်ပုံယာပုံ လှူဒါန်းပူဇော်တော့လည်း မတုန်လှုပ်ဘူး။ ကောင်းဆိုးနှစ်တန် လောကဓံ တရားတွေအပေါ်မှာ ညီအမျှထားပြီး ရှုမြင်တော်မူလေ့ရှိတယ်။ ဘုရားဂုဏ်တော် အာရုံပြုနေခြင်းဖြင့် တစ်နည်းအားဖြင့် ဗုဒ္ဒါနုဿတိ ပွားနေခြင်းအားဖြင့် ကြုံတွေ့နေရတဲ ့ အခက်အခဲ တွေအပေါ် မတုန်လှုပ်တော့ဘဲ သဒ္ဒါစိတ် ဖြစ်ပေါ်နိုင်တယ်။

တို့ရဟန်းဖြစ်စက ဥပဇ္စျာယ်ဆရာက ပြောဖူးတယ်။
ငါဘုရားတည်တယ်ကွာ။ ငါ့တရားလေး ငါအေးအေးဆေးဆေး ရှုမှတ်ပြီး တည်ချင်တာ။ သို့သော်ကွာ ငါ့ခေါင်းပေါ် တုတ်ဝဲဓားဝဲနဲ့ တုတ်ကြား ဓားကြားက ဘုရားတည်ခဲ့ရတာ။ ငါစိတ်ဆင်းရဲတာပေါ့ကွာ။ ဒီတော့ ငါ့ဆရာ ငါလျှောက်ထားတယ် ။
တခြားတာဝန်ပေးချင်တာပေးပါ။ ဒီဘုရားတည်တဲ့ တာဝန်တော့မပေးပါနဲ့လို့။
ဒီလောက်တစ်ယောက်တစ်ပေါက်နဲ့ အန္တရာယ်များပြီး ဒေါသနဲ့ လုပ်နေကြတာ။ ဘုရားမတည်ချင်တော့ဘူးလို့ ။ ဆရာက တရားမှတ်နေရာက မျက်လုံးလေး ဖျပ်ခနဲ့ဖွင့်ကြည့်ပြီး….
မင်းတို့သာသနာက ဘယ်သူ့သာသနာလဲလို့ မေးတယ်။
“ဂေါတမဘုရား သာသနာပါဘုရားဆိုတော့”
ဟဲ့ တို့ဘုရားကော အတိုက်အခိုက်ကင်းလို့လား။ စိဥ္စိမာန မိန်းမယုတ်က လူလယ်ခေါင် အရှက်မခွဲဘူးလား။ နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်တာလေကွာ။ ဘုရားတောင်ခံရသေးတာ။ မင်းက ဘာမို့လို့တုန်း…… ဆုံးမတော့မှ ငါသဘောပေါက်တယ်ကွ။

သာသနာပြုတဲ့နေရာတောင် လောကဓံဆိုတာ ကြုံရတယ်။ အတိုက် အခိုက်ဆိုတာရှိတယ် ။ လူတွေကြားတော့ပြောမနေနဲ့၊။ နိစ္စဓူဝ လောကဓံ ချည်းပဲ။ ဒီမှာ လောကဓံခံနိုင်ဖို့ဆိုတာ ဗုဒ္ဒါနုဿတိပွားနေမှ လူစိတ်မပျောက် လူသက်မပျက်နေရမှာ ။ ဗုဒ္ဒါနုဿတိပွားမထားရင် ဒေါသ ၊ မာနတွေ ဝင်လာမယ်။ ဒါဆိုရင် ဓာတ်ဉာဉ်ဘက် ပါသွားပြီနော်။ လူသွားလမ်း မဖြောင့်တော့ဘူး။ ဒါကြောင့် ဘုရားဂုဏ်တော် ပွားခြင်း။ ဘုရားဂုဏ်တော်အာရုံပြုခြင်း ဆိုတဲ့ ဗုဒ္ဒါနုဿတိ သည် လူသက်ကို စောင့်တဲ့ ကိုယ်စောင့်ဘာဝနာ ……… ။

