ဆရာတော်ဘုရား၊ တပည့်တော်မတို့ ဗုဒ္ဓဘာသာအိမ်များတွင် ဘုရားစင်ကို အိမ်၏အရှေ့အရပ်၊ တောင်အရပ်တို့တွင် အများဆုံးထား၍ ကိုးကွယ်ကြပါသည်ဘုရား၊ သို့သော်လည်း တပည့်တော်များတို့ နေသောနေရာမှာ အိမ်အချို့သည် ဘုရားစင်ကို မြောက်အရပ်၊ အနောက်အရပ်တို့တွင် ထား၍ ကိုးကွယ်နေကြပါသည်ဘုရား၊
(၁) ဤသို့ ဘုရားစင်ကို မည်သည့်အရပ်တွင်မဆို ထား၍ ကိုးကွယ်နိုင်ပါသလားဘုရား၊
(၂) မည်သည့်အရပ်တွင်ထား၍ ကိုးကွယ်သင့်ပါသလဲဘုရား
ပြန်လည်ရှင်းလင်းဖြေကြားပေးစေလိုပါသည် ဘုရား။
( သရဖီ-သုဝဏ္ဏမြို့ )


( ဖြေ )
ထိုအခါမြတ်စွာဘုရားသည် ခြေဆေး၍ မင်းကွန်း (လွှတ်ရုံးအဆောက်အအုံ) သို့ ၀င်ပြီးလျှင် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏၊ ပါဝါပြည်သား မလ္လာမင်းတို့သည်လည်း ခြေဆေးကုန်၍ မင်းကွန်းသို့ ၀င်ကုန်ပြီးသော် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်ကြကုန်၏။
(ပါထိက-မြန်မာပြန်၊ သင်္ဂီတိသုတ်-၁၆၉)

ဖော်ပြပါ ကောက်နုတ်ချက်မှာ ပါဠိတော်လာ မြတ်စွာဘုရားနှင့် မလ္လာမင်းတို့ ထိုင်ပုံကိုပြ၏၊ မြတ်စွာဘုရားက အနောက်ဘက်က လူပုဂ္ဂိုလ်များက အရှေ့ဘက်က နေပုံဖြစ်၏၊
ထို့အတူ မြတ်စွာဘုရား ပွင့်တော်မူသည်မှာလည်း ဗောဓိပင်ကိုမှီလျက် အရှေ့(ယွန်းယွန်း)သို့ မျက်နှာမူ၍ ပွင့်တော်မူ၏၊ ပရိသတ်များက အရှေ့ဘက်မှ အနောက်ဘက် ဘုရားရှိရာသို့ မျက်နှာမူကြရကုန်၏၊

ဆိုလိုသည်မှာ အရပ်မျက်နှာသည် ပဓာနမဟုတ်၊ မြတ်စွာဘုရားရှိရာသည်သာ အထွတ်အမြတ် ပဓာနဖြစ်၏၊ အိမ်မှာလည်း အထွတ်အမြတ် အသင့်လျော်ဆုံးနေရာ ဘုရားဆောင် ဘုရားခန်းထား၍ ယင်းဘုရားရှိရာကိုပင် အထွတ်အမြတ် ပြုထိုက်ပါသည်။
မည်သည့်အရပ်ဟူ၍ မဆိုသာပါ၊ သင့်လျော်သလိုပင် ထားနိုင်ပါသည်၊ ရန်ကုန်မြို့တွင် အနောက်ဘက်၊ မြောက်ဘက်တို့၌ ဘုရားထားသော ကျောင်း၊ တန်ဆောင်း၊ ဓမ္မာရုံများ များစွာပင် ရှိနေကြပါသည်။