ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသောအခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အချိန်ရသမျှ ဝိပဿနာတရားကို ပွားများအားထုတ်လျက် ရှိကြပေသည်။
ဤကဲ့သို့ ဝိပဿနာတရား ပွားများအားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့၏ရှေးအတိတ်ဘဝများက ပါလာကြသော ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို ထင်ရှားစွာသိမြင်ကြရပေသည်။တစ်ဦးနှင့်တစ်ဦး သိမြင်ပုံခြင်းမတူကြပေ။ အချို့သောပုဂ္ဂိုလ်များက အနိစ္စကို သိမြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက ဒုက္ခကိုပို၍သိမြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက အနတ္တကိုပို၍ သိမြင်ကြပေသည်။
ဝိပဿနာတရား ရှုမှတ်ပွားများကြသော အချို့သောယောဂီတို့သည် အနိစ္စကိုသာ ထင်ရှားစွာတွေ့သိကြရပေသည်။ ဒုက္ခနှင့် အနတ္တတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။
အချို့သောယောဂီတို့သည် ဒုက္ခကိုသာ ထင်ရှားစွာတွေ့သိကြရပေသည်။ အနိစ္စ နှင့် အနတ္တတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။ အချို့သောယောဂီတို့သည် အနတ္တကိုသာ ထင်ရှားစွာတွေ့သိကြရပေသည်။ အနိစ္စနှင့် ဒုက္ခတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။ ဤကဲ့သို့ အနိစ္စ၊ဒုက္ခ၊အနတ္တ သုံးပါးတို့တွင် တစ်ပါးပါးကိုသာ ထင်ရှားစွာတွေ့သိရ၍ ကျန်နှစ်ပါးကို ထင်ရှားစွာ မတွေ့သိရသဖြင့် မိမိရှုမှတ်သည့်တရားသည် နည်းလမ်းမှန်မှ မှန်ပါရဲ့လားဟု ယုံမှားသံသယများ ဖြစ်လာတက်ကြပေသည်။
ဤကဲ့သို့ ယုံမှားသံသယများဖြစ်နေခဲ့သော် တရားတွေရှေ့သို့တက်တာ နှေးသွားတက်ကြပေသည်။ တရားထူး တရားမြတ််များရတာလည်း နှေးသွားတက်ကြပေသည်။ ထိုကြောင့် ရှေးအတိတ်ဘဝများက ပါလာသောဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကိုတွေ့သိကြရပုံကို သိထားသင့်ကြပေသည်။ သိထားမှသာ ယုံမှားသံသယများကင်း၍ ရှေ့သို့ တရားတွေမြန်မြန်တက်သွားနိုင်ကြမည် ဖြစ်ပေသည်။ တရားထူး တရားမြတ်များလည်း မြန်မြန်ရသွားနိုင်ကြမည် ဖြစ်ပေသည်။
ဓါတ်ခံ (၃)မျိုး
ဝိပဿနာတရား အားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့ ရှေးအတိတ် ဘဝများစွာကပါလာသော ဓါတ်ခံအားဖြင့် (၃) မျိုး ကွဲပြားလျက်ရှိကြပေသည်။
၁။ အရာရာတွင် မလိုချင်၊ မတက်မက်သည့် အလောဘ ဓါတ်ခံပါလာသောပုဂ္ဂိုလ်။