(၂) မေတ္တာကမ္မဋ္ဌာန်း

တို့ဘုရားက ကရုဏာပွား သမာပတ်လို့ခေါ်တယ်။ ရန်သူကိုပင် သားတော်ရာဟုလာကဲ့သို့ သဘောထားနိုင်တယ်။ ရန်သူကို ရင်ကဖြစ်သော သားကဲ့သို့ သဘောထားနိုင်တာ ကရုဏာ သမာပတ်ကြောင့်ပဲ။
လူမှာကျတော့ လူ့ဉာဏ်နဲ့ လူသက်ကို မေတ္တာက စောင့်ရှောက်တယ်။ တကယ်လို့ တစ်ဖက်နဲ့ အတိုက်အခံဖြစ်နေရင် သူ့နေရာမှာသာငါဆိုရင် ဒီထက်ပိုဆိုးမှာလို့ နှလုံးသွင်းကြည့်လိုက်ရင် ဒေါသမဝင်သာတော့ဘူး။ ဒေါသရဲ ့နေရာမှာ မေတ္တာနဲ့ အစားထိုးရမှာ။ သူ့အပြစ်မရှုဘဲ ကိုယ့်အပြစ်ကိုယ် ရှုလိုက်တာ တောက်နေတဲ့မီး ငြိမ်းသွားနိုင်တယ်။ သူများအပြစ် ရှုနေရင် ငြိမ်းနေတဲ့မီး ထတောက်နိုင်တယ်။
သူ့နေရာကနေ ကြည့်တတ်မှ တန်းတူစိတ် ဖြစ်သွားတာ။ မေတ္တာဗျ။ မေတ္တာဆိုတာ ကိုယ်နဲ့ထပ်တူထားခြင်း။ မေတ္တာစိတ်ထားမှ ဒေါသနဲ့ မာနဉာဉ်မဝင် သာတော့ဘူး။ ဉာဉ်မဝင်ရင် ဉာဏ်ဝင်လာတေ့ာမယ်။ ဉာဏ်ဝင်လာရင် ဉာဉ်မဝင်နိုင်တော့ဘူး။

(၃) ကောဠာသကမ္မဋ္ဌာန်း

ဒီကမ္မဋ္ဌာနး်က (၃၂) ကောဋ္ဌာသ တစ်စစီအာရုံပြုရတာ။ ဆံပင် ၊ မွေးညှင်း ၊ ခြေသည်း၊ လက်သည်း၊ အရိုး ၊ အကြော စသည် …. တစ်ခုစီ ခွဲကြည့်ပြီး အမြဲဆင်ခြင်နေရင် ငါဆိုတဲ့ အတ္တာမာန် မဝင်သာတော့ဘူး။ ကားပစ္စည်းတွေ တစ်ခုချင်း ဖြုတ်ထားရင်ကားလို့ ခေါ်လို့ရပါဦးမလား။
“မရပါဘုရား”
ဘီးတွေ စက်တွေ တစ်စစီဖြုတ်ထားလိုက်ဗျာ။ ကားမဟုတ်တော့ဘူးလား။ ကားသက်မဝင်တော့ဘူး။ တစ်စစီ ဖြုတ်ထားတဲ့ ပစ္စည်းတွေ ပြန်တပ်လိုက် တော့ ကားဖြစ်သွားရော ။ ကောဋ္ဌာသမရှုရင် မာန်ဝင်ပြီး ဉာဉ်ဘက်ရောက်သွားမယ်။ ဉာဉ်ဘက်ရောက်သွားတိုင်း လူသက်ပျောက်ပြီမှတ်။ ဓာတ်သက်နဲ့ လူသက် ဉာဉ်နဲ့ ဉာဏ်။

ဉာဏ်ဦးစီးမှ အမှန်ရမယ်။ ဘယ်အလုပ်လုပ် ဉာဏ်ဦးစီးပြီး လုပ်ကြပါ။
ဒီနေရာမှာ ဆိုင်းသမားဥပမာ နဲ့ ပြောရဦးမယ် ။ ဆိုင်းဆရာ ဆိုင်းတီးတော့ လက်ဖျားနဲ့တီး။ လက်ဖနှောင့်နဲ့ အုပ်ပြီး တီးတာ။ ဒါမှ အသံမှန် အသံကောင်းထွက်တာ။ လက်ချောင်း လက်ဖျားလေးတွေနဲ့တီး။ လက်ဖနောင့်နဲ့ အုပ်ပေးတာ။ သတိကလေးနဲ့ ရှုမှတ်နေသလိုပဲ ။ လက်ဖနောင့်နဲ့က အသံမှန်အောင် ထိန်းပေးထားတာ။ လက်ဖနောင့်နဲ့သာ အုပ်မတီးရင် သံမှန်မထွက်နိုင်ဘူး။ တုန်ခါသံပဲရမယ်။ တုန်ခါမသွားအောင် လက်ဖနောင့်လေးနဲ့ ထိန်းပြီးတီးသွားတာ။ တို့လည်း သတိလေးနဲ့ ထိန်းထိန်းပေးနေရမှာ။ ကောဋ္ဌာသ ကမ္မဋ္ဌာန်းဟာလည်း အထိန်းတစ်မျိုး။ အစောင့်တစ်မျိုးပဲ။ ကိုယ်စောင့် ဘာဝနာအဖြစ် ပွားများနေရတယ်။

