"ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ” တရားထိုင်တယ် ဆိုတဲ့ Meditation က နည်းအမျိုးမျိုး ရှိပါတယ်။ ဝင်လေထွက်လေကို မှတ်မလား၊ Body scan နည်းကို ရွေးမလား၊ မေတ္တာဘာဝနာ ပွားများမလား၊ ဗုဒ္ဓဂုဏ်တော်ကို အာရုံပြုတဲ့နည်းကို သုံးမလား စသဖြင့် ကိုယ်နဲ့ ကိုက်တာ ရွေးချယ်လို့ ရပါတယ်။ ရေကသိုင်း ရှုတယ်၊ နေကသိုင်း ရှုတယ် စတာတွေလည်း ရှိသေးတယ်။ ကြားဖူးကြမယ် ထင်ပါတယ်။ ရည်ရွယ်ချက်အရ ခွဲပြောမယ်ဆိုရင်တော့ သမထနဲ့ ဝိပဿနာ ဆိုပြီး ခွဲနိုင်တယ်။ ▪️သမထရဲ့ ရည်ရွယ်ချက်က စိတ်တည်ငြိမ်ဖို့၊ သမာဓိ ရဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကိုက စိတ်၏ ငြိမ်သက်ခြင်းတဲ့။ အင်္ဂလိပ်လိုဆို Concentration ပေါ့။ စိတ်ဆိုတာ ယောက်ယက်ခတ်၊ သွားချင်ရာ သွားတတ်တဲ့ သဘာ၀ ရှိတယ်။ အဲဒါလေးကို တစ်နေရာတည်းမှာ ငြိမ်သက်နေအောင် ထားလိုက်တာ။ ဒီတော့ အတိတ်ကို ပြန်တွေးပြီး ပူလောင်နေတာတွေ၊ အနာဂတ်ကို တွေးပူနေတာတွေ လျော့နည်း သက်သာသွားတယ်ပေါ့။ ဒီနေ့ခေတ်လို စိတ်မတည်မငြိမ် ဖြစ်စရာ၊ အာရုံလွင့်စရာတွေ တစ်ပုံကြီး ရှိနေတဲ့ ကာလမှာ ဒါကလည်း သိပ်အရေးကြီးလာတယ်။ အဲ့လိုပဲ၊ ဗုဒ္ဓဘာသာအရ နိဗ္ဗာန်ကို ရည်ရွယ်ပြီး ဝိပဿနာရှုမယ်ဆိုလည်း စိတ်တည်ငြိမ်ဖို့ရာ လိုအပ်တယ်။ ဒါကြောင့်လည်း မဂ္ဂင် ၈ ပါးမှာ သမ္မာသမာဓိ ဆိုပြီး ပါနေတာပေါ့။ ▪️ဝိပဿနာကျတော့ အာရုံစူးစိုက်မှု ကောင်းလာဖို့တင် မဟုတ်တော့ဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘာဝတရားတွေကို အမှန်အတိုင်း မြင်လာဖို့ ဖြစ်တယ်။ ဝိပဿနာရဲ့ အဓိပ္ပါယ်က ထူးခြားတဲ့အမြင်လို့ ဆိုလိုတယ်။ လှတဲ့သူတွေ့ရင် ချောတယ် လှတယ် မြင်ကြတာက သာမန်အမြင်မျိုး။ ဘယ်သူမဆို မြင်နိုင်တယ်။ ထူးခြားတဲ့ အမြင်ဆိုတာကျ ဒီအလှအပတွေသည် မတည်မြဲဘူး။ အနိစ္စလို့ မြင်တယ်။ နောက် အပေါ်ယံအရေပြားကသာ လှနေတာ။ အတွင်းကလီစာတွေကျ ရွံစရာချည်းပဲ ဆိုပြီး အသုဘလို့ မြင်တယ်။ Zombie ကားတွေ ကြည့်နေကြတာပဲ။ သိမှာပေါ့။ အူတွေ ထွက်လာရင် ရွံစရာကြီးလေ။
သိပ်လှတဲ့သူလည်း အညစ်အကြေး စွန့်တဲ့အခါကျ နံတာပဲ မဟုတ်ဘူးလား။ ▪️ဒါဖြင့် အဲ့လောက်ကတော့ လူတိုင်း သိတာပေါ့လို့ ထင်ချင်စရာ ရှိတယ်။ ဟုတ်တယ်၊ အလှတွေ မမြဲတာ၊ အိုစာလာမှာ သိတာပဲ။ တစ်နေ့ သေရမယ်ဆိုတာလည်း သိတာပဲ။ အခုပဲ မြိန်ရည်ယှက်ရည် စားလိုက်တာတွေက ဗိုက်ထဲလည်း ရောက်သွားရော၊ ရွံစရာအတိ ဖြစ်ကုန်တယ်ဆိုတာလည်း သိကြတာပဲ။ ဒါပေမဲ့ အဲဒီအသိက ခဏပဲ ခံတယ်။ ဘာလို့ဆိုတော့ သီအိုရီအရ သိနေတာမျိုးကိုး။ ဒါကြောင့် လက်တွေ့အားထုတ်ဖို့ လိုအပ်လာတယ်။ အပြန်ပြန် အထပ်ထပ် ရှူမှတ်ရမယ်။ အစွန်းထင်နေတဲ့ အဝတ်ကို ဖွပ်ရသလိုမျိုး ထပ်ကာ ထပ်ကာ ဆင်ခြင်နေမှ ဒီအသိတွေက ပိုခိုင်လာတယ်။ အဲ့တော့ ဒီသဘာဝတွေကို သိတော့ သိတယ်။ မလေ့ကျင့်တဲ့သူက အဝတ်မှာ အစွန်းထင်နေတာတော့ သိပေမဲ့ မလျှော်ဖွပ်တဲ့သူနဲ့ တူတယ်။ တစ်ခါတလေလောက် လေ့ကျင့်သူကတော့ ၃-၄ ချက်လောက် ပွတ်တိုက်လိုက်တာနဲ့ တူတယ်။ နည်းနည်းတော့ ပြောင်သွားမယ်။ အညစ်အကြေးတွေကတော့ ကျန်တုန်းပဲပေါ့။ ဒါကြောင့် ခုပဲ တရားနာပြီးတယ်။ ပိုင်တံခွန်ပုံလည်း တွေ့ရော၊ လုလုအောင်ပုံလည်း မြင်ရော၊ ခုနက ဆရာတော် ဟောလိုက်တဲ့ အသုဘဆိုတဲ့ အမြင်တွေ ပျောက်သွားပြီး တပ်မက်စိတ်တွေ ဖြစ်လာရော။ ဘာလို့ဆိုတော့ အပြန်ပြန် အထပ်ထပ်မှ မပွတ်ရသေးဘဲကိုး။ ▪️နောက်တစ်ခုကတော့ အနုစိပ်ပြီးတော့ မြင်လာတယ်။ ဝင်လေထွက်လေကို အာရုံစိုက်ထားတယ်။ တဖြည်းဖြည်း ဘာမြင်လာလဲဆိုတော့ လေရှူတယ်။ နှာသီးဖျားနဲ့ ထိတယ်။ ထိမှန်း သိလိုက်တယ်။ ခဏလေးမှာပဲ အဲ့စိတ်က ပျက်သွားတယ်။ လေပြန်ရှူထုတ်တယ်။ နှာသီးဖျားနဲ့ ထိတယ်။ ထိမှန်း သိတယ်။ ခဏအတွင်းမှာပဲ ပျက်ပြန်တယ်။ သူသူကိုယ်ကိုယ် စက္ကန့်မလပ် ရှူနေတာပဲ။ တရားထိုင်နေချိန်ရယ်၊ အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာ ခံစားနေရချိန်ရယ်ကလွဲရင် ရှူလို့ ရှူနေမှန်းတောင် သိကြတာ မဟုတ်ဘူး။ ဝိပဿနာကျ အဲ့လိုစိတ်တွေကို အသေးစိပ်ပြီး မြင်လာစေတယ်။
▪️တရားထိုင်ရင်း ခြေထောက်ကျဉ်တယ်ပဲ ဆိုပါတော့။ ရုတ်တရက်ဆို တစ်ချိန်လုံး ကျဉ်နေတယ် ထင်ရတယ်။ သို့သော် သေချာစူးစိုက်ကြည့်ကြည့်။ ကျဉ်လိုက် ပျောက်လိုက် ဖြစ်နေတာ။ ဒီခြေထောက်တွေရဲ့ အာရုံကြောတွေက ဦးနှောက်ဆီ ပို့လွှတ်နေတယ်။ သူ အဆင်မပြေဘူး၊ သွေးမလျှောက်တော့ဘူး၊ နည်းနည်းလှုပ်ပေးပါ စသဖြင့်ပေါ့လေ။ မက်ဆန်ဂျာနဲ့ စာပို့သလို ဦးနှောက်ဆီ တတောင်တောင်နဲ့ နိုတီတွေ ဝင်နေတာ။ တောင် ဆိုပြီး မြည်လိုက်၊ ပျောက်သွားလိုက်၊ နောက်တစ်ခါ တောင် ဆိုပြီး မြင်လိုက်၊ ပျောက်သွားလိုက်။ အဲဒါကို အနုစိတ်ပြီး ကြည့်နေတာပေါ့။ ဒီအခါ မမြဲခြင်းသဘောကို ပိုမြင်လာတယ်။ ပစ္စည်းဥစ္စာတို့၊ လူပုဂ္ဂိုလ်တို့ကို မမြဲဘူးလို့ မြင်ရတာက ခက်တယ်။ အချိန်အတိုင်းအတာတစ်ခုထိတော့ မြဲနေတာကိုး။ ဥပမာ ဖုန်းဆို သုံးနေတာ ၂ နှစ်ရှိပြီ၊ ဒီပစ္စည်းလေး ဝယ်ထားတာ ဘယ်လောက်ကြာပြီ စသဖြင့်ပေါ့။ လူဆိုလည်း နှစ်တွေကြာလာရင်သာ အိုလာမှန်း သိသာတာလေ။ မနေ့ကနဲ့ ဒီနေ့ ယှဉ်ကြည့်။ အတူတူပဲ ထင်ရတာကိုး။ (အတွင်းထဲက ဆဲလ်တွေကတော့ ပျက်စီးလိုက်၊ အသစ်ပေါ်လိုက် ဖြစ်နေပါတယ်။ မမြင်သာတာကို ပြောတာ။)
အဲ့တော့ မတည်မြဲဘူးလေ ဆိုပြီး ပြောနေကြတာတွေက တကယ်တော့ ပါးစပ်ပြော ပြောနေတာပဲ။ စိတ်က တကယ်သိတာ မဟုတ်ဘူး။ သူများဖြစ်ရင်သာ နှစ်သိမ့်လို့ ကောင်းတယ်။ ကိုယ်လည်း ဖြစ်ရော၊ ပြိုလဲရော။ ဆိုတော့ သိပ်မမြင်သာတာတွေကို ခဏထားပြီး ပိုသိသာတဲ့ စိတ်ရဲ့ ဖြစ်မှုပျက်မှုတွေကို စရှုရင် အနိစ္စသဘောကို ပိုမြင်လာနိုင်တယ်။ အဲ့လို စိတ်ရဲ့ မမြဲခြင်းသဘောနဲ့ စပြီးလေ့ကျင့်ထားရင် လူတွေ ပျက်စီးတဲ့အခါ၊ ဆိုလိုတာက ချစ်ရခင်ရသူတွေ သေဆုံးတဲ့အခါ၊ ရောဂါဘယ ဖြစ်တဲ့အခါ၊ ကိုယ်တိုင် အိုစာလာတဲ့အခါ၊ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးရတဲ့အခါ ခံနိုင်ရည် ရှိလာတယ်။ ▪️နောက်တစ်ခုက ဒုက္ခ။ တကယ်တော့ ရောဂါဖြစ်တဲ့အချိန်၊ ဒါမှမဟုတ် နှိပ်စက်ညှင်းပန်းခံရတဲ့ အချိန်မှသာ ဒုက္ခကို သိတာ။ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်ပေါ့။ အဲဒါ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် အနေအထားကို တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတော့ ခန္ဓာကိုယ်ရဲ့ ဒုက္ခက ပေါ်မလာဘူးလေ။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုပြီး အနေအထား ၄ ခု ရှိတယ်။ ထိုင်ပါများလာရင် ညောင်းလာတော့ မတ်တပ်ထရပ်တယ်။ ရပ်နေရတာ ကြာရင် ထိုင်တယ်။ လမ်းလျှောက်ပါများလို့ ညောင်းလာရင် ထိုင်ချလိုက်တယ်။ လဲလျောင်းရင်လည်း အကြာကြီးဆို ကျောပူလာတယ်။ ဒါကြောင့် အိပ်ရာထဲ လဲနေတဲ့ လူနာတွေဆို ကျောမှာ Bedsores တွေတောင် ရတတ်သေးတယ်မို့လား။ ဆိုတော့ တစ်မျိုးပြီးတစ်မျိုး ပြောင်းပြောင်းပေးနေလို့သာ ဒုက္ခက မသိသာတာ။ အဲဒါကို မပြောင်းဘဲနဲ့ ဆက်တိုက်ထိုင်ပြီး တရားမှတ်ကြည့်တဲ့အခါကျ ဒုက္ခက ပေါ်လာတယ်။ နာရီဝက်လောက်ဆို စလာပြီ။ ခါးညောင်းတာ၊ ခြေထောက်ကျဉ်တာ စသဖြင့်။ ဒီဒုက္ခတွေက တကယ်တမ်း ရောဂါဖြစ်တဲ့အခါ၊ သေရတော့မယ် ဆိုတဲ့အခါ ခံစားရတဲ့ ဒုက္ခနဲ့ မိုးနဲ့မြေလို ကွာတယ်။ ပြောရရင် ဝိပဿနာ တရားအားထုတ်တယ်ဆိုတာ အဲဒီအချိန်အတွက် ပြင်ဆင်နေတာပဲ။ တရားထိုင်ရင်း ခံစားရတဲ့ ခန္ဓာကိုယ်ဒုက္ခတွေကို အမှတ်သတိနဲ့ သိသိနေအောင် ကြိုးစားထားမယ်ဆို တကယ်တမ်း ရောဂါကြီးကြီးမားမား ဖြစ်တဲ့အခါ အတိုင်းအတာတစ်ခုထိ ခံနိုင်ရည် ရှိလာမယ်။ ကိုယ်မှာ နာစေ၊ စိတ်မှာ မနာစေနဲ့ ဆိုတာလိုမျိုး နာကျင်မှုတွေကို သည်းခံလာနိုင်မယ်။ ▪️နောက်ဆုံးတစ်ခုကတော့ အနတ္တ။ ဒါလည်း ပြောတော့သာ လွယ်တာ။ တကယ်တမ်း သဘောပေါက်ဖို့ကျ မလွယ်ဘူး။ တရားထိုင်၊ ဝင်လေထွက်လေမှတ်ရင်း တဖြည်းဖြည်း ဘာကို မြင်လာလဲဆိုတော့ ဒီလေရှူတဲ့ ကိစ္စမှာတောင် ကိုယ်တတ်နိုင်တာ ဘာမှမရှိဘူး ဆိုတာပဲ။ ဖြည်းဖြည်းရှူ၊ မြန်မြန်ရှူ၊ ရှည်ရှည်ရှူ၊ တိုတိုရှူ စသဖြင့် လုပ်လို့ပဲ ရမယ်။ မရှူဘဲ နေလို့မရဘူး။ လေဝင်သွားပြီးရင် အဆုတ်နဲ့ နှလုံးကြား အောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် လဲတာတွေကလည်း သူ့ဟာသူ ဖြစ်နေတာပဲ။ ငါ တတ်နိုင်တာရယ်လို့ သိပ်မရှိပါလား ဆိုတာကို ပိုမြင်လာတယ်။ ဒီတော့ ကိုယ့်ဘဝမှာ ကိုယ့်ကြောင့် မဟုတ်ဘဲ ပြဿနာ ဖြစ်တဲ့အခါ၊ ထိခိုက်နစ်နာရတာတွေ ရှိတဲ့အခါမှာလည်း အနတ္တကို ပြန်သတိရပြီး ဆင်ခြင်နိုင်လာမယ်ပေါ့။ ▪️
ဆရာတော်တွေလို နိဗ္ဗာန်ရောက်ကြောင်း တရားဟောတာ မဟုတ်လို့ လောကီရေးရာနဲ့ပဲ ချိတ်ပြောပြမယ်။ ကျွန်တော်တို့ဘဝမှာ စိတ်ညစ်ရတာ၊ စိတ်ဖိစီးရတာ၊ စိတ်ပင်ပန်းရတာ အားလုံးဟာ အကြောင်းရင်း ၄ ခုထဲကပဲ ဖြစ်ကြတာ များတယ်။ ၁။ ကိုယ်တိုင် နာကျင်ရတာ (ရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ညှင်းပန်းနှိပ်စက်ခံရမှု စသဖြင့်ကြောင့်) ၂။ ကိုယ်ချစ်ရသူတွေနဲ့ ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲကွာရတာ၊ သူတို့နာကျင်နေတာကို မြင်ရတာ ၃။ ပစ္စည်းဥစ္စာ ဆုံးရှုံးတာ ၄။ ကိုယ်ထင်သလို မဖြစ်တာ၊ မထင်တာတွေ ဖြစ်လာတာ (ဥပမာ မထွက်စေချင်တဲ့ ဝက်ခြံထွက်တာကစလို့ အာဏာသိမ်းမှုအလယ် ဆီဈေးတွေ တက်လာတာအဆုံး) ဒီ ၄ ခုထဲက မဟုတ်တဲ့ တခြားအကြောင်းကြောင့်ဆိုတာ မရှိသလောက် ရှားတယ်။ ဆိုတော့ ဒုက္ခက နံပါတ် ၁၊ အနိစ္စက ၂ နဲ့ ၃၊ အနတ္တက ၄ ကို ကျော်လွှားရင်ဆိုင်နိုင်ဖို့ရာ ကူညီပေးလိမ့်မယ်။ ဒါကြောင့် ဝိပဿနာ အားထုတ်သင့်တယ် ပြောရတာ။ ▪️ပြန်ချုပ်ရရင်တော့ သမထက အာရုံစူးစိုက်မှုကို အားကောင်းစေတယ်။ စိတ်အေးချမ်းဖို့တင်မကဘူး၊ ဘဝတိုးတက်ဖို့အတွက်ပါ လိုအပ်တယ်။ ဒါကြောင့်လည်း နိုင်ငံတကာက အောင်မြင်နေတဲ့သူတွေ Meditation လုပ်တယ်ဆိုတာ အဲဒါ။ စိတ်တွေ ပိုကြည်လင်လာတယ်။ ဆုံးဖြတ်ရတာတွေ ရှင်းလင်းလာတယ်။ စိတ်ကို ထိန်းနိုင်လာတယ်။ အာရုံစူးစိုက်မှု အားကောင်းလာတယ်။ သမထက ဝိပဿနာ အားထုတ်ဖို့မှာလည်း လိုအပ်တယ်။ စဉ်းစားကြည့်။ စိတ်က ပျံ့လွင့်နေရင် ခုနကလို နာကျင်ကိုက်ခဲမှုတွေအပေါ် ဘယ်လိုလုပ် အာရုံစူးစိုက်ပြီး ရှုမှတ်နိုင်ပါ့မလဲ။ ဒါကြောင့် ဝိပဿနာ အားမထုတ်ခင် သမာဓိ အရင်တည်ဆောက်ရတယ် ပြောတာ။ ဈာန်တွေ ဘာတွေ ရဖို့ထိ မဟုတ်တောင် စိတ်ကတော့ တည်ငြိမ်နေမှ ဖြစ်မယ်။ ဝိပဿနာရဲ့ ရည်ရွယ်ချက်က အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်လာဖို့ ဖြစ်တယ်။ အဲ့လိုမြင်လာမှ ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းစရာတွေအပေါ် မှန်ကန်စွာ နှလုံးသွင်းနိုင်လာမယ်။ ခံနိုင်ရည် ရှိလာမယ်။ နောက်ဆုံး နိဗ္ဗာန်ထိပါ ရောက်နိုင်တယ်ပေါ့။ ▪️ဒါကြောင့် အရင်ဆုံးအနေနဲ့ သမထကို လေ့ကျင့်ပါ။ ကိုယ်နဲ့ ကိုက်တဲ့ နည်းလမ်းတစ်ခုခုကို ရွေးပြီး တရားထိုင်ပါ။ နောက်ဆုံး Meditation music လေး ဖွင့်ပြီး အဲ့အသံမှာ အာရုံစိုက်ထားလို့တောင် ရတယ်။ တရားထိုင်ဖို့ ဒီနေ့ခေတ်လောက် လွယ်တာ ဒီနေ့ခေတ်ပဲ ရှိတယ်။ ခုလို မီးပျက်နေချိန် အကျိုးရှိအောင် အသုံးချပြီး တရားထိုင်ကြည့်။ စိတ်တွေ ကြည်လင်လာတဲ့ လက်တွေ့အကျိုး ရတဲ့အခါ မထိုင်ပါနဲ့ တားတောင် မရတော့ဘူး ဖြစ်လာလိမ့်မယ်။ အဲ့ကနေမှ တရားတွေလည်း နာနိုင်တယ်ဆို နာယူပြီး ဝိပဿနာပါ အားထုတ်ကြည့်။ ဘဝမှာ ကြုံတွေ့ရသမျှ အဆင်မပြေမှု၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာလိမ့်မယ်။ အဲဒါက Motivation လို ခဏတဖြုတ် ကြွတက်သွားတာမျိုး၊ တောက်လောင်နေတာမျိုး မဟုတ်ဘဲ တည်ငြိမ်စွာနဲ့ အားကောင်းနေတာမျိုး၊ ပျော့ပျောင်းစွာနဲ့ သန်မာနေတာမျိုး၊ ငြိမ်းအေးရင်းနဲ့ ရဲရင့်နေတာမျိုး ဖြစ်ပါတယ်။ ဒေါက်တာ ဖြိုးသီဟ