၂။ အရာရာတွင် စိတ်မဆိုး၊ အမျက်မထွက်တက်သည့် အဒေါသဓါတ်ခံပါလာသော ပုဂ္ဂိုလ်။
၃။ အရာရာတွင် မတွေမဝေ အမှန်ကိုသိတက်ကြသည့် အမောဟဓါတ်ခံပါလာသောပုဂ္ဂိုလ်။ဟူ၍ (၃)မျိုး ကွဲပြားလျက်ရှိကြသည်။ (အဋ္ဌသာလိနိ-၁၇၃)
အလောဘ ဓါတ်ခံပါလာသောပုဂ္ဂိုလ်၊ အဒေါသဓါတ်ခံပါလာသော ပုဂ္ဂိုလ်၊ အမောဟဓါတ်ခံပါလာသောပုဂ္ဂိုလ်၊တို့သည် ဝိပဿနာတရားရှုမှတ်ပွားများခါစ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို မမြင်သေးမီမှာတော့ ထူးခြားမှုများ သိပ်မရှိကြပေ။ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို သုံးသပ်၍သိသော သမ္မသနဉာဏ်သို့ ရောက်သောအခါ ထူးခြားမှုများ ရှိလာကြပေသည်။
သမ္မသနဉာဏ်သည် ဉာဏ်စဉ်အားဖြင့် (၃) နံပါတ်ဉာဏ်စဉ်ဖြစ်ပေသည်။ သမ္မသနဉာဏ်သို့ ရောက်ဖို့ရာမှာ နာမရူပပရိစ္ဆေဒ ဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်သို့ ဖြစ်အောင်အားထုတ်ကြရပေသည်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြသောနည်းဖြင့် ဝိပဿနာတရား ရှုမှတ်ကြသော ပုဂ္ဂိုလ်တို့သည် ထိုင်၍ရှုမှတ်သောအခါ ဝမ်းဗိုက်ဖောင်းတာ၊ ပိန်တာများကို အဓိကထား၍ ရှုမှတ်ကြရပေသည်။
နာမရုပ ပရိစ္ဆေဒ ဉာဏ်
ရှုမှတ်ခါစ သမာဓိဉာဏ်များ မဖြစ်သေးမီမှာ မည်သို့မျှထူးခြားစွာသိခြင်း မရှိကြပေ။ ဆက်ကာ ဆက်ကာရှုမှတ်၍ သမာဓိဉာဏ်များဖြစ်လာသောအခါ ဖောင်းတယ်၊ ပိန်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် ဖောင်းတာ ပိန်တာတို့က တစ်ခြား၊ မှတ်သိ မှတ်သိလိုက်တာကတခြားဟူ၍ ကွဲပြား၍ သိလာကြပေသည်။
ဖောင်းတာ၊ပိန်တာတို့က ဘာမှမသိတက်သည့် ရုပ်တရား၊ မှတ်သိမှတ်သိလိုက်တာများက သိတက်သည့် နာမ်တရားဟု နာမ်နှင့်ရုပ်ကို ကွဲပြားပိုင်းခြား၍ သိလာကြပေသည်။ ယင်းကဲ့သို့ ပိုင်းခြား၍ သိလာခြင်းသည် နာမရူပ ပရိစ္ဆေဒဉာဏ်ဖြစ်လာခြင်းပင်ဖြစ်ပေသည်။
ပစ္စယပရိဂ္ဂဟဉာဏ်
ဆက်ကာဆက်ကာရှုမှတ်၍ သမာဓိဉာဏ်များ တစ်ဆင့်ရင့်ကျက်ထက်သန်လာသောအခါ ဖောင်းတယ်၊ပိန်တယ်ဟု ရှုမှတ်နေရင်းပင် ဖောင်းတာ ပိန်တာတို့က ရှေ့ကပေါ်ပေါ်ပေးနေလို့ မှတ်သိစိတ်ကနောက်မှ လိုက်၍ လိုက်၍ မှတ်သိနေတာဖြစ်ပေသည်။ ဖောင်းတာ ပိန်တာတို့က အကြောင်းတရား၊ မှတ်သိစိတ်က အကျိုးတရားဖြစ်သည်ဟု သိလာကြပေသည်။ ယင်းကဲ့သို့ အကြောင်းနှင့် အကျိုးကို သိလာခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်လာခြင်းပင် ဖြစ်ပေသည်။
သမ္မသနဉာဏ်