(၄) မရဏသတိကမ္မဋ္ဌာန်း

လူ့ဘဝဆိုတာ နေဖို့သာ သေချာတာ။ သေဖို့တော့ သေချာပါသဗျာ့ ။ ဒါ့ကြောင့် သေခြင်းတရားကိုလည်း ဆင်ခြင်ပွားများနေရတယ်။ ဒါကိုမရဏသတိကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ သေခြင်းတရားနှလုံးသွင်းနေရင် ဉာဉ်မဝင်နိုင်တော့ဘူး။ ဉာဏ်ပဲဝင်မယ်။ ဘုရားဟော ဥပမာက အဝေးကလာတဲ့ မြွေဆိုးကြီး လှမ်းမြင်နေရသလို သေခြင်းကို မသေခင် လှမ်းမြင်နေရမယ်တဲ့။ မြွေဆိုးကြီးမြင်နေရတော့ မြွေဆိုးကြီးနဲ့ နီးတဲ့ နေရာရောက်တော့ တုတ်ကလေးနဲ့ မြွေကိုဖယ်ပြီး ကိုယ့်လမ်းကိုယ်သွားနိုင်သလို သေခါနီးကျတော့ သေမင်းကြီးကို ဥပေက္ခာပြုပြီး ကိုယ့်ရိက္ခာထုပ် ကိုယ်ယူပြီး လူ၊နတ်၊ဗြဟ္မာ။အရိယာဘဝတွေဆီ ရှေ့ဆက်သွားနိုင်တယ်။ သေမှာမကြောက်တော့ဘူး။

သေခါနီးမှာ စည်းသုံးတန်ကျော်ရမှာနော်။

ပထမစည်းက ဝေဒနာပြင်းထန်လာချိန် ဒီတောင်ကို ကျော်နိုင်ပါ့မလားဆိုတာ ဒီအချိန်မှာ ကိုယ်စောင်ှု့ဘာဝနာတွေ ပွားမထားခဲ့ရင် ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။ ကြောက်စိတ်ဝင်တော့မယ်။ ဉာဉ်နဲ့သေရင် နောက်ပြန်ရမယ်။ နောက်ပြန်တာ ဘာကိုပြောတာလဲ၊
‘အပါယ်လေးဘုံကိုပြောတာပါဘုရား’

ဒုတိယစည်းက ငါ့မိသားစုနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိ ၊ အတွေး။ ဒီအသိ၊ ဒီအတွေးနဲ့သေရင် မိသားစုခင်တွယ်စိတ်ကြောင့် ပြိတ္တာဖြစ်သွား တတ်တယ်။ ကိုယ်စောင့်ဘာဝနာပွားထားသူဟာ ဒီစည်းကိုကျော်နိုင်ပြီး ဘဝကောင်းဆီ ရှေ့ဆက်နိုင်မယ်။

တတိယစည်းကတော့ မီးစာကုန် ဆီခမ်းနေချိန် ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား သတိမဝင်ရင် စွဲရာဘဝ သွားရတော့မှာနော်။ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ၀ိနိပါတိကဘေး။ ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲဲပြီး ရောက်မိရောက်ရာ ရောက်တော့မယ်နော်။

ကို်ယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့ ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို လိုရာရောက် တယ်။ မှန်းရာရောက်တယ်။ ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင် လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။

ကိုယ်စောင့်ဘာဝနာ တရားလေးပါးနဲ့ပါဘုရား။

အေးဗျာ ။ လူသက်နဲ့ ရှေ့ခရီးဆက်နိုင်ကြဖို့ ကိုယ်စောင့်ဘာဝနာ တရာလေးပါး ပွားများနိုင်ကြပါစေ။

သာဓု….. သာဓု ….. သာဓု ။

(၁၃၇၁ ခု ၊ ပြာသိုလပြည့် ၃၀.၁၂.၂၀၀၉ တွင် မုံရွာမြို ့မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ်ဂိုလ်များနှင့် ဒေသခံဝေနေယျများအား ဟောကြားသည်)

မဟာဗောဓိမြိုင်ဆရာတော် မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ (မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။