မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားအားထုတ်နည်းတွေထဲမှာ အတိုဆုံးဟောကြားထားတဲ့ တရားအားထုတ်ပုံကို တင်ပြပါရစေ..။
မိဘဖြစ်သူတွေက အသက်ကလေးရလာလို ့၊ ကျန်းမာရေးက ချို ့တဲ့လာပြီး၊ တဖြည်းဖြည်းရောဂါ က ကိုင်ကိုင်လာလို ့မျှော်လင့်စရာ မရှိတော့ဘူးဆိုတဲ့ အခြေအနေရောက်တဲ့အခါကျတော့ ငယ်ငယ်တုန်းက မိဘဆိုဆုံးမ နားမထောင်တဲ့သူတောင်မှ ၊ မိဘရဲ ့အသက်ထွက်ခါနီး နောက်ဆုံးအချိန်ကလေးမှာ ပြောခဲ့တဲ့စကားလေးကို အများအားဖြင့် ပြန်ပြန်ပြီး သတိရနေတတ်ကြပါတယ်။ ရိုရိုသေသေ လိုက်နာတတ်ကြပါတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း မိမိရဲ ့တပည့်သားတွေကို သနားတော်မူလွန်းလို ့ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအချိန်လေးမှာ ဒီစကားကို မှာကြားတော်မူခဲ့ပါတယ်။
ဘာကို မှာခဲ့သလဲဆိုတော့.....
" ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ "..တဲ့။
ဘိက္ခဝေ- ရဟန်းတို ့၊
ဟန္ဒ- ဟောဒီမှာ၊
ဣဒါနိ- ယခုအခါလကာလ၌၊
ဝေါ- သင်တို ့အား၊
အဟံ- ငါသည်၊
အာမန္တေယာမိ- နောက်ဆုံးစကားဖြင့် မှာကြားခဲ့ပေအံ့..။
သင်္ခါရ- ပြုလုပ်ခြင်းဆိုတဲ့ " သင်္ခါရ" တရားတို ့ဟာ " ဝယဓမ္မာ" ပျက်စီးခြင်းဆိုတဲ့ သဘောရှိပါတယ်။ "သင်္ခါရ" တရားတွေဟာ ပျက်တတ်တဲ့ တရားတွေချည်းပါပဲ၊ ဘာမှ အားကိုးစရာ မရှိပါဘူး..တဲ့။
အဲဒီစကားဟာ အင်မတန် မှ လေးနက်လွန်းပါတယ်။
အမှုမဲ့၊ အမှတ်မဲ့ ခပ်ပေါ့ပေါ့ လူတွေကတော့၊ ဒါကလေးဟာ ဘာမှမဟုတ်သလို ထင်ကြပေလိမ့်မယ်။
အမှန်ကတော့...
ဒီစကားဟာ အလွန်ပဲ အရေးကြီးလှပါတယ်။
သင်္ခါရ တရားတွေက တစ်ပျက်ထဲပျက်နေတာ..တဲ့၊ ထင်တဲ့ အတိုင်း တည်မြဲနေတာ မဟုတ်ပါဘူး။ ငယ်ငယ်လေးကတည်းက စပြီး စိတ်ကလည်း ဒီစိတ်ထဲပဲ တည်မြဲနေတယ်၊ ငါလို ့ပဲ ဒီလို ထင်နေကြပါတယ်။
ရုပ်ခန္ဓာကိုယ်ကြီးကလည်း ငယ်ငယ်က ကလေးဘဝရုပ်ကိုပဲ တဖြည်းဖြည်းကြီးပြင်းပြီးတော့ လာနေတယ်၊ ဒီကိုယ်ကောင်ကြီးမြဲနေတယ်၊ ငါပဲ လို ့ ဒီလိုထင်နေကြပါတယ်။
အဲဒါဟာ..
မသိသေးလို ့ အမှန်ကို မမြင်သေးလို ့ပါ၊ မိမိတို ့အဲဒီလို ထင်တဲ့အတိုင်းမဟုတ်ပါဘူး။ ရုပ်၊ နာမ်၊ သင်္ခါရ တရားတွေက ခဏမစဲ ပျက်ပျက်နေတာပဲ...တဲ့၊
ဒါ့ကြောင့် ဘာမှ အားကိုးစရာမရှိဘူး၊ ဘယ်အချိန်မဆို ပျက်ဆီးပြီးသေသွားနိုင်ပါတယ်။ ဒီအသက် ဒီခန္ဓာကိုယ် ကို နောက်အကြာကြီးနေရအုံးမှာပဲ လို ့ထင်နေတတ်ကြတယ်။ တကယ်လည်း ထင်နေကြတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။ အဲဒီလို ထင်နေတဲ့ အတိုင်းတွေဟာ တစ်ခုမှ မဟုတ်ပါဘူး။
သင်္ခါတရားတွေဆိုတာ ခဏမစဲ ပျက်နေတဲ့ တရားတွေချည်းပါပဲ..တဲ့။
အဲဒါတွေကို သိထားရမယ် လို ့ဒီအဓိပ္ပါယ်ကို နားလည်စေလိုတဲ့အတွက် " သင်္ခါရ- ဆိုင်ရာ၊ ဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစု ညီညွတ်ပြီး ပြုပြင်ပေးမှ ဖြစ်ပေါ်နိုင်ကြတဲ့ ရုပ်၊ နာမ် တရားတို့ဟာ ဝယဓမ္မာ- ပျက်ခြင်းသဘောရှိကုန်၏.. လို ့ဆိုပါတယ်။
မပျက်ပဲ တည်နေတာရယ်လို ့မရှိပါဘူး။ ဒါကြောင့် အားကိုးစရာမရှိပါဘူးလို ့ဆိုလိုတာပါ။
ဒီလိုအားကိုးစရာ မရှိတော့ ဘာကို အားကိုးရမှာတုန်းဆိုရင်...
အားကိုးစရာ မရှိတဲ့ ဒီသင်္ခါရ တရားတွေက လွတ်မြောက်ပြီးတော့ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို အားကိုးရပါမယ်။ နိဗ္ဗာန်ကို အားကိုးပြီးတော့ နိဗ္ဗာန်ရောက်စေနိုင်တဲ့တရားကို ကျင့်ရ အားထုတ်ကြရပါမယ်။
ဘယ်လို ကျင့်ရ အားထုတ်ရမှာလည်း ဆိုရင် အားထုတ်ပုံ တိုတိုကလေး ဟောကြားထားခဲ့ပါတယ်။