ဆက်ကာဆက်ကာရှုမှတ်၍ သမာဓိဉာဏ်များ တစ်ဆင့်ရင့်ကျက်ထက်သန်လာသောအခါ တရားထိုင်၍ မကြာသေးမီမှာပင် နာတာ၊ကျင်တာ၊ညောင်းညာကိုက်ခဲတာ စသည့် ဒုက္ခဝေဒနာများ ထင်ရှားစွာဖြစ်ပေါ်လာကြပေသည်။ ရှုမှတ်နေရင်းပင် ဤခန္ဓာကိုယ်ကြီးသည် ဒုက္ခတုံး၊ဒုက္ခခဲကြီးပါလားဟု ဒုက္ခကိုသုံးသပ်၍ သိလာကြပေသည်။ ဤနာတာ၊ကျင်တာ၊ညောင်းညာကိုက်ခဲတာ စသည့်ဒုက္ခဝေဒနာများသည် တစ်မျိုးပြီး တစ်မျိုးပြောင်းလဲနေသောကြောင့် မမြဲခြင်းအနိစ္စဟု သုံးသပ်၍ သိလာကြသည်။
ဤ နာကျင်ကိုက်ခဲခြင်းစသည့် ဒုက္ခဝေဒနာနှင့် တွေ့ချင်၍ ဝိပဿနာတရား အားထုတ်တာမဟုတ်ပေ။ ချမ်းချမ်းသာသာနှင့် တရားတွေမြန်မြန်တွေ့ချင်၊တရားတွေမြန်မြန်တက်ချင်၍ အားထုတ်တာဖြစ်ပေသည်။ ဤခန္ဓယကိုယ်ကြီးသည် ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ပေ။ သူ့သဘောအတိုင်း သူဖြစ်နေပေသည်။ ကိုယ်အစိုးမရသည့် အနတ္တဖြစိပေသည်ဟု သုံးသပ်၍ သိလာကြပေသည်။
ထိုအနိစ္စ၊ဒုက္ခအနတ္တ (၃)မျိုးတို့ကို သိကြရာတွင်
ရှေးအတိတ်ဘဝများက အလောဘဓါတ်ခံပါလာသော ပုဂ္ဂိုလ်တို့ကနာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာတို့၏ အမျိုးမျိုးပြောင်းလဲနေသည့် မမြဲခြင်းအနိစ္စကို သုံးသပ်ကာ ပို၍ သိကြပေသည်။
ထို အနိစ္စ၊ဒုက္ခ၊အနတ္တ (၃)မျိုးတို့ကို သိကြရာတွင်
ရှေးအတိတ်ဘဝများက အလောဘဓာတ်ခံပါလာသော ပုဂ္ဂိုလ်တို့က နာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာတို့၏ အမျိုးမျိုးပြောင်းလဲနေသည့် မမြဲခြင်းအနိစ္စကို သုံးသပ်ကာ ပို၍သိကြပေသည်။
ရှေးအတိတ်ဘဝများက အဒေါသဓာတ်ခံပါလာသော ပုဂ္ဂိုလ်တို့က နာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာများ၏ နှိပ်စက်ခြင်းဒုက္ခကို သုံးသပ်ကာ ပို၍သိကြပေသည်။
ရှေးအတိတ်ဘဝများက အမောဟဓာတ်ခံပါလာသော ပုဂ္ဂိုလ်တို့က နာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာများကို မည်ကဲ့သို့မျှ ကာကွယ်၍မရ၊ သူသဘောအတိုင်းဖြစ်နေသည့် အစိုးမရခြင်းအနတ္တကို သုံးသပ်ကာ ပို၍သိကြပေသည်။
ဤကဲ့သို့ မိမိတို့၏ ရှေးအတိတ်ဘဝများက ပါလာကြသောဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို ထင်ရှားစွာတွေ့ သိကြရပေသည်ဟု သိထားကြသဖြင့် ယုံမှားသံသယကင်း၍ တရားတွေမြန်မြန်တက်သွားနိုင်ကြမည် ဖြစ်ပေသည်။ မိမိတို့၏ ပါရမီအားလျော်စွာ တရားထူး တရားမြတ်များကို မြန်မြန်ရရှိသွားနိုင်ကြမည် ဖြစ်ပေသည်။
သဒ္ဓမ္မရံသီဆရာတော်