ဇိနတ္ထပကာသနီကျမ်း စာမျက်နှာ ၁၀၈-မှာ ဘုရားရှင်က ဥရုဝေလကဿပ ညီနောင်သုံးဦး (ရသေ့တထောင်) ကို ချေချွတ်တော်မူရာမှာ တန်ခိုးပြာဋိဟာပေါင်း (၁၅၀၆) ပါး ရှိသတည်းလို့ မိန့်ဆိုပါသည်၊
တခါ တိပိဋက ယော ဆရာတော်၏ ဟောစဉ်တရားများ ပထမတွဲ စာမျက်နှာ ၃၈၅-မှာ ( ၃၅၁၆ )ပါး ပြာဋိဟာ ပြတော်မူရတယ်လို့ ပါပါသည်၊
၎င်းစာအုပ် စာမျက်နှာ ၄၂၉-မှာ ( ၁၆၁၆) မျိုး ပြာဋိဟာ ပြတော်မူတယ်လို့ ဆိုပြန်ပါသည်။
၎င်းသုံးမျိုးမှာ ဘယ်ဟာက မှန်သည်ဆိုတာကို သိလိုပါသည်၊ ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။
( ဦးသူရိယ-ကုံစည်ကျောင်း၊ ကောင်းဘို့ရွာ-ရပ်စောက်မြို့နယ် )
( ဖြေ )
၎င်းနှင့်စပ်၍ မဟာဗုဒ္ဓ၀င် ( ဒု-တွဲ ၅၇၇ ) တွင်
ဤနည်းဖြင့် ဥရုဝေလ တောအုပ်အတွင်း၌ ကဿပညီနောင် ရသေ့တထောင်တို့အား ချေချွတ်ရန် မြတ်စွာဘုရား ဖန်ဆင်းတော်မူအပ်သော တန်ခိုးပြာဋိဟာတို့မှာ ပါဠိတော်၌ တိုက်ရိုက်ဖော်ပြအပ်သည်တို့ကား ၁၆-ပါး၊ တိုက်ရိုက်မဖော်ပြအပ်သည်တို့ကား ၃၅၀၀၊ နှစ်ရပ်ပေါင်း ( ၃၅၁၆ ) ပါးတို့ ဖြစ်ကုန်၏-ဟု ဆိုပါသည်။
ထိုနည်းတူ မာလာလင်္ကာရ (ဗုဒ္ဓ၀င်) ၀တ္ထုတော်ကြီး (၁၀၃) ၌
ဘုရားသခင် အဓိဋ္ဌာန်တော်ကြောင့် ငါးရာသော ထင်းတို့သည် မကွဲနိုင်ကုန်။
ငါးရာသော ထင်းတို့သည် ကွဲနိုင်ပြန်ကုန်၏။
ငါးရာသော မီးတို့သည် မတောက်နိုင်ကုန်။
ငါးရာသော မီးတို့သည် တောက်နိုင်ပြန်ကုန်သည်။
ငါးရာသော မီးတို့သည် မငြိမ်းနိုင်ကုန်။
ငါးရာသော မီးတို့သည် ငြိမ်းနိုင်ပြန်ကုန်သည်။
ငါးရာသော မီးမယ်ဖျူတို့ကို ဖန်ဆင်းတော်မူသည်။
ဤနည်းဖြင့် ၃၅၀၀-ကုန်သော ပြာဋိဟာသည် ဖြစ်ကုန်၏။
နဂါးကို ဆုံးမသည်မစ၍ှ ၁၆-ပါးသော ပြာဋိဟာကိုကား ဤ၌ မဆို။
ထိုပြာဋိဟာနှင့် တကွသော်ကား ၃၅၁၆-ပါးတည်းဟု ဆိုသည်။
ထို့ကြောင့် ၃၅၁၆-ပါးဟု ဆိုသောစကားရပ် မှန်ပါသည်။