" အပ္ပမာဒေန၊ သမ္မာဒေထ " တဲ့

အပ္ပမာဒေန- မမေ့တဲ့ အသိတရားနဲ ့
သမ္မာဒေထ- ပြီးစီးပြည့်စုံအောင် အားထုတ်ရစ်ကြပေတော့..တဲ့။
" မမေ့တဲ့ သတိတရား" နဲ ့ပြီးပြည့်စုံအောင် အားထုတ်ရစ်ကြပေတော့ လို ့မြတ်စွာဘုရား က မှာကြားခဲ့ပါတယ်။
အဲဒါဟာ မြတ်စွာဘုရားရဲ ့နောက်ဆုံးစကား နဲ ့အတိုဆုံးတရား ပါပဲ။
အဲဒီအတိုဆုံးတရားရဲ ့အဓိကဖြစ်တဲ့ "သတိ" ဆိုတဲ့ အသိတရားကို လက်ကိုင်ထားပြီး တရားအားထုတ်ကြဖို ့လိုပါတယ်။
ဓမ္မမိတ်ဆွေတို့သည်လည်း အခုလို အတိုဆုံးတရားကနေ ရရှိလာတဲ့ "သတိ " ဆိုတဲ့ တရားကိုလက်ကိုင်ထားပြီး ကျင့်ကြံကျိုးကုတ် အားထုတ်ပြီး၊ အတိုဆုံးတရားက ရရှိတဲ ့"သတိ " ဆိုတဲ့ တရားတဲ့ ကျင့်ကြံပြီး အမြန်ဆုံး အရိယာသူတော်စင်များ ဖြစ်ကြပါစေလို ့ဆန္ဒပြုလိုက်ပါတယ်။

" အပ္ပမာဒေန သမ္မာဒေထ "

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူလေ့ရှိတဲ့ " အရိယာဝါသ" တရားတော်မှ ကောက်နှုတ်ပါသည်