ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘ၀က ဘုရားကို ပြစ်မှားပြောဆိုမိ၍ ရေမျှောခံရသည်-ဟု ဆိုပါသည်၊ ထိုပြစ်မှားမှုကို ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်ဟုလည်း ဆိုပါသည်၊ သို့ပါလျက် ခုနစ်ဘ၀တိုင် ရေမျှောခံရသည်မှာ ကန်တော့လျက် မကြေ၊ မပြေ ဖြစ်ခြင်းပါလားဘုရား၊ ကန်တော့ရာ၌ စိုသောအ၀တ်ဆံပင်တို့ဖြင့် ကန်တော့သည်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်းဘုရား၊
ထို့ပြင် ယခုခေတ်၌ မိဘဆရာသမားတို့အား ပြစ်မှားမိက ဓာတ်ပုံများကို ကန်တော့ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသလားဘုရား။
( မာလာ-ရန်ကုန် )


( ဖြေ )
ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘ၀က ကဿပမြတ်စွာဘုရား ဓာတ်တော်စေတီတည်ရာ၌ ဇနီးနှင့်စိတ်ဆိုးခိုက် အလှူခံလာသော ရဟန္တာမြတ်အား သည်ဘုရားကို ရေမှာသာ မျှောပစ်လိုက်ပါ-ဟု ၀စီကံဖြင့် ပြစ်မှားပြောဆိုမိသည်၊ ထိုအတွက် သတိရ၍ ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်။ ကန်တော့၍ အပါယ်ဒုဂ္ဂတိဘေးမှ လွတ်ကင်းရလေသည်၊ သို့သော် မြွက်မိသော ၀စီကံပြစ်မှုကြောင့် ခုနစ်ဘ၀တိုင်အောင် မွေးစ၌ ရေမျှောခံရသည်။

ကန်တော့ရာ၌ စိုသောအ၀တ်၊ စိုသော ဆံပင်တို့ဖြင့် ကန်တော့သည်ဆိုရာ၌ တန်းတူအနေဖြင့် မဟုတ်ဘဲ အလွန်နိမ့်ချသော နိဝါတတရားကို သရုပ်ဖော်၍ ကန်တော့ခြင်းမျိုး ဖြစ်ကြောင်း မှတ်သားရဖူးပါသည်။

မိဘဆရာသမားတို့အား ပြစ်မှားမိလျှင် သက်ရှိထင်ရှားရှိက မိဘ ဆရာသမားတို့အား သွားရောက်ရှိခိုး၍ မိမိပြုမိ၊ ပြောမိသည်တို့ကို ကျေနပ်ရန် နှုတ်မြွက်ခွင့်ပန် ကန်တော့ရမည်ဖြစ်ပြီး သက်ရှိထင်ရှား မရှိတော့က မြေပုံ သင်္ချိုင်း အရိုးဂူစသည်တို့၌ ကန်တော့ရမည်ဖြစ်ကြောင်း ဆိုပါသည်၊ ခေတ်အားလျော်စွာ ဆရာမိဘ ဓာတ်ပုံတို့ကို ကန်တော့ခြင်းမှာလည်း အပြစ်ကင်းစင်ကြောင်း ကောင်းသောအပြုအမူပင် ဖြစ်ပါသည